ကော့ကရိတ် – ၂၀၂၄ ဧပြီ ၂၄ (မော်ကွန်း)
ကော်သူးလေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူတွေနဲ့ ဖမ်းဆီးခံရသူတွေအထဲမှာ ဆယ်ကျော်သက်အရွယ် တပ်သားသစ်တွေပါဝင်လာတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
“ကျွန်တော်တို့ အရှေ့မှာ သူတို့အလောင်းတွေဆိုပုံနေတာပဲ၊ လူငယ်တွေ တော်တော်များတယ်”လို့ ကော့ကရိတ်မြို့တောင်ပိုင်းခွင်၊ ရှေ့တန်းစစ်မျက်နှာပြင်က သတင်းရင်းမြစ်ကပြောပါတယ်။
တကျော့ပြန် ကော့ကရိတ်မြို့တိုက်ပွဲတွေဖြစ်ပွားလာပြီးနောက် အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းပစ်ကူကို အချိန်ပြည့်နီးပါးအသုံးပြုပြီး မြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပါတယ်။
မြို့ကိုထိန်းချုပ်ပြီးတဲ့နောက် ကော့ကရိတ်တောင်ပိုင်းအတွင်းကို ပြန်လည်ထိုးစစ်ဆင်လာပြီး ကေအဲန်ယူဦီးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူတွေအပြင် ဖမ်းဆီးခံရသူတွေထဲမှာလည်း ဆယ်ကျော်သက်အရွယ်တွေလည်း ပါဝင်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။
“တော်တော်များများ သေနတ်ပစ်ဖို့မပြောနဲ့ အဖြုတ်အတပ်တောင် မလုပ်တတ်တဲ့သူတွေ၊ သေနတ်မကိုင်တတ်တဲ့သူတွေ အများကြီးပါတယ်၊ ဖမ်းမိထားတာကတော့ အများကြီးပဲ”လို့ သတင်းရင်းမြစ်ကပြောပါတယ်။
အခု ဖမ်းဆီးခံရသူနဲ့ သေဆုံးသူတွေဟာ ၂၀၂၄ ဖေဖော်ဝါရီမှာ အာဏာသိမ်းစစ်တပ်က ကြေညာတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်ထဲကို ရောက်လာတဲ့သူတွေပါသလို စစ်ကြောင်းထိုးရာလမ်းမှာ ပေါ်တာဆွဲလို့ ပါလာတဲ့သူတွေလည်းရှိတယ်လို့ သူကပြောပါတယ်။
လက်ရှိ ကော့ကရိတ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူကို အရင်ထက်ပိုပြီး အသုံးပြုလာနေပါတယ်။
မေးမြန်းစုံစမ်းချက်တွေအရ စစ်တပ်ဟာ စစ်ကြောင်းထိုးမယ့်နေရာတွေကို တာဝေးအတွဲလိုက်ပစ် မစ်ဆိုင်းဒုံးတွေ၊ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ အရင်ဆုံး ဆက်တိုက်ပစ်ခတ်ပြီး ဂျက်ဖိုက်တာ၊ ထောက်ပို့ Y-12 လေယာဉ်တွေက ဗုံးတွေကြဲချပေးပါတယ်။
“ကော့ကရိတ်ကိုလည်း ဒီလိုပုံစံနဲ့ ဝင်လာတာ”လို့ သတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိ ကေအဲန်ယူ၊ တပ်မဟာ ၆၊ ကော့ကရိတ်စစ်ခွင်မှာ စစ်တပ်ဘက်က အင်အားတိုးချထားပြီး သံချပ်ကာ၊ အတွဲလိုက်ပစ်လက်နက်ကြီးတွေအပါအဝင် ဗျူဟာမြောက်လက်နက်တွေကိုပါ ထည့်သွင်းလာတာပါ။
ကေအဲန်ယူ ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ကော့ကရိတ်တောင်ပိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုး၊ နယ်မြေချဲ့လာမှုကို ပြန်လည်တိုက်ခိုက်နေကြပါတယ်။
ပုံစာ – လက်ရှိ ကော့ကရိတ်တောင်ပိုင်းစစ်မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – Mawkun Magazine

