ဒူးပလာယာ – ၂၀၂၃ မေ ၇ (မော်ကွန်း)
ကော်သူးလေ၊ ကေအဲန်ယူတပ်မဟာ ၆ ထိန်းချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း တိုက်ပွဲပေါင်း ၃၀ နီးပါးဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ တပ်မဟာ ၆ က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က ၁၀၇ ဦးသေဆုံးပြီး ၈၅ ဦးဒဏ်ရာရကာ အဲဒီအထဲမှာ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်တွေပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
KNLA ၊ KNDO နဲ့ ပူးပေါင်းစစ်ကြောင်းတွေဘက်က ၁၀ ဦးကျဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကာ လေကြောင်းကနေ ၃၁ ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ အကြိမ် ၁၈၀ ကျော်ပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဆေးခန်းတွေနဲ့ ပြည်သူ့နေအိမ် ၃၈၇ လုံးပျက်စီးခဲ့ရကာ ၁၂ လုံးမီးလောင်ပြာကျခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် အရပ်သားပြည်သူနှစ်ဦးကို အာဏာသိမ်းစစ်တပ်က ပစ်သတ်ခဲ့ပြီး အိမ်မွေးနဲ့လယ်ယာလုပ်ငန်း၊ မွေးမြူရေးတိရိစ္ဆာန် အကောင်ရေ ၇၀ ကျော်ဟာလည်း လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်သေဆုံးခဲ့ရကာ ဥယျာဉ်ခြံမြေတွေပါ ပျက်စီးခဲ့ရတယ်လို့ပါရှိပါတယ်။
စစ်ရှောင် ၂၃,၀၀၀ ကျော်ဟာ နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေလိုအပ်နေသေးတယ်လို့ တပ်မဟာ ၆ ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ပုံစာ – အာဏာသိမ်းစစ်တပ်၏ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားရသော ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ နေအိမ်များနှင့် စစ်ရှောင်အမျိုးသမီး
ဓါတ်ပုံ – ဒူးပလာယာခရိုင်
#Dailynews

