ကော့မှူ းမြို့နယ်၊ ရေကျော်(ဆူးကလပ်) ကျေးလက်ကျန်းမာရေးဌာနခွဲ။ ဓာတ်ပုံ -အောင်ဖေကြည်စိုး/မော်ကွန်းမဂ္ဂဇင်း
ကဲဆန်ကားလန်ကျေးရွာလေး သည် သန်းခေါင်ယံအချိန်တွင် တိတ်ဆိတ်ငြိမ်သက်စွာ အိပ် မောကျလျက်ရှိသည်။ထိုအချိန် ရွာထဲရှိ အိမ်တစ်အိမ်မှ စူးစူးဝါး ဝါးငိုသံများ ထွက်ပေါ်လာသည်။ အသက်ဝိညာဉ်မဲ့သွားသော သမီးဖြစ်သူ၏ ခန္ဓာကိုယ်ကို သူ၏ဖခင် ဦးဘန်မွေးက ပွေ့ဖက်ရင်း ဘေးတွင် မိသားစုများ က ဝန်းရံငိုကြွေးလျက်။
သေဆုံးသွားသော နှစ်နှစ်သမီး မလေးဘန်မှာ သားသမီးခြောက်ယောက် ရှိသည့် ဦးဘန်မွေးတို့လင်မယား၏ တစ် ဦးတည်းသော သမီးမိန်းကလေးဖြစ်သော ကြောင့် ချစ်၍ပင် မဝသေး။ မလေးဘန်မှာ ပြီးခဲ့သည့် သြဂုတ်လဆန်းမှစတင်ကာ အမျိုးအမည်မသိခဲ့ရသော ကူးစက်ရောဂါ တစ်မျိုး ကူးစက်ခံရကာ စတင်ဖျားနာခဲ့ပြီး သုံးပတ်ကျော်အကြာတွင် သေဆုံးသွား ခဲ့ရခြင်းဖြစ်သည်။
သမီးငယ်မသေဆုံးမီ ‘ဖေဖေ၊ ဖေဖေ’ဟူသော နောက်ဆုံး ညည်းတွား ရေရွတ်သံကို ဦးဘန်မွေးတစ်ယောက် ယနေ့ထိ ကြားယောင်နေဆဲပင်။ အသက် ၄၅ နှစ်အရွယ် ဦးဘန်မွေးသည် သူ့သမီး မလေးဘန်အကြောင်းကို စကားပြန်မှ တစ်ဆင့် ပြန်ပြောပြနေစဉ် သမီးငယ် ပုံ မှန်ဆော့ကစားလေ့ရှိသည့် အိမ်ရှေ့ကွပ် ပျစ်ကို စိုက်ကြည့်ကာ မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာသည်။
ဦးဘန်မွေးနေထိုင်သည့် စစ်ကိုင်း တိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်းရှိ လူဦးရေခုနစ်ရာကျော်နေထိုင်သော ကဲ ဆန်ကားလန်ကျေးရွာတွင် ကျန်းမာရေး ဝန်ထမ်းတစ်ဦးမျှ မရှိ။ သမီးငယ် ပြန်လည် သက်သာလာစေရန် ရပ်မိရပ်ဖများ အကြံ ပြုသည့် ဆေးမြီးတိုများနှင့် ဦးဘန်မွေး ကုသသည်။ ရွာရှိ ဘုရားကျောင်းသို့သွား၍ တရားဟောဆရာနှင့်တွေ့ကာ နေ့စဉ်ပုံ မှန်ဆုတောင်းခဲ့သည်။ သို့သော် သက်သာ မလာခဲ့။
တစ်ကိုယ်ရေသန့်ရှင်းမှုရှိစေရန် ကဲဆန်ကားလန်ရွာရှိ ကလေးငယ်များကို လက်သည်းညှပ်ပေးနေစဉ်။ ဓာတ်ပုံ – အောင်ဖေကြည်စိုး/မော်ကွန်းမဂ္ဂဇင်း
သူတို့နေထိုင်သည့် နန်းယွန်းမြို့ နယ်တွင် မြို့နယ်ဆေးရုံတစ်ခုရှိသည်။ နန်းယွန်းနှင့်ကပ်လျက် ဒုံဟီးမြို့နယ်တွင် လည်း မြို့နယ်ဆေးရုံတစ်ခုရှိသည်။ သို့ သော် ထိုဆေးရုံများမှာ လမ်းပန်းဆက် သွယ်ရေး ခက်ခဲသောကြောင့် အများစုမှာ မိုင် ၄ဝ ခန့် ဝေးသည့် လဟယ်မြို့နယ်ဆေးရုံ သို့သာ သွားကြသည်။ လဟယ်သို့ သွား မည်ဆိုလျှင်ပင် လမ်းမှာ ကျဉ်းမြောင်းပြီး အချို့ နေရာများတွင် ကျင်းချိုင့်များနှင့် တောင်တက်တောင်ဆင်းလမ်းများဖြစ် သောကြောင့် ရာသီဥတုကောင်းချိန်တွင် ပင် ဆိုင်ကယ်ဖြင့် အနည်းဆုံးငါးနာရီခန့် သွားရသည်။ မိုးရာသီဆိုလျှင် မနက်သွား လျှင် ညနေမှရောက်သည်။
ထိုသို့အခက်အခဲများကြောင့်လည်း ကောင်း ဦးဘန်မွေးအနေဖြင့် တရား ဟောဆရာများနှင့် ဆုတောင်း၍ ပျောက် ကင်းနိုင်သည်ဟု ယူဆသောကြောင့် လည်းကောင်း မသွားဖြစ်ခဲ့။
ရွာထဲတွင် ရိုးရာနည်းဖြင့်သာ ကုသ နေရာမှ တစ်ပတ်ပြည့်သည့်အခါ သမီးငယ် အခြေအနေက တစ်နေ့တခြား ပိုပိုဆိုးလာ သည်။ ချောင်းဆိုးသည့်အခါ သွေးပါလာ သည်။ အစားအသောက်ကျွေးပါက ပြန် အန်ထွက်သည်။ ဤသို့ဖြင့် ရောဂါကူးစက် ပြီး သုံးပတ်ကျော်အကြာ ညသန်းခေါင်ယံ အချိန်မှာတော့ မလေးဘန်သည် မိသားစု အား အပြီးတိုင် စွန့်ခွာသွားခဲ့တော့သည်။
