ကိုယ်ပိုင်ဂြိုဟ်တု မြန်မာ ပိုင်ဆိုင်ပြီ
မော်ကွန်းမဂ္ဂဇင်း အမှတ် (၆၈) မှ historial event ဖြစ်ပါသည်။
မြန်မာနိုင်ငံ သမိုင်းတစ်လျှောက် ပထမဆုံးကိုယ်ပိုင်ဂြိုဟ်တုကို တောင်အမေရိကတိုက်ရှိ ပြင်သစ်ပိုင် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ သြဂုတ် ၇ ရက် နံနက် ၂ နာရီခန့်က အာကာသအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ခြင်းကို သမိုင်းဝင်ဖြစ်စဉ်အဖြစ် မော်ကွန်းက မှတ်တမ်းတင်လိုက်ပါသည်။
Myanmar Sat-2 အမည်ရှိအဆိုပါဂြိုဟ်တုကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကအမေရိကန်အခြေစိုက် ဂြိုဟ်တု ဆက်သွယ်ရေးကုမ္ပဏီ (Intelsat Global Sales & Marketing Limited) နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ကာ လွှတ်တင် ခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလလယ်မှ စတင်အသုံးပြုနိုင်မည့် ယင်းဂြိုဟ်တုသည် ၁၅ နှစ်သက်တမ်းရှိမည်ဖြစ်ပြီး ကိုယ်ပိုင်ဂြိုဟ်တု သုံးစွဲ နိုင်ခြင်းကြောင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန်လည်းရည်ရွယ်သည်ဟု ပြန်ကြား ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထို့အပြင် ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာများ၊ မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်လိုင်းများ ပိုမိုကောင်းမွန်စွာအသုံးပြုလာနိုင်မည် ဖြစ် ပြီး ပိုလျှံသော လှိုင်းစဉ်နှုန်းများကိုလည်း ပြန်လည်ရောင်းချကာ ဝင်ငွေရှာနိုင်မည်ဖြစ်သဖြင့် ဂြိုဟ်တုကုန်ကျစရိတ်ကို ပြန်လည်ကာမိ နိုင်မည်ဟု ဆိုသည်။ ဂြိုဟ်တုအတွက် ကုန်ကျစရိတ်မှာအမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ဖြစ်ပြီး အရစ်ကျစနစ်ဖြင့် ပေးချေရမည် ဖြစ်သည်။
ကိုယ်ပိုင်ဂြိုဟ်တုပိုင်ဆိုင်ရေးအတွက် ‘မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ဆောက်ရေးဦးဆောင်ကော်မတီ’ကို ၂ဝ၁၇ နှစ်ဆန်း ပိုင်းတွင် ဖွဲ့စည်းခဲ့ပြီးပထမအဆင့်တွင် ဂြိုဟ်တုငှားရမ်းအသုံးပြုရေး၊ ဒုတိယအဆင့်တွင် အချိုးကျ ရင်းနှီးမြှုပ်နှံ ပူးတွဲပိုင်ဆိုင်သည့်စနစ် (ယခု Myanmar Sat-2) နှင့် တတိယအဆင့်တွင် ဂြိုဟ်တုတစ်လုံးအား ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲကာ ထုတ်လုပ်နိုင်ရေးအတွက် မူဝါဒ ချမှတ်ထားသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုထားသည်။