ကိုယ့်အလုပ်ကိုယ်မလုပ်သူများ ကြီးစိုးသည့် နှေးပျော့နိုင်ငံ

ကိုယ့်အလုပ်ကိုယ်မလုပ်သူများ ကြီးစိုးသည့် နှေးပျော့နိုင်ငံ
၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Satire  ဖြစ်ပါသည်။

ရန်လိုကျွဲ ရေးသည်။

ကိုယ့်အလုပ်ကိုယ်မလုပ်သူများ ကြီးစိုးသည့် နှေးပျော့နိုင်ငံ

မိမိတို့၏ “နှေးပျော့” နိုင်ငံသည် အမည်နှင့် လိုက်သည်ဟု ဆိုရမည်။ တိုးတက်မှု နှေးကွေး သည်၊ အင်အားပျော့သည်။

တကယ်တော့ နှေးပျော့သည် အတိတ်က ရွှေထီး ဆောင်းခဲ့ဖူးသည်။ ဒေသတွင်းနိုင်ငံများကို ဦးဆောင်မည့် အနေအထား ရှိသည်အထိ တိုးတက်ခဲ့သည်။

သို့သော်လည်း ရွှေထီးဆောင်းကာလ သိပ်မကြာမီမှာပင် နိုင်ငံသည် တဖြည်းဖြည်း ဆုတ်ယုတ်လာရာမှ ဒေသတွင်း အဆင်းရဲဆုံးနိုင်ငံဘဝ ရောက်သွားတော့သည်။ အဘယ် ကြောင့် ထိုသို့ ချွတ်ခြုံကျသွားရသနည်း။

မကြာသေးခင်နှစ်များအတွင်းက စတင်ပြီး  ဒီမိုကရေစီ အပြောင်းအလဲများ ဖော်ဆောင်နေသော်လည်း နှေးပျော့ နိုင်ငံ ရှေ့တိုးမလာခြင်းမှာ အဘယ်ကြောင့်နည်း။

ဤမေးခွန်းများကို မေးလာသည့်သူမှာ ပြည်ပမှ သတင်း သမားတစ်ဦးဖြစ်သည်။

မိမိကို ယနေ့တွေ့လိုသည်ဟုဆိုလာသဖြင့် မိမိအားလပ် သည့်  နံနက်ပိုင်းကို ချိန်းလိုက်သည်။ နှေးပျော့နိုင်ငံအနံှ့ လျှပ်စစ် မီးကို အလှည့်ကျပေးနေရာ မိမိတို့ရပ်ကွက်သည် ယနေ့နံနက် ဆယ်နာရီမှ မွန်းတည့်ချိန်အထိ မီးပြတ်မည်။ ထို့ကြောင့် မီး ဖြတ်ချိန်ဟု ပြောပြော၊ မီးပြတ်ချိန်ဟု ပြောပြော ထိုအချိန်က နှစ် နာရီ ကြာလိမ့်မည်။  မီးမလာလျှင် အလုပ်အကိုင် အဆင်မပြေ သဖြင့် ဧည့်သည်နှင့် လေပေါရန် အကောင်းဆုံးအချိန် မဟုတ် လော။ ထို့ကြောင့် သူ့ကို ထိုအချိန် တွေ့လျှင် သင့်လျော်ပေမည်။

ထိုသတင်းသမား၏ နှာခေါင်းရင်းလေး သိသိသာသာ ပြား ချပ်နေသည်မှာ မိမိ၏ တူမတစ်ယောက်နှင့် တူညီလှသဖြင့် ချစ် စရာကောင်းလှသည်ဟု မိမိယူဆ၏။ ဤကလေးလေးက မိမိတို့ နိုင်ငံအထိ လာပြီး မိမိတို့နိုင်ငံအကြောင်း  အစပြု လေ့လာနေသူ ဖြစ်ခြင်းကြောင့် ကော်ဖီဆိုင်သို့ ခေါ်ပြီး သူမေးသမျှ ရှင်းပြ ပြော ပြရတော့သည်။

““ဆရာကျွဲတို့နိုင်ငံက အလားအလာကောင်းတွေ ရှိခဲ့ပါ လျက်နဲ့ ဘယ်လို ဘယ်ပုံ ချွတ်ခြုံကျသွားရတာလဲ””

ကိုယ့်အလုပ် ကိုယ်မလုပ်ကြလို့ ချွတ်ခြုံကျသွားတာပါဟု မိမိက ဖြေသည်။

မိမိအဖြေကို သတင်းသမားက ကျေနပ်ခြင်း မရှိ။ သို့သော် လည်း မေးခွန်း နောက်တစ်ခု မေးပြန်၏။