”အဲဒီတုန်းက ရွာမှာသာ အခုလို ကျန်းမာရေးဝန်ထမ်းတွေ ရှိနေမယ်ဆို ရင်”ဟု ပြောနေသော ဦးဘန်မွေး၏အသံ မှာ တိမ်ဝင်သွားသည်။ ပြီးနောက် ပါးပြင် ပေါ်သို့လိမ့်ဆင်းလာသည့် မျက်ရည်စ အချို့ကို လက်ဖဖိုးနှင့်သုတ်လိုက်ရင်း ယခုလို ဆက်ပြောသည်။
”ကျွန်တော့်သမီးလေး အသက်ဆုံး ရှုံးခဲ့မှာ မဟုတ်ဘူး”
မလေးဘန်ကဲ့သို့ အမျိုးအမည် မတပ်နိုင်သည့် ကူးစက်ရောဂါကြောင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယခုနှစ် ဇွန်လဆန်းမှ စက်တင်ဘာလဆန်းအထိ မွေးကင်းစမှ အသက် ၉ဝ အရွယ်ကြား လူ ၈၅ ဦး သေဆုံးခဲ့သည်။ ထိုဖြစ်စဉ်က မြန် မာနိုင်ငံရှိ ဝေးလံခေါင်ဖျားသည့် ဒေသများ နှင့် ကျေးလက်ဒေသများတွင် အခြေခံ ကျန်းမာရေးဝန်ထမ်းများ လုံလောက်မှုမရှိ ခြင်းကို မီးမောင်းထိုးပြလျက်ရှိသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျန်းမာရေးလုပ်သား အကြီးအကျယ် ပြတ်လပ်မှုနှင့် ကြုံနေရသည့် နိုင်ငံပေါင်း ၅၇ နိုင်ငံတွင် ပါဝင်နေသည်ဟု ကမ္ဘာ့ကျန်း မာရေးအဖွဲ့အစည်း (World Health Organization – WHO) မှ ၂ဝ၁၄ က ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်သာမက ဖွံ့ဖြိုးပြီး နိုင်ငံများရှိ ကျေးလက်ဒေသများတွင်ပါ အရည်အချင်းပြည့်ဝသော ကျန်းမာရေး လုပ်သား ရှားပါးပြတ်လပ်မှုနှင့် ရင်ဆိုင် နေရသည်ဟု ဆိုထားပါသည်။
ကမ္ဘာ့လူဦးရေ၏ထက်ဝက်ကျော် သည် ကျေးလက်ဒေသများတွင်နေထိုင် ကြသော်လည်း သူနာပြုဆရာမအားလုံး ၏ ၃၈ ရာခိုင်နှုန်းသာ ကျေးလက်ဒေသ များတွင် တာဝန်ထမ်းဆောင်နေသည်ဟု WHO ကထုတ်ပြန်ထားသည်။
WHO ၏ သတ်မှတ်ထားသော စံချိန်စံညွှန်းများအရ လူဦးရေတစ်ထောင် တွင် ကျန်းမာရေးဝန်ထမ်း (ဆရာဝန်၊ သူနာပြု၊ ဝမ်းဆွဲဆရာမ) အနည်းဆုံး ၂ ဒသမ ၂၈ ဦးရှိရမည်ဟု သတ်မှတ်ထား သော်လည်း မြန်မာနိုင်ငံတွင် ၁ ဒသမ ၄၉ ဦးသာ ရှိသည်။
ကဲဆန်ကားလန်ရွာရှိ ငါးနှစ်အောက် ကလေးများအား အာဟာရပြည့်ဝမှု ရှိ၊ မရှိ ပေါင်ချိန်ပေးနေစဉ်။ ဓာတ်ပုံ – အောင်ဖေကြည်စိုး/မော်ကွန်းမဂ္ဂဇင်း
ကျန်းမာရေးလုပ်သား ပြတ်လပ်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှစ်ခုသည် ပြည်သူ နှင့် အထိတွေ့ရဆုံးဌာနများ ဖြစ်သည်။ အခြေခံကျန်းမာရေးဝန်ထမ်းများမှာ ပြည် သူ့ကျန်းမာရေးဦးစီးဌာနအောက်တွင်ရှိပြီး မြို့နယ်ဆရာဝန်အဆင့်မှ သားဖွားနှင့် သူ နာပြုအဆင့်အထိ ကျန်းမာရေးဝန်ထမ်း များကို ဆိုလိုသည်။
ထိုဝန်ထမ်းများမှာ ကျေးလက် ဒေသများတွင် အခြေခံ ကျန်းမာရေးစောင့် ရှောက်မှုအတွက် အဓိကတာဝန်ထမ်း ဆောင်ရသည်။ ထိုမှတစ်ဆင့် တိုက်နယ်၊ မြို့နယ်အဆင့် ကျန်းမာရေးဝန်ထမ်းများ ရှိသည်။
အခြေခံကျန်းမာရေးဝန်ထမ်းများ တွင် မြို့နယ်ဆရာဝန်အဆင့်မှစ၍ အကျုံး ဝင်သည်ဆိုသော်လည်း ဆရာဝန်အများစု မှာ ကျေးလက်ဒေသများသို့ သွားရောက်တာဝန်မထမ်းဆောင်ကြသောကြောင့် သူနာပြုများမှာ ကျေးလက်အတွက် အဓိကအရေးပါသည့် ကျန်းမာရေးလုပ် သားများဖြစ်လာသည်။
ကျေးလက်ဒေသတွင် တာဝန်ထမ်း ဆောင်ခြင်းဖြင့် အရည်သွေးတိုးတက်လာ ခြင်းမရှိဟု ယူဆသောကြောင့် ကျေး လက်တွင် တာဝန်ထမ်းဆောင်လိုသည့် ဆရာဝန်နည်းပါးရခြင်းဖြစ်ကြောင်း ယခင်ကျန်းမာရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသောညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။
