ဓာတ်ပုံ – သခင်အုန်းမြင့် အရှေ့တောင်အာရှ မဟာမိတ်စစ်သေနာပတိချုပ်မောင့်ဘက်တန် နှင့် တွေ့ရန် ရန်ကုန်မြို့အစိုးရအိမ်တော်သို့ ရောက်ရှိနေသော သခင်သန်းထွန်း၊ သခင်ဗဟိန်း နှင့် ဗိုလ်ချုပ်အောင်ဆန်း (၁၆-၆-၄၅)
ကိုဗဟိန်း
‘မကျေနပ်သော အချက်အလက်များ လုံလောက်စွာရှိက သပိတ်မှောက်ခွင့်ကို မွေးရာပါ အခွင့်အရေးကဲ့သို့ မှတ်ယူရမည်’
ဒီအဆိုအမိန့်ဟာ ၁၉၃၈ ခု နိုဝင်ဘာလဆန်းတုန်းက ပထမဆုံး ကျောင်းသားလွှတ်တော်မှာ ဗကသ ဥက္ကဋ္ဌ ကိုဗဟိန်း ပြောခဲ့တဲ့ မိန့်ခွန်းဖြစ်ပါတယ်။ အဲဒီကာလမှာ ဗမာပြည်ဟာ နယ်ချဲ့လက်အောက် ရောက်နေချိန်မို့ အမျိုးသားရေးစိတ် မြင့်မားကြတဲ့ ကိုဗဟိန်းလို ကျောင်းသားတွေက ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်တိုက်ပွဲ ဝင်နေချိန် ဖြစ်ပါတယ်။
ဓာတ်ပုံ – သခင်အုန်းမြင့် သခင်ဗဟိန်း ( ၁၉၁၇- ၁၉၄၆ )
အလုပ်သမားများဟာ မိမိရဲ့ဘဝအခြေအနေကို မသိရင် အလုပ်ရှင်တို့ထံ လိုအပ်ချက်တွေကို တင်ပြတောင်းဆိုနိုင်မှာ မဟုတ်။ ဒါကြောင့် အလုပ်သမားတွေကို ပညာတတ်များက မျက်စိဖွင့်ပေးရမယ်။ ပြင်သစ်တော်လှန်ရေးကြီး မတိုင်မီက ပြင်သစ် အလုပ်သမားတွေလည်း ဒီနည်းအတိုင်း ဘာမှမသိဘဲ စိတ်ပျက်ဖွယ် ခံနေခဲ့ကြရတဲ့အတွက် စာရေးဆရာတွေက မျက်စိဖွင့်ပေးခဲ့ကြရပုံကို သခင်ဗဟိန်းက အတုယူကြဖို့ ဟောပြောခဲ့ပါတယ်။
အဲဒီလို တိုက်ပွဲဝင်ခဲ့တဲ့ ကိုဗဟိန်းက စစ်ကိုင်းခရိုင် အင်းဝမြို့ ကိုင်းတန်းရပ် ဇာတိဖြစ်ပါတယ်။ အဘ ပွဲစားကြီးဦးမှင်၊ အမိ ဒေါ်ဒေါ်ဦးတို့က ၁၉၁၇၊ ဇွန် ၂၇ ရက် ဗုဒ္ဓဟူးနေ့မှာ ဖွားမြင်ခဲ့ပါတယ်။ အင်းဝမြို့ မူလတန်းကျောင်းက လေးတန်းအောင်ခဲ့ပြီး ၁၉၃၅ မှာ မ္တနလေးမြို့ အမျိုးသားအထက်တန်းကျောင်းကနေ တက္ကသိုလ်ဝင်တန်းကို အင်္ဂလိပ်၊ မြန်မာစာ၊ ရာဇဝင်ဘာသာရပ် ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။
အထက်တန်းကျောင်းသားဘဝက စပြီး ကျောင်းသားလှုပ်ရှားမှုတွေမှာ ရှေ့တန်းက ပါဝင်ဆောင်ရွက်ခဲ့တယ်။ ၁၉၃၅-၃၇ တွင် မ္တနလေး ဥပစာကောလိပ်မှာ ဆက်ပြီး ပညာသင်ခဲ့တယ်။ ၁၉၃၆-၃၇ မှာ အိုင်အေ အထက်တန်းကို ဗမာတစ်နိုင်ငံလုံး ပထမရပြီး ပါဠိဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ ၁၉၃၅-၃၆ မ္တနလေး ဥပစာကောလိပ် ကျောင်းသားသမဂ္ဂခေါင်းဆောင်အဖြစ် ၁၉၃၆ ဒုတိယကျောင်းသားသပိတ်ကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ သပိတ်အတွင်း စစ်ကိုင်းအထက်တန်းကျောင်းသွားပြီး ဦးဆောင်သပိတ်တားတဲ့အခါ ကျောင်းအုပ်ကြီး မစ္စတာဒေါင်းနဲ့ တပည့်စကောက်အဖွဲ့ဝင် ကျောင်းသားတွေ ဝိုင်းရိုက်တဲ့အတွက် ဒဏ်ရာရရှိခဲ့ပါတယ်။
၁၉၃၆ ဒုတိယကျောင်းသားသပိတ်ကြီးဟာ နယ်ချဲ့နဲ့ အမျိုးသားရေးအင်အားစုတွေအကြား အားပြိုင်မှုတစ်ခု ဖြစ်ပြီး သမိုင်းအရ တိုးတက်တဲ့ အခြေအနေသစ်တွေကို ရရှိခဲ့ပါတယ်။ ကျောင်းသားတွေအားလုံး ဗကသအဖွဲ့ချုပ်အောက်မှာ သွေးစည်းညီညွတ်စွာနဲ့ ပါဝင်လာတဲ့အတွက် အောင်မြင်မှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။ ကိုဗဟိန်းလို သမဂ္ဂခေါင်းဆောင်တွေကြောင့် ကျောင်းသားတွေအားလုံး အခြေခံအထက်တန်း အပါအဝင် ပထမဦးဆုံး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အောက်မှာ စုစည်းမိကြတာ ဖြစ်ပါတယ်။ တက္ကသိုလ်ဆိုတာလည်း အမှန်တရားအတွက် တိုက်ပွဲဝင်တဲ့နေရာဖြစ်လာပါတယ်။ ၁၉၂ဝ နဲ့ ၁၉၃၆ ကျောင်းသားသပိတ်တွေကြောင့် တက္ကသိုလ်ကျောင်းသားတွေဟာ စည်းစိမ်ခံ ယစ်မူးတဲ့ စိတ်ဓာတ်တွေအစား အဲဒီကာလနဲ့ ကိုက်ညီတဲ့ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ပြောင်းလဲသွားခဲ့ကြပါတယ်။
၁၉၃၇၊ မေ ၉ ရက်နဲ့ ၁ဝ ရက်မှာ ဒုတိယအကြိမ် ဗကသညီလာခံကို မ္တနလေးက ဆရာကြီးဦးရာဇတ်ရဲ့ ဗဟိုအမျိုးသား အထက်တန်းကျောင်းမှာ ကျင်းပခဲ့ပါတယ်။ ကိုဗဟိန်းက ညီလာခံ ဧည့်ခံကြိုဆိုရေးကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တယ်။ ညီလာခံကို အိန္ဒိယ ကွန်ဂရက်ပါတီ ခေါင်းဆောင် ပဏ္ဍစ်ဂျဝါဟာလာနေရူးနဲ့ သမီးအင်ဒီရာဂန္ဒီတို့ တက်ရောက်ပါတယ်။ သဘာပတိအဖြစ် ကိုအောင်ဆန်းက ဆောင်ရွက်ခဲ့တယ်။ ညီလာခံအဖွင့် နှုတ်ခွန်းဆက်စကားကို ဧည့်ခံကော်မတီဥက္ကဋ္ဌ ကိုဗဟိန်းက အင်္ဂလိပ်လိုပြောပါတယ်။ ကိုဗဟိန်းရဲ့ မိန့်ခွန်းဟာ ပြည့်စုံကောင်းမွန်လှတဲ့အတွက် ဗကသသမိုင်းမှာ ချန်ထားလို့ မရပါ။ အဲဒီညီလာခံကစပြီး ကိုဗဟိန်းရဲ့ ခေါင်းဆောင်မှုစွမ်းရည်က ပိုမိုထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။