““ဒီမိုကရေစီ ဖော်ဆောင်မှုကို အခုမှ အစပြုနေကြတာ ဘာကြောင့်လဲ””

ကိုယ့်အလုပ် ကိုယ်မလုပ်ကြလို့ အခုမှ အစပြုနေရတာပါ ဟု မိမိက ဖြေ၏။ မှေးနေသော သူ့မျက်လုံးကို အတတ်နိုင်ဆုံး ပြူးပြခြင်းဖြင့် မိမိအဖြေကို သူ အံ့အားသင့် ကျေနပ်မှုမရှိကြောင်း အရိပ်အယောင် ပြသည်။

““ပေါ်ပြူလာပါတီ ခေါင်းဆောင်လည်း အာဏာရပြီး အစိုးရ ဖွဲ့ထားပြီပဲ။ အခြေအနေက ပိုပြီး ထူးခြားမလာပါလား။ ဘာသဘောလဲရှင့်။ ဒါလည်း ကိုယ့်အလုပ် ကိုယ်မလုပ်ကြလို့ ဖြစ် ရတာပဲလား””

အဲဒီလို ပြောနိုင်ပါတယ်ဟု မိမိ ဖြေရ၏။

““ကျွန်မ အင်မတန် စိတ်ဝင်စားသွားပြီ ဆရာကျွဲ။  ဆရာတို့ နှေးပျော့နိုင်ငံရဲ့ ပြဿနာအရပ်ရပ်ဟာ ကိုယ့်အလုပ် ကိုယ် မလုပ်ကြလို့ ဖြစ်ရတာဆိုတော့ အဖြေကို သိနေပြီပဲ။ ပြဿနာ ရှင်းရတာ လွယ်မှာပေါ့။ မဟုတ်ဘူးလား။ ဘယ်သူတွေက ကိုယ့် အလုပ် ကိုယ်မလုပ်ကြတာလဲ””

စာရေးဆရာတွေက ကိုယ့်အလုပ် ကိုယ်မလုပ်ကြတာပါ ဟု မိမိက ဖြေရသည်။ သူက အချိန်ရသည် ဆိုသောကြောင့်  မိမိ လည်း မိမိတို့နိုင်ငံ၏ ကံဆိုးမိုးမှောင်ကျပုံကို ရှင်းပြရတော့သည်။

မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် စာရေးဆရာ တို့လည်း ပါဝင်၏။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် စာရေး ဆရာတို့က သူတို့ကြောင့်သာ လွတ်လပ်ရေးရခြင်း ဖြစ်သည်၊ နိုင်ငံကို သူတို့ ကယ်တင်ခြင်းဖြစ်သည်ဟု ယူဆလာကြရာမှ ပြဿနာတက်လေသည်။ ထိုသို့သော အူကြောင်ကြောင် အတွေး မျိုးမှာ စာရေးဆရာခေါင်းဆောင်ပိုင်းထံမှ လာသည်။

““အဲဒီလိုတွေးရုံနဲ့ ဆရာကျွဲတို့ရဲ့ နှေးပျော့နိုင်ငံ ဆင်းရဲ တွင်းနက်နေရတယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး ထင်တယ်။ စာရေးဆရာတွေ အရူးထတယ် ဆိုတာက သူတို့အလုပ်ပဲလေ။ နိုင်ငံတိုးတက်ခြင်း၊ မတိုးတက်ခြင်းနဲ့ ဘယ်လို ဆက်စပ်နေလို့လဲရှင့်””

““ဒါလည်း မေးသင့်တဲ့ မေးခွန်းပဲ သတင်းထောက်ရေ။စာရေးဆရာတွေ စိတ်ရူးပေါက်တာက သဘာဝကျပါတယ်။ ငါတို့ဆီမှာကတော့ အဲဒီစိတ်ရူးကို လက်တွေ့ အကောင်အထည် ဖော်လိုက်လို့ ရွာလည်နေတာကွ””

ယခင်အစိုးရအဆက်ဆက်ကို စာရေးဆရာများက ရာနှုန်း ပြည့် ချုပ်ကိုင်ကြသည်အထိ နိုင်ငံရေးတွင် ပါဝင်လာကြောင်း၊ နိုင်ငံရေးတွင်သာမက နေရာတကာတွင် လူတတ်ကြီးလုပ်ပြီး ဝင် ပါတတ်ကြကြောင်း၊ များမကြာမီနှစ်များအတွင်းက ထွက်ပေါ် လာသော ဥပဒေတွင် ထိုသို့ ဝင်ပါခြင်းကို ရာခိုင်နှုန်းဖြင့်ပင် တိတိ ကျကျ သတ်မှတ်လိုက်ကြောင်း သူ့ကို ရှင်းပြရသည်။