ဆရာဝန်များကို တာဝန်ချထားပေး မည်ဆိုလျှင်လည်း ၎င်းတို့လုပ်ကိုင်နိုင် မည့် ပတ်ဝန်းကျင်ဖန်တီးပေးရန် လိုသည် ဟု ၎င်းကဆိုသည်။ ဥပမာအားဖြင့် ဖွဲ့ စည်းပုံအတိုင်းလိုအပ်သည့် ဝန်ထမ်းအင် အား၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ များကို ဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့ ပေးရန်လိုအပ်သည်။ ၎င်းအထောက်အပံ့ များမရှိသောအခါ ဆရာဝန်များအနေဖြင့် လည်း တာဝန်ထမ်းဆောင်ရန် အခက် အခဲရှိကြသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ကျေး လက်ကျန်းမာရေးဌာနများနှင့်ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သားဖွားဆရာမအရေအတွက် တစ် သောင်းနှစ်ထောင်ကျော်နှင့် ကျန်းမာရေး ကြီးကြပ်အဆင့် (၂) အရေအတွက် စုစု ပေါင်းမှာ ရှစ်ထောင်ခန့်ရှိပြီး စုစုပေါင်း ကျေးလက်ကျန်းမာရေးဝန်ထမ်းများမှာ နှစ်သောင်းကျော်ရှိသည်။ ၂ဝ၁၄ သန်း ခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် ကျေး ရွာပေါင်း ခြောက်သောင်းလေးထောင် ကျော်ရှိရာ ကျေးရွာသုံးရွာတွင် ကျန်းမာ ရေးလုပ်သား တစ်ဦးသာရှိသည့်သဘော ဖြစ်သည်။
၂ဝ၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော် နေထိုင်ပြီး ယင်းလူဦးရေ၏ ၇ဝ ရာခိုင်နှုန်း ခန့်မှာ ကျေးလက်နေပြည်သူများဖြစ်ပြီး ကျန်းမာရေးဗဟုသုတနည်းပါးခြင်း၊ ဆေး မြီးတိုများဖြင့် ကုသနေခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဆေးရုံနှင့် ဆေးခန်းများသို့ အချိန်မီမရောက်ရှိကြ သဖြင့့် အသက်ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နေ လျက်ရှိကြောင်း ကျန်းမာရေးဝန်ထမ်း များက ပြောကြသည်။
လူဦးရေနှစ်သိန်းခန့်ရှိသည့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ လဟယ်၊ ထန်ပါခွေ၊ လေရှီး၊ မိုပိုင်းလွတ်၊ ဆွမ္မရာ၊ နန်းယွန်း၊ ပန်ဆောင်နှင့် ဒုံဟီး ရှစ်မြို့နယ် တွင် တာဝန်ထမ်းဆောင်ရမည့် ကျန်းမာ ရေးဝန်ထမ်းသည် ၄၉၁ ဦး ဟု ခွဲဝေသတ် မှတ်သော်လည်း လက်ရှိ အမှန်တကယ် တွင် ၁၆၇ ဦးသာရှိကြောင်း ဒေသဦးစီး အဖွဲ့၏ ဌာနဆိုင်ရာဝန်ထမ်းအင်အား စာရင်းချုပ်အရ သိရသည်။ ဆိုရလျှင် လူ ဦးရေ ၁,၂ဝဝ ခန့်ကို ကျန်းမာရေးဝန်ထမ်း တစ်ဦးနှုန်းဖြင့် တာဝန်ထမ်းဆောင်နေရ ခြင်းဖြစ်သည်။
ထို့ကြောင့်ပင် ကဲဆန်ကားလန် ကျေးရွာတွင် မလေးဘန် မသေဆုံးမီ ဇွန် ၂၃ မှစတင်ကာ သုံးနှစ်အောက် ကလေး ငယ်ရှစ်ဦးနှင့် အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦး စနစ်ကျသည့် ဆေး ကုသမှု မခံယူခဲ့ရဘဲ ကူးစက်ရောဂါဖြင့် သေဆုံးခဲ့သည်။ မလေးဘန်သေဆုံးပြီး တစ်ပတ်အတွင်း ကလေးငယ် သုံးဦးနှင့် အသက် ၉ဝ အရွယ် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့သည်။
ထိုရွာအပြင် လဟယ်မြို့နယ်ရှိ ထန် ခေါ်လာမား၊ ယမ်းကြုံး၊ ထန်ခေါ်နောက် ကုန်းကျေးရွာနှင့် နန်းယွန်းမြို့နယ်ရှိ ကဲဆန်ဆာလန်၊ ရှိတ်ညို၊ ပွန်ရှိန်း၊ ကဲဆန် ဘောက်လွန်းရွာများတွင်လည်း ကူးစက် ရောဂါကြောင့် လူများသေဆုံးခဲ့သည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် ဇွန် ၆ ရက် မှ စက်တင်ဘာ ၂ ရက် အထိ ကပ်ရောဂါအသွင်ဖြစ်ပွားခဲ့သော ဝက်သက်ရောဂါနှင့် ကူးစက်ရောဂါများ ကြောင့် နန်းယွန်းမြို့နယ်၌ ၅၇ ဦး၊ လဟယ်မြို့နယ်၌ ၂၈ ဦး၊ စုစုပေါင်း သေ ဆုံးသူ ၈၅ ဦးအထိ ရှိသည်ဟု နာဂအမျိုး သားရေးရာကောင်စီက ထုတ်ပြန်ခဲ့သော် လည်း လဟယ်မြို့၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့အနေဖြင့် သေဆုံးသူ ၅၄ ဦးသာရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ကျန်းမာရေးမူဝါဒနှင့် စီမံခန့်ခွဲမှုဌာန)တွင် ယခင် ပါမောက္ခဌာနမှူးအဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်၊ လက်ရှိ ဂုဏ်ထူးဆောင်ပါမောက္ခလည်းဖြစ်သူ ဒေါက်တာဆွေဝင်းက ”တချို့ ဝေးလံ ခေါင်ဖျား ကျေးလက်ဒေသတွေမှာ ကျန်း မာရေးဝန်ထမ်းတစ်ဦးက လူဦးရေနှစ် သောင်းကျော်အထိ တာဝန်ယူနေရတာ”ဟု သူတာဝန်ကျခဲ့ဖူးသော ဒေသများတွင် ကြုံခဲ့ရသည်များကို ပြန်ပြောပြပါသည်။