ကိုဗဟိန်းက ၁၉၃၇၊ ဇွန်မှာ ရန်ကုန်တက္ကသိုလ်ကို ရောက်ပါတယ်။ ၁၉၃၇-၃၈ ဗကသ အမှုဆောင်အဖွဲ့ရွေးကောက်တင်မြှောက်တဲ့ အခါ ကိုအောင်ဆန်းက ဥက္ကဋ္ဌ၊ ကိုလှရွှေက ဒုဥက္ကဋ္ဌ၊ ကိုဗဟိန်းက ဗကသ အာဘော် မျိုးညွန့်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ ဖြစ်လာပါတယ်။ အဲဒီနှစ်ထဲမှာပဲ ကိုဗဟိန်းဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရပါတယ်။ ကိုဗဟိန်းက သူ အယ်ဒီတာလုပ်နေတဲ့ မျိုးညွန့်မဂ္ဂဇင်းမှာ ဗမာပြည်လူထုရဲ့ အခြေအနေနဲ့ ကျောင်းသားတွေရဲ့ဘဝ အပြန်အလှန်ထင်ဟပ်စေတဲ့ ဆောင်းပါးတွေ ထည့်သွင်းပါတယ်။ ကိုယ်တိုင်လည်းရေးပါတယ်။ သူရေးတဲ့ ဆင်းရဲသားပစ္စည်းမဲ့များနှင့် ကျောင်းသားများ ဆောင်းပါးမှာ နိုင်ငံရေးလုပ်ငန်း အစစ်ဆိုသည်မှာ ဗမာနိုင်ငံ၏ ၉ဝ ရာခိုင်နှုန်းခန့်ရှိသော တောသူ တောင်သား ဆင်းရဲသား၊ အလုပ်သမား၊ လယ်သမားများ လူတန်းစေ့ နေထိုင်နိုင်ကြရန် (၁) အစားအစာ (၂) အဝတ် (၃) နေအိမ် (၄) ပညာရေး (၅) ကျန်းမာရေး စသည့် အချက်ကြီး ငါးချက်နှင့် ပြည့်စုံအောင် ကြိုးပမ်းကြရမည်ဟု ရေးသားထားတာ တွေ့ရပါတယ်။
ဓာတ်ပုံ – သခင်အုန်းမြင့် ကိုဗဟိန်းနှင့် ဇနီးမခင်ကြီး
၁၉၃၈၊ ဧပြီ ပုသိမ်မြို့မှာ ကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံ တက်ရောက်ခဲ့ပါတယ်။ ညီလာခံမှာ လွတ်လပ်ရေးရရန် တစ်ခုတည်းသောလမ်းမှာ အစိုးရကို လက်နက်ကိုင်ပုန်ကန်ရေးသာဖြစ်ကြောင်း òန်ပြဟောပြောခဲ့ပါတယ်။ ၁၉၃၈-၃၉ မှာ ကိုအောင်ဆန်းက တကသဥက္ကဋ္ဌ ဖြစ်လာပြီး ကိုဗဟိန်းက ဒုဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ၁၉၃၈ အောက်တိုဘာမှာ ကိုအောင်ဆန်း တက္ကသိုလ်က ထွက်ပြီး တို့ဗမာအစည်းအရုံး ဝင်သွားတဲ့အတွက် ကိုဗဟိန်းဟာ တကသ စည်းမျဉ်းအရ ဥက္ကဋ္ဌ တက်လုပ်ရသလို ဗကသမှာလည်း နောင်ကွန်ဖရင့်အထိ ဥက္ကဋ္ဌတာဝန်ကို ယူရပါတယ်။ အေဝမ်းရုပ်ရှင်ရဲ့မြဂနိုင်ဇာတ်ကားအတွက် ဗကသဥက္ကဋ္ဌ ကိုဗဟိန်းက ရွှေတံဆိပ်ချီးမြှင့်ရပါသေးတယ်။
၁၉၃၈၊ နိုဝင်ဘာမှာ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးရဲ့ ရေနံမြေအလုပ်သမားသပိတ်တပ်ကြီးကို မကွေးမြို့ အာဏာပိုင်တွေက ပိတ်ဆို့ တားမြစ်ကြပါတယ်။ ရန်ကုန်ကို ဆက်လက်ပြီး ချီတက်အရေးဆိုနိုင်ရေးအတွက် ကိုဗဟိန်းခေါင်းဆောင်တဲ့ ကျောင်းသားတွေက ကူညီဖို့ သွားရောက်ခဲ့ကြပါတယ်။ ကိုဗဟိန်းက မကွေးမြို့ မဲထီးကျောင်းတိုက်မှာ ပြုလုပ်တဲ့ သပိတ်တပ်သားတွေ တရားပွဲမှာ ‘မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်’လို့ ရဲရဲတောက်မိန့်ခွန်း ပြောကြားခဲ့ပါတယ။် ပြောခဲ့တဲ့အတိုင်း ၁၃၀၀ပြည့် အရေးတော်ပုံဆိုတဲ့ သပိတ်မီးကြီးဟာ တစ်နိုင်ငံလုံး ဟုန်းဟုန်းတောက်သွားတဲ့အထိ ကူးစက်ပျံ့နှံ့သွားခဲ့တာပါ။ ပုဒ်မ ၁၄၄ ကို ဆန့်ကျင်ဖို့ တရားဟောတဲ့ဗကသဥက္ကဋ္ဌ ကိုဗဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေနဲ့ ကျောင်းသားနှစ်ဦးတို့ကို မကွေးမြို့မှာ ဖမ်းဆီးပြီး ထောင် သုံးလ ချခဲ့ပါတယ်။
၁၉၃၉ နှစ်ဆန်း အင်းစိန်ထောင်ထဲနေရစဉ် ဓနရှင်လောက၊ ကျောင်းသားအရေးတော်ပုံ၊ ကမ္ဘာစစ်နှင့် ဗမာ့နောင်ရေး စတဲ့ စာအုပ် သုံးအုပ်ကို ရေးသားခဲ့ပါတယ်။ နိုင်ငံရေးစာပေသာမက ရသစာပေ၊ ဝတ္ထု၊ ဆောင်းပါးတွေကို ဒဂုန်မဂ္ဂဇင်း၊ နဂါးနီဂျာနယ်နဲ့ လက်ရွေးစင် မဂ္ဂဇင်းတွေမှာ ရေးသားခဲ့သူဖြစ်ပါတယ။် ကိုဗဟိန်း ဟာ စာရေးကောင်း သ ူအနုပညာအားကောင်းသူ ဖြစ်ပါတယ်။ ၁၉၄ဝ ထုတ် ဒဂုန်တာရာရဲ့ မေ ဝတ္ထုက ကိုဗဟိန်းရဲ့ အမှာဟာ မြန်မာစာပေလောကမှာ ထင်ရှားပါတယ်။ ဂေါ်ကီ၏ ဝတ္ထုတိုကို ဆီလျော်အောင် ဘာသာပြန်ရုံမက ပင်ကိုရေး အနေနဲ့ ‘လေလွင့်သူ’၊ ‘ဘဝခရီး’ စတဲ့ နိုင်ငံရေးနောက်ခံ ဝတ္ထုတိုတွေကိုလည်း ရေးသားခဲ့ပါတယ်။ ‘လူ့အလို’ ဆိုပြီး နာမည်ပေးထားတဲ့ ချားလ်စ်ဒစ်ကင်ရဲ့ ‘ဂရိတ်အိပ်စပက်တေးရှင်း’ကို ဘာသာပြန်နေစဉ် စစ်ကြီးဖြစ်လာလို့ အဆုံးမသတ်နိုင်ခဲ့ပါ။
ဓာတ်ပုံ – သခင်အုန်းမြင့် ဗားကရာ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်တွင် တွေ့ရသော သခင်သန်းထွန်း(ဘယ်အစွန်)၊ သခင်ဗဟိန်း(တိုက်ပုံအနက်နှင့်)၊ သခင်သိန်းဖေ(ညာအစွန်) နှင့် ရဲဘော်၊ ရဲဘောမများ
ဂီတမှာလည်း ကိုဗဟိန်းဟာ တစ်မျက်နှာကျော်ရှည်လျားတဲ့ ‘ဇမ္ဗူကျွန်းလုံး’ သီချင်းခန့်ကို အံ့သြဖွယ်ကောင်းလောက်အောင် အစအဆုံး ဆိုနိုင်ပါသတဲ့။ သူဟာ အေဝမ်းဓာတ်ပြားတွေကို နှစ်သက်ပါတယ်။ ပြည်လှဖေဆိုတဲ့ ‘နတ်ရှင်နောင်’သီချင်းနဲ့ ‘ပေါ်နွေလလျှင်’ ရတုကို ညည်းတတ်သူပါ။ ဒိုရာသန်းအေးရဲ့ ‘လှေကလေး’ကိုလည်း သူအတော်သဘောကျပါတယ်။ ချစ်ဒုက္ခ ဦးဘညွန့်သီဆိုတဲ့ ‘ဆုထူးရွယ်’သီချင်းကို ဓာတ်ပြားမထွက်ခင်ကတည်းက အလွတ်ရနေသူဖြစ်ပါတယ်။ ကိုဗဟိန်းကား အခြားနိုင်ငံရေးသမားများလို မဟုတ်။ အနုပညာသမားတွေနှင့်လည်း ခင်မင်ပေါင်းသင်းသူဖြစ်လေသည်ဆိုပြီး ဆရာဒဂုန်တာရာက ရေးဖူးပါတယ်။