““ဟယ်…အဲဒီလို လုပ်လို့ရပါ့မလားရှင့်””

““ရတာပေါ့ ကလေးမရဲ့။ ဥပဒေဆိုတာ သူတို့လက်ထဲမှာပဲ လေ။ သူတို့စိတ်ကြိုက်ဆွဲကြတာပေါ့။ ငါတို့ ရာခိုင်နှုန်း ဘယ် လောက်ပါမယ်ဆိုပြီး ခပ်တည်တည် လုပ်ခဲ့ကြသေးတာ””

““ဒါဆို ရာခိုင်နှုန်း ဘယ်လောက်လို့ သတ်မှတ်သလဲရှင့်””

လွှတ်တော်ထဲ စာရေးဆရာ ၄၅ ရာခိုင်နှုန်း မဖြစ်မနေ ပါရ မည်ဟု ဥပဒေက ဆိုထားသည်။ ဝန်ကြီးချုပ်သည် စာရေးဆရာ အမြင်  ရှိရမည်ဟုလည်း ဥပဒေက ဆိုသည်။ ပြန်ကြားရေးဝန်ကြီး၊ ဆက်သွယ်ရေးဝန်ကြီး စသည့် တာဝန် ထမ်းဆောင်မည့်သူများကို စာရေးဆရာအသင်းကြီး၏ဥက္ကဋ္ဌက စေလွှတ်ရမည်ဟုလည်း ဆို၏။

““စီးပွားရေးမှာရော  ၄၅ ရာခိုင်နှုန်း ပါရမည်လို့ ဥပဒေမှာ ရေးမထားဘူးလား””

““ဟား ဟား ဟား … မင်းက အတော်လည်တဲ့ ကလေးမပဲ။ အဲဒီ အဘတွေကလည်း လူလည်တွေဆိုတော့ ထိပ်တန်းစီးပွား ရေး လုပ်ငန်းခွင်တွေကို ၄၅ ရာခိုင်နှုန်းမက ထိန်းချုပ်ထားပြီးပါပြီ။ လက်ဦးမှုယူတဲ့နေရာမှာတော့ စိတ်ချရပါတယ်””

စာရေးဆရာတို့သည် နိုင်ငံရေး၊ စီးပွားရေး အကြီးအကျယ် လုပ်ရုံတင်မက မွေးမြူရေး၊ စိုက်ပျိုးရေး၊ စာနယ်ဇင်း၊ ပရဟိတ၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတို့တွင် တက်တက် ကြွကြွ ဝင်ပါလာကြသည်။ နှေးပျော့နိုင်ငံသည် စာရေးဆရာတို့ တရားဝင် ကြီးစိုးကြ၊ လူတွင်ကျယ်လုပ်ကြသည့်နိုင်ငံ ဖြစ်လာလေပြီ။

မကြာသေးခင်နှစ်များအတွင်းက စတင်ပြီး  ဒီမိုကရေစီ အပြောင်းအလဲများ ဖော်ဆောင်နေသော်လည်း ဥပဒေ မပြောင်း သဖြင့် ဒီမိုကရေစီက ဖားတစ်ပိုင်း ငါးတစ်ပိုင်းပုံဖြစ်လာသည်။ ဒီမိုကရေစီ ခေါင်းဆောင်ကြီးကလည်း ဥပဒေပြောင်းလဲရေး မျှော်လင့်ချက်ဖြင့် စာရေးဆရာတို့ကို ချော့ပေါင်း ပေါင်းနေရ သည်။ ဤသို့ဖြင့် အာဏာရပါတီ၏ ဥပဒေပြောင်းလဲရေး လှုပ်ရှုား မှုမှာ အားရစရာ မကောင်းပေ။

စာရေးဆရာ ခေါင်းဆောင်တချို့  မူးပြီး ဆဲသည့် အလေ့ အထကြောင့်လည်း ချမ်းသာတိုးတက်သည့် နိုင်ငံတို့က ရင်းနှီး မြှုပ်နံှမှုလုပ်ရန် တွန့်ဆုတ်နေကြသည်။ အပေါင်ဆိုင်ဝါဒ ကျင့်သုံး သော နိုင်ငံကြီးတစ်ခုသာ စာရေးဆရာဟောင်းတို့နှင့် ပေါင်းပြီး လာရောက် ရင်းနှီးမြှုပ်နံှ၏။