နိုင်ငံတစ်နိုင်ငံ၌ အခြေခံကျန်းမာ ရေးဝန်ထမ်းလုံလောက်မှုမရှိလျှင် ယင်း နိုင်ငံ၏ နှစ်နှစ်အောက်ကလေးသေဆုံးမှု နှုန်း၊ ငါးနှစ်အောက်ကလေးသေဆုံးမှုနှုန်း၊ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်းမြင့် တက်ခြင်းနှင့် ကူးစက်ရောဂါများကို မထိန်းချုပ်နိုင်ခြင်းတို့ ဖြစ်ပေါ်တတ်ပြီး နိုင်ငံတကာတွင်လည်း အဆိုပါသတ်မှတ် ချက်နှုန်းများဖြင့် ကျန်းမာရေးစနစ်ကို အဓိကတိုင်းတာကြသည်ဟု မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ဗဟို) အတွင်း ရေးမှူး ဦးအောင်ခင်က ရှင်းပြသည်။
”အခြေခံကျန်းမာရေးဝန်ထမ်း တွေကို လုံလောက်ဖို့က ပြည်သူ့ကျန်းမာ ရေးဖွဲ့စည်းပုံကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းဖို့ လိုအပ်သလို နောက်တစ်ခုကတော့ ထုံးစံ အတိုင်း ခွင့်ပြုငွေဘတ်ဂျက်ကိုရောက် သွားတာပေါ့၊ ဘတ်ဂျက်မရှိဘဲ ဆွဲလို့မရပါ ဘူး”ဟု သူက ဆိုသည်။
အလုပ်မပေးနိုင်သည့် ကျေးလက်ကျန်းမာရေး
မြန်မာနိုင်ငံတွင် ကျေးလက်ကျန်း မာရေးဝန်ထမ်းစာရင်းဝင် သားဖွားဆရာမ များကို မွေးထုတ်ပေးနေသည့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၂ဝ ရှိသည်။ ပြီးခဲ့သည့်နှစ်က နှစ်ကျောင်းထပ်ဖွင့် ထားသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးသူများအနေဖြင့် သားဖွား သင်တန်းဝင်ခွင့်စာမေးပွဲဖြေဆိုနိုင်သည်။ ဖြေဆိုအောင်မြင်ပြီးလျှင် သင်တန်းနှစ်နှစ် တက်ပြီး အလုပ် ဝင်ရန် စောင့်ဆိုင်းရသည်။
စောင့်ဆိုင်းနေစဉ် လိုအပ်သည့်နေ ရာများတွင်ဝန်ထမ်းခန့်အပ်နိုင်ရေးကို လစ်လပ်နေရာများပေါ်တွင်သာမူတည်၍ စိစစ်ဆောင်ရွက်နေရသောကြောင့် သင် တန်းတက်ရောက်ပြီးသူ သားဖွားဆရာမ များအနေဖြင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနတွင် တာဝန်ထမ်းဆောင်ရန် အနည်း ဆုံးခြောက်လမှ နှစ်ချီကာစောင့်ဆိုင်းရ ခြင်းများ ရှိနေသည်။
”ရာထူးတွေအတွက် ခွင့်ပြုထားတဲ့ ဌာနတွေ ဘယ်လောက်ရှိသလဲ၊ အဲဒီဌာန တွေမှာ လစ်လပ်ရာထူးတွေ ဘယ်လောက် အထိရှိလဲဆိုတဲ့ လစ်လပ်အခြေအနေပေါ် မူတည်ပြီး ခန့်ပါတယ်”ဟု ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသူဇာချစ်တင်က မော်ကွန်းကို ဝန်ထမ်းအသစ်ခန့်အပ်မှုနှင့်ပတ်သက်ပြီး ရှင်းပြသည်။
လိုအပ်မှုအရ ဝန်ထမ်းများခန့်အပ် မည်ဆိုပါက နိုင်ငံတော်ဘတ်ဂျက်ဖြင့် ခွင့် ပြုနိုင်ရေးအတွက် ရသုံးမှန်းခြေစာရင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တင်ပြရပြီး ခွင့်ပြုချက်ရမှသာ ဆောင်ရွက် နိုင်သည်ဟု ၎င်းက ဆိုသည်။
တစ်ဖက်တွင်လည်း စောင့်ဆိုင်းရ သည့် အခြေအနေများကြောင့် သူနာပြု ဆရာမအများစုမှာ ကျေးလက်ကျန်းမာ ရေးစနစ်ထဲ ရောက်ရှိမလာတော့ဘဲ ပြည်ပ သို့ ထွက်ခြင်းနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေး ခန်းများတွင် တာဝန်ထမ်းဆောင်မှုများ ရှိလာသည်။