၁၃ဝဝ ပြည့်အရေးတော်ပုံကြီး ပြီးသွားတဲ့အခါ ၁၉၃၉ မေ ၄ ရက်မှာ ကျင်းပခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ ညီလာခံကြီးက ကိုဗဟိန်းကို တကသနဲ့ ဗကသ နှစ်ခုစလုံးရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ အဲဒီကာလမှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကမ္ဘာ့ကျောင်းသားများအဖွဲ့ချုပ်ရဲ့ တောင်းခံချက်အရ ‘ပညာရေးနှင့် ဗမာနိုင်ငံကျောင်းသားများ’ စာတမ်းရှည်တစ်စောင် ရေးသားခဲ့ပါတယ်။ ၁၉၃၉၊ မတ်ထဲမှာ ကိုဗဟိန်းဟာ ဒဂုန်တာရာနဲ့အတူ တရုတ်၊ မြန်မာနယ်စပ်ကိုသွားခဲ့ပါတယ်။ လမ်းပန်းအခြေအနေကောင်းရင် တရုတ်ပြည်ဘက်ကို ကူးပြီး အမှတ် ၈ တပ်နီတော်ရှိတဲ့ အနောက်မြောက်ပြည်နယ်ကို သွားရောက်ကာ နိုင်ငံခြားအကူအညီရရှိဖို့ ကြိုးစားကြတာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ကို အင်္ဂလိပ်အစိုးရရဲ့ ရှမ်းပြည်ပုဒ်မ ၁ဝ နဲ့ တားဆီးခံရလို့ နမ္မတူမြို့ကနေ ပြန်လှည့်လာရပါတယ်။ ၁၉၃၉၊ သြဂုတ် ၁၅ မှာတော့ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း၊မြေနုလမ်း၊ အမှတ် ၁၄၊ ကိုဗဟိန်းအိမ်မှာ သခင်အောင်ဆန်း၊ သခင် ဗဟိန်း၊ သခင်လှဖေ(နောင် ဗိုလ်လကျ်ာ)၊ သခင်စိုး၊ သခင်ဗိုလ်၊ ရဲဘော်ဘတင်၊ ဒေါက်တာနတ်တို့နဲ့အတူ ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်ဖွဲ့စည်းခဲ့တယ်။
ကိုဗဟိန်းဟာ သခင်သန်းထွန်းရဲ့ လမ်းညွှန်မှုကို ခံယူခဲ့တယ်။ သခင်စိုးနဲ့ သခင်သန်းထွန်းရဲ့ မာ့က်စ်ဝါဒ ဘာသာပြန်များကို ကျောင်းသားတွေ ဖတ်ရှုလာကြပါတယ်။ ကျောင်သားခေါင်းဆောင်တွေဟာ တို့ဗမာအစည်းအရုံးလှုပ်ရှားမှုကို အားကျလာကြတယ်။ ကျောင်းသားခေါင်းဆောင်တွေနဲ့ တို့ဗမာအစည်းအရုံး ဆက်ဆံမှုရှိခဲ့တယ်။ ၁၉၃၅-၃၆ မှာ သခင်ထိန်ဝင်းနဲ့ ကိုထွန်းအုံတို့ စတင် ဆက်သွယ်မိချိန်ကစပြီး တို့ဗမာအစည်းအရုံးနဲ့ တကသ ဆက်သွယ်မိခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင်တွေဟာ တို့ဗမာအစည်းအရုံးက တစ်ဆင့် ဆိုရှယ်လစ်စာပေတွေ လေ့လာခဲ့ပြီး အမျိုးသားရေးအပေါ် အခြေခံတဲ့ အိုင