နှေးပျော့နိုင်ငံ၏ ဥပဒေကြောင့် စာရေးဆရာတို့ နေရာ တကာ  တရားဝင် ဝင်ပါနေရခြင်းဖြစ်ရကား ဥပဒေပြောင်းလဲမှ သာ စာရေးဆရာတို့လည်း ကိုယ့်အလုပ် ကိုယ်အာရုံစိုက် လုပ်နိုင် ပေမည်။ သို့သော်လည်း စာရေးဆရာ ခေါင်းဆောင်ပိုင်းတို့သည် ခေါင်းမာလှချေသည်။ ဥပဒေအနည်းငယ်ပြောင်းလဲရေးမှာ နှစ် ငါးဆယ်ခန့် ကြာဦးမည်ဟု ဆိုလာသည်။

မိမိထံရောက်လာသော သတင်းထောက် ကလေးမက ထူး ခြားလှစွာသော ထိုဥပဒေကို လှလှပပ သဘောကျနေသည်။

““ကျွန်မ အကြိုက်ဆုံးကတော့ ဝန်ကြီးချုပ်သည် စာရေး ဆရာအမြင် ရှိရမည်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတာပဲ။ ဟီး ဟီး ဟီး””

““ဟုတ်သားပဲ။ ဒါက သဘောကျစရာပဲ။ အားနည်းချက် ကတော့ စာရေးဆရာတွေ ဘယ်လိုမြင်တယ် ဆိုတာကို ဥပဒေထဲ ထည့်ရေးမထားတော့  လူတိုင်း ဝန်ကြီးချုပ် ဖြစ်နိုင်တယ်လို့ ဆိုရမှာပေါ့ကွာ””

““ကျွန်မ နောက်ဆုံး သိချင်တာက ဒီဥပဒေကြီးကို ထောက် ခံတဲ့သူတွေကို သူတို့ မွေးထားဖို့ လိုတယ်ဆိုတော့ ထောက်ခံတဲ့ သူ အတော် များသလား””

ထောက်ခံတဲ့သူ မနည်းလှဟု သူ့ကို အမှန်အတိုင်း ဖြေ လိုက်ရသည်။ အာဏာရပါတီ၏ ဆန့်ကျင်ဘက် အင်အားစုများက ဥပဒေကို ထောက်ခံနေကြသည်၊ စာရေးဆရာအသင်း ခေါင်း ဆောင်ပိုင်းကို ဆရာတင်နေကြသည် မဟုတ်လော။

စာရေးဆရာတို့ကလည်း တပည့် မွေးထားရပြန်သည်။ ထိုတပည့်သည် ရန်သူမရှိပါက မနေနိုင် မထိုင်နိုင်ဖြစ်သူ၊  ရန်သူ ကို မီးခွက်ထွန်းရှာသူ။ ငါနဲ့ မတူ ငါ့ရန်သူဟူသော အယူဝါဒရှိသူ ဖြစ်ရမည် စသည့် သတ်မှတ်ချက်များဖြင့် ပြည့်စုံလျှင် ပိုကောင်းသည်။

မိမိတို့ စကားဝိုင်းသည် မကြာသေးခင်နှစ်များအတွင်းက စတင်ပြီး  ဒီမိုကရေစီအပြောင်းအလဲများ ဖော်ဆောင်နေသော် လည်း နှေးပျော့နိုင်ငံ ရှေ့တိုးမလာခြင်းမှာ အဘယ်ကြောင့်နည်း ဆိုသည့် အကြောင်းအရာကို ပြောဆိုကြသည့် စကားဝိုင်း ဖြစ် သည်။  မီးဖြတ်ချိန် နှစ်နာရီ ပြည့်တော့မည်ဖြစ်သောကြောင့် မိမိ တို့ စကားဝိုင်း အဆုံးသတ်လိုက်သည်။ သတင်းထောက် ကလေးမလည်း မိမိကို နှုတ်ဆက်ပြီး ပြန်သွားလေသတည်း။

““နှေးပျော့နိုင်ငံအကြောင်း ပြောပြတဲ့အတွက် ကျေးဇူး တင်ပါတယ်ရှင်။ ကိုယ့်အလုပ် ကိုယ်မလုပ်သူတွေကိုလည်း ကျေးဇူးတင်ရမယ်။ သူတို့ကြောင့်  ကျွန်မလည်း နှေးပျော့နိုင်ငံမှ ကိုယ့်အလုပ် ကိုယ်မလုပ်သူများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး တစ်ပုဒ် ရေးနိုင်တော့မယ် မဟုတ်လား””

Office :

မော်ကွန်းမဂ္ဂဇင်း

အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။

ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။

websitelinkWebsite: http://www.mawkun.com

E-mail: mawkunmagazine@gmail.com

 

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."