ထို့ကြောင့် သင်တန်းသားများအား ဒီပလိုမာရရှိရန် နှစ်နှစ်တာကာလအတွင်း ကျောင်းစည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ တက်ရောက်ရမည့်အပြင် သင်တန်းပြီးပါက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနတွင် သုံးနှစ်မဖြစ်မနေတာဝန်ထမ်း ဆောင်ရမည်ဟု သတ်မှတ်ထားပြီး တာ ဝန်မထမ်းဆောင်နိုင်ပါက ပညာသင် လျော်ကြေး ကျပ်သုံးသိန်းပေးဆောင်ရန် သတ်မှတ်ထားသည်။
ထိုနှုန်းထားကို ထပ်တိုးပြီး ပြန် လည်ပြင်ဆင်သတ်မှတ်ရန်အစီအစဉ်ရှိ ကြောင်း ဆေးဘက်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စီမံ ခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။
ဆေးဘက်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံ ခန့်ခွဲရေးဦးစီးဌာနက ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ဌေးဌေးလိူင်(သူနာပြု) က ”ခေတ်စနစ်အရ ပညာသင်ထောက်ပံ့ကြေးတွေ စားခဲ့တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတော်ရဲ့တာဝန်ကို ထမ်းကိုထမ်းရပါ မယ်။ သုံးနှစ်တာဝန်ထမ်းရပါမယ်။ မထမ်း ဆောင်နိုင်ရင် ပညာသင်လျော်ကြေး ပေး ရပါမယ်”ဟုရှင်းပြသည်။
သို့သော် တာဝန်ထမ်းဆောင်ရန် စောင့်ဆိုင်းနေသော်လည်း သက်ဆိုင်ရာ ဌာနမှ တာဝန်မပေးနိုင်သည့်အတွက် ပြည်တွင်းပြည်ပ ပုဂ္ဂလိကဆေးခန်းများ တွင် သွားရောက်လုပ်ကိုင်ရခြင်းဖြစ် ကြောင်းနှင့် အလုပ်ရရှိရန် နှစ်အတန်ကြာ စောင့်ဆိုင်းမှုများက အသက်အရွယ် အကန့်အသတ်ဖြင့် ဖြေဆိုရသော ရာထူး တိုးစာမေးပွဲအတွက် အခက်အခဲဖြစ်စေ သည်ဟု ၂ဝ၁၅ တွင် သားဖွားဆရာမသင် တန်းဆင်းကာ တာဝန်ထမ်းဆောင်ရန် စောင့်ဆိုင်းနေသည့် သားဖွားဆရာမတစ် ဦးက ပြောသည်။
”ချက်ချင်းအလုပ်မပေးနိုင်လု့ိ ရ ရာနေရာမှာပဲ လုပ်နေရတယ်။ ဒီသင်တန်း ကိုတက်တဲ့သူတွေက အစိုးရဝန်ထမ်းဆို တဲ့ နာမည်ကိုလိုချင်လို့ ဒီသင်တန်းကို တက်ကြတာပါ” ဟု သူ၏အတွေ့အကြုံကို ဖွင့်ဟသည်။
ကျေးလက်တွင် မနေလိုကြ
ကျေးလက်ကျန်းမာရေး လုပ်သား များနည်းပါးသည့်နည်းတူ နောက်ထပ် ပြဿ နာတစ်ခုမှာ နယ်ဝေးဒေသတွင် တာဝန်ထမ်းဆောင်ရသည့် ဝန်ထမ်းများ မှာ ရရှိသည့် ထောက်ပံ့ကြေး၊ ခရီးစရိတ် တို့မှာ လုံလောက်မှုမရှိဟု ကျန်းမာရေး ဝန်ထမ်းများက ဆိုကြပါသည်။
နာဂကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဝေးလံခေါင်ဖျားသော ဒေသ များနှင့် ကျေးလက်ဒေသများတွင် တာ ဝန်ထမ်းဆောင်နေကြရသည့် ကျန်းမာ ရေးဝန်ထမ်းများကို ထောက်ပံ့ပေး သည့်ခရီးစရိတ်များမှာ ခေတ်နှင့်ကိုက် ညီသော ဈေးနှုန်းများမဖြစ်ခြင်း၊ နယ်မြေ ကွင်းဆင်းသွားလာရသည်ဆိုပါက ကိုယ် ပိုင်ငွေဖြင့် စိုက်ထုတ်နေရခြင်းများရှိ သည်ဟု မော်ကွန်းက တွေ့ဆုံခဲ့သော ကျန်းမာရေးဝန်ထမ်းများက ဆိုကြသည်။
နာဂဒေသရှိ ကျန်းမာရေးဝန်ထမ်း များအနေနှင့် တာဝန်ကျရာရွာများမှ လဟယ်မြို့သို့ တာဝန်ဖြင့်သော်လည်း ကောင်း၊ ဆေးဝါးထုတ်ယူသည့်အချိန် များနှင့် အခြားနာဂရွာများသို့ ဆေးကုသ ရန် သွားရောက်သည့်အခါများတွင် ဆိုင် ကယ်ခ အနည်းဆုံး ကျပ်တစ်သိန်းကျော် ပေးနေရပြီး သွားလာစရိတ်ကို နောက် ပိုင်းမှ ဝန်ကြီးဌာနထံ ပြန်လည်တောင်းခံရ ကြောင်း ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။
ထို့ကြောင့် တာဝန်လာရောက်ထမ်း ဆောင်ကြသည့် သူနာပြုဆရာမများမှာ လည်း လစာထက် ဆိုင်ကယ်ခကပိုများနေ သဖြင့် ၎င်းတို့၏လစာကို သွားရောက် မထုတ်ယူတော့ဘဲ ဒေသခံရွာမှ စေတနာ အလျောက် ထောက်ပံ့သည်များနှင့်သာ နေထိုင်ကြတော့သည်။ ခြောက်လတစ် ကြိမ် တာဝန်ထမ်းဆောင်ပြီးမှသာ လခ များကို စုပေါင်းထုတ်ယူလိုက်ကြသည် ဟု တာဝန်ကျသားဖွားဆရာမများက ပြောသည်။
ထို့ကြောင့် အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် နေထိုင်ရန် အဆောက် အအုံပေးခြင်း၊ လုပ်ငန်းသုံးပစ္စည်းနှင့် အဓိကကျသော သွားလာရေးကိစ္စများ တွင် လိုအပ်သည့်ယာဉ်၊ ခရီးစရိတ်၊ ဆေး ဝါးတို့ထောက်ပံ့ပေးရန် လိုအပ်သည်ဟု ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာဆွေ ဝင်းက ဝေဖန်သုံးသပ်ထားသည်။
”သူတို့လုပ်ချင်စိတ်ဖြစ်အောင် ပံ့ပိုးပေးဖို့က အဓိကပဲ။ ပထမဆုံး လူတော့ မွေးရမယ်၊ လူရအောင်ရှာရမယ်။ သူတို့ ပျော်နေရင် ကုတ်နဲ့ကော်ထုတ်ရင်တောင် အဲဒီရွာကနေမပြန်ဘူး။ နောက်သူတို့ကို ဒေါ်အောင်ဆန်းစုကြည်က ဆုပေးတာလို မျိုး ချီးမြှောက်ပေးသင့်တယ်”ဟု ဒေါက် တာဆွေဝင်းက ပြောသည်။
ခရီးစရိတ်နှင့် ထောက်ပံ့ကြေးမလုံ လောက်မှုမှာ နာဂဒေသတွင်သာမက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် တွင်လည်း ကြုံတွေ့နေရပါသည်။
ကော့မှူးမြို့ပေါ်မှ ၁၈ မိုင်ခန့်ဝေး သော ရေကျော် (ဆူးကလပ်) ကျေးရွာရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ရေကျော် ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဘက်စုံ သားဖွားဆရာမ ဒေါ်သန်းသန်းယုမှာ အရည်အသွေးတိုးတက်မှုရှိစေရန် ကျန်း မာရေးသင်တန်းများ သွားရောက်သင်ယူ ရခြင်း၊ အထက်အဆင့်ကျန်းမာရေးဌာန သို့ ရုံးကိစ္စဖြင့် သွားရောက်ခြင်းနှင့် ကာ ကွယ်ဆေးထိုးခြင်းလုပ်ငန်းများဆောင် ရွက်သည့်အခါ မိမိလစာထဲမှ စိုက်ထုတ် သုံးစွဲနေရမှုများ ရှိသောကြောင့် ဌာန အနေဖြင့် ထောက်ပံ့ပေးစေလိုကြောင်း ၎င်းက ဆိုသည်။
သူ၏လက်ရှိလခမှာ ကျပ်တစ်သိန်း ခွဲဖြစ်ပြီး အထက်ဆင့်ကျန်းမာရေးဌာန နှစ်ခုသို့ လစာနှင့် ရုံးကိစ္စများ ဆောင် ရွက်ရန် တစ်လလျှင်နှစ်ကြိမ် သွားရောက် ရသည်။ ခရီးစရိတ်အဖြစ် တစ်လလျှင် ကျပ်လေးသောင်းခွဲခန့် သူ၏လစာထဲမှ စိုက်ထုတ်သုံးစွဲနေရသည်ဟုဆိုသည်။ တစ်ခါတစ်ရံတွင်လည်း ဌာနမှ ထောက်ပံ့ ထားသည့် ဆေးဝါးများဖြင့် မလုံလောက် သည့်အခါ အိတ်စိုက်သုံးစွဲရသေးသည်။
လူဦးရေ ခုနစ်ရာကျော် နေထိုင် သည့် ရေကျော်ကျေးရွာတွင် ဒေါ်သန်းသန်းယု အပါအဝင် ကျန်းမာရေးလုပ်သား နှစ်ဦးရှိပါသည်။ ယင်းကျေးရွာတွင် ယခင် က တာဝန်ထမ်းဆောင်ခဲ့သော သားဖွား ဆရာမတစ်ဦးမှာ လစာငွေထဲမှ စိုက်ထုတ် ကာ သုံးစွဲနေရခြင်းကြောင့် နုတ်ထွက် သွားခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် သူ ရောက်ရှိလာခြင်းဖြစ်သည်။
ရေကျော်ကျေးရွာမှ ဒေသခံ ဦးထက်အောင်က ”ဆရာမလေးက စေတနာထားကုသပေးသလို ညဘက်အရေး ကြီးလူနာတွေခေါ်ရင်လည်းလိုက်ကြည့် ပေးတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေက တော့ ဒီမှာကုမနေဘဲ ဆေးရုံတန်းသွား တယ်။ မရှိတဲ့သူတွေကတော့ ဒီကိုပဲ အား ကိုးတာပေါ့”ဟု ပြောသည်။
ပြောင်းလဲချိန်တန်ပြီ
အခြေခံကျန်းမာရေးဝန်ထမ်းများ ကို ကျေးလက်ဒေသများနှင့်သွားလာရ ခက်ခဲသည့်နေရာများတွင် လုပ်ချင်ကိုင် ချင်စိတ် ဖြစ်ပေါ်လာစေရန် ကာလအတန် ကြာထိ တာဝန်ထမ်းဆောင်စေခြင်းမျိုး ထက် နှစ်နှစ်ခန့်တာဝန်ထမ်းဆောင်ပြီး ပါက ၎င်းတို့ပြောင်းရွှေ့ချင်သည့်ဒေသ များသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်းဖြင့် ဝန်ထမ်းများ စိတ်ဓာတ်တက်ကြွ လာရန် အပြောင်းအရွှေ့မူဝါဒများကို ဆောင်ရွက်သင့်သည်ဟု ဒေါက်တာဆွေ ဝင်းက ထောက်ပြသည်။
စက်တင်ဘာလ ၂၃ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ် တော် ဒုတိယအကြိမ်ပုံမှန်အစည်းအဝေး တွင် ကြံခင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာထွန်း လင်းမော်က ဝန်ထမ်းအပြောင်းအရွှေ့ မူ ဝါဒများမှာ မမျှတမှုများဖြစ်နေသည်ကို တွေ့မြင်နေရပြီး ဝေးလံခေါင်ဖျားသော ဒေသများသို့ သွားရောက်တာဝန်ထမ်း ဆောင်လိုသူများ နည်းပါးခြင်း၊ မသွားလို ခြင်းများ၊ ဝန်ထမ်းများ အလုပ်ခွင်တွင် မပျော်ပိုက်ခြင်း၊ စွမ်းဆောင်ရည် ကျဆင်း ခြင်း၊ အလုပ်မှ ထွက်စာတင်ခြင်း၊ အလုပ်မှ ထုတ်ပယ်ခံရခြင်းတို့မှာ အဓိက အကြောင်း အရာဖြစ်နေကြောင်း ၎င်းက ပြောဆို ခဲ့သည်။
ယခုအစိုးရလက်ထက်တွင် အဂတိ ကင်းသော၊ ဘက်လိုက်မှုကင်းသော၊ မှန် ကန်သော အပြောင်းအရွှေ့မူဝါဒများ အကောင်ထည်ဖော်နိုင်ရန် စီမံထားခြင်း ရှိ၊ မရှိ သိလိုပါကြောင်း ဒေါက်တာထွန်း လင်းမော်က မေးမြန်းခဲ့သည်။
ထိုမေးခွန်းနှင့်ပတ်သက်၍ ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝေးလံခေါင်ပါးသည့်ဒေသတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများအနေ ဖြင့် တာဝန်ကျသည့်ဒေသတွင် တစ်နှစ် ပြည့်မှ ပြောင်းရွှေ့ ခွင့် ဆောင်ရွက်ပေးပါ ကြောင်း၊ ခက်ခဲမှုမရှိသည့် သာမန်ဒေသ များအနေဖြင့် တာဝန်ကျဒေသတွင် အနည်းဆုံး နှစ်နှစ်ပြည့်ပြီးမှ ပြောင်းရွှေ့ ရန် ဆောင်ရွက်ပေးနေပါကြောင်း ပြန် လည်ဖြေကြားခဲ့သည်။
ဒေသပြောင်းရွှေ့တာဝန်ထမ်း ဆောင်ရေးတင်ပြမှုနှင့်ပတ်သက်၍ သက် ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်ဦးစီး မှူးများ၏ သဘောထားမှတ်ချက်အရ လည်းကောင်း၊ ပြောင်းရွှေ့လိုသည့်နေရာ လစ်လပ်မှုအခြေအနေအရ အတတ်နိုင် ဆုံးပြောင်းရွှေ့ရေးကို ဆောင်ရွက်ပေးပါ ကြောင်းနှင့် တရားမမျှတမှုများ၊ ဘက် လိုက်မှုကိစ္စများ၊ လာဘ်စားမှုကိစ္စများကို တွေ့ရှိပါက မိမိထံသို့ တိုက်ရိုက်အကြောင်း ကြားရန် ပြန်လည်ဆွေးနွေးခဲ့သည်။
ငါးနှစ်အောက်ကလေးငယ်များကို ပေါင်ချိန်ပြီးနောက် အာဟာရရှိစေရန် အားဆေးများပေးနေစဉ်။ ဓာတ်ပုံ – အောင်ဖေကြည်စိုး/မော်ကွန်းမဂ္ဂဇင်း
လိုအပ်တဲ့နေရာတွေမှာ ဖြည့်ဆည်းပေးပါ
ကျေးလက်ဒေသများတွင် အခြေခံ ကျန်းမာရေးဝန်ထမ်းများ လုံလောက်စွာ တာဝန်ထမ်းဆောင်နိုင်ရန် ဝန်ထမ်းဖွဲ့ စည်းပုံကို ထပ်မံတိုးချဲ့ရန်လိုအပ်ခြင်း၊ ဝန် ထမ်းခန့်အပ်ရေးအတွက် ဘတ်ဂျက်ရရှိ ရန် လိုအပ်ခြင်း၊ ဝန်ထမ်းများ ခန့်အပ်နိုင် ရေးအတွက် ဥပဒေများပြင်ဆင်ရန်လို အပ်ခြင်း၊ ဝေးလံခေါင်ဖျားဒေသများမှဝန် ထမ်းများ၏ အပြောင်းအရွှေ့ပေါ်လစီကို သေချာစိစစ်ခြင်းနှင့် ယင်းဒေသများ၌ တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည်းဆည်းပေးနိုင်ရန် အစိုးရက ဆောင်ရွက်ပေးသင့်ကြောင်း ကျန်းမာရေးပညာရှင်များက သုံးသပ် ထားကြသည်။
၂ဝ၂ဝ ပြည့်နှစ်တွင် သားဖွားဆရာမ စုစုပေါင်းခန့်မှန်းခြေ ၂၃,၆၁၅ ဦးအထိ မွေးထုတ်ပေးခြင်းဖြင့် ကျေးရွာနှစ်ရွာမှ သုံးရွာအတွင်း သားဖွားဆရာမတစ်ဦး နှုန်းဖြင့် ခန့်အပ်သွားနိုင်ရန်နှင့် နှစ်စဉ်မြို့ နယ်များ၏လိုအပ်ချက်အရ အမျိုးသား ကျန်းမာရေး ငါးနှစ်စီမံကိန်းတွင် ကျေး လက်ကျန်းမာရေးဌာန ၆ဝ၊ ကျေးလက် ကျန်းမာရေးဌာနခွဲ အနည်းဆုံး ၂၄ဝ ခန့် တိုးမြှင့်ဖွင့်လှစ်နိုင်ရန် ရေးဆွဲထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စာရင်း များကဆိုသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအနေဖြင့်လည်း ကျေးလက်ကျန်းမာ ရေးဌာနများတွင် တာဝန်ထမ်းဆောင်နိုင် ရန် လက်ရှိတွင် ကျန်းမာရေးမှူး ၃ဝဝ ဦး၊ သားဖွားဆရာမ ၁,၉၅၉ ဦးနှင့် ကျန်းမာ ရေးကြီးကြပ်အဆင့်(၂) ၃,ဝဝဝ ကျော် အသစ် ထပ်မံခန့်အပ်နိုင်ရေးအတွက် ရသုံးမှန်းခြေစာရင်းကို စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ သူများက ပြောသည်။
ကူးစက်ရောဂါကြောင့်စတင်သေ ဆုံးမှုဖြစ်ခဲ့သော နာဂဒေသ၏မြို့နယ်များ မှ ကျေးရွာများတွင် ယခုနှစ်ဧပြီလအတွင်း သားဖွားဆရာမ ၁၅ ဦးနှင့် အခြားသော ကျန်းမာရေးဝန်ထမ်းအချို့ကို အခြား ဒေသများသို့ ပြောင်းရွှေ့ခဲ့သော်လည်း ယင်းလစ်လပ်နေရာများတွင် ပြန်လည် အစားထိုးခန့်ထားမပေးနိုင်ခဲ့ခြင်းက ကူး စက်ရောဂါကြောင့် သေဆုံးသူဦးရေ ပိုမို မြင့်တက်ခဲ့ရသည်ဟု ဒေသဦးစီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
”အနိမ့်ဆုံးအဆင့် သားဖွားဆရာမ ရှိတယ်ဆိုရင်တောင် ဘာဖြစ်တယ်ဆိုတာအချိန်မီသတင်းပို့ရင် ချက်ချင်းသိရတာ ပေါ့။ ဝန်ထမ်းတွေလုံလုံလောက်လောက် ပေးမယ်၊ သတ်မှတ်ထားတဲ့ဆရာမတွေက သက်ဆိုင်ရာရွာတွေမှာနေပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးမယ်ဆိုရင် ဒီလိုဖြစ်စဉ် မျိုး ဖြစ်စရာမရှိပါဘူး”ဟု လဟယ်မြို့၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်က မော်ကွန်းကို ပြောကြားသည်။
နှစ်နှစ်အရွယ်သမီးငယ် မလေးဘန် အား လက်လွှတ်စွန့်ဆုံးရှုံးခဲ့ရသည့် ဦးဘန်မွေးနေထိုင်ရာ ကဲဆန်ကားလန် ကျေးရွာတွင်လည်း စက်တင်ဘာလ ၉ ရက်၌ စေတနာ့ဝန်ထမ်းအဖြစ် ခြောက်လ ခန့်တာဝန်ထမ်းဆောင်ရန် သားဖွားဆရာ မတစ်ဦးနှင့် ကျန်းမာရေးကြီးကြပ်အဆင့် (၂) တစ်ဦးတို့ ရောက်ရှိလာသည့် နောက် ပိုင်း ရွာရှိ တိုင်းရင်းသားများ ဖျားနာမှု ကျဆင်းသွားခြင်း၊ အသည်းအသန်လူနာ များ နည်းပါးသွားခြင်း၊ တစ်ကိုယ်ရေသန့် ရှင်းမှုများ ပိုမိုရှိလာသည်ဟု ၎င်းဆရာမ များက ရှင်းပြသည်။
”ဒီကိုလာလို့ ပင်ပန်းခက်ခဲခံရမယ် ဆိုတာ မကြောက်ပါဘူး။ ကိုယ်တတ်တဲ့ ပညာနဲ့ လိုအပ်တဲ့နေရာမှာ အကျိုးပြုမယ် ဆိုတဲ့စိတ်နဲ့ ရွေးချယ်ခဲ့တာပါ။ သူ့တို့တွေ ကလည်း ကိုယ့်ကို အမှန်တကယ်လိုအပ် နေတာလေ”ဟု ၎င်းကျေးရွာသို့ အသစ် ပြောင်းရွှေ့လာသည့် သားဖွားဆရာမ ဒေါ်စိုးနန္ဒာဆွေက သူ၏ပီတိကို ပြောပြသည်။
သူသည် နာဂဒေသတွင် ကျန်းမာ ရေးချို့တဲ့နေသည့်ဒေသခံလူမျိုးများကို ကုသပေးလိုသဖြင့် ကိုယ်တိုင်ဆန္ဒပြုခဲ့ပြီး မိဘနှင့် မိသားစုဝင်များကိုတော့ မဲနှိုက် ရာမှမဲပေါက်သဖြင့် သွားရခြင်းဖြစ်သည် ဟုအသိပေးခဲ့ကာ လာရောက်တာဝန်ထမ်း ဆောင်နေခြင်းဖြစ်ကြောင်း သူကဆို ပါသည်။
မလေးဘန်၏ဖခင်ဖြစ်သူ ဦးဘန် မွေးကတော့ ”အခုဆရာမတွေ ရောက် လာတော့ အားကိုးတယ်။ ကျန်တဲ့ ကျွန် တော့်ကလေးတွေ သမီးလေးလို အဖြစ် ဆိုးမျိုး ကြုံမှာမဟုတ်တော့ဘူး”ဟု ပြော ဆိုပြီး နေအိမ်အနောက်ဘက်တွင် မြှုပ်နှံ ထားသော သမီးငယ်၏ သချုႋင်းငယ်ကို လက်ညှိုးညွှန်ပြပြီးနောက် ဇနီးဖြစ်သူ ပွေ့ ချီထားသော ခြောက်လအရွယ် အငယ်ဆုံး သားငယ်လေးကို လှမ်းယူကာ အားပါးတရ နမ်းရှိုက်လိုက်လေသည် ။ ။
၂၀၁၆-နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း၊ အမှတ်(၄၀)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။
အောင်ဖေကြည်စိုး ရေးသည်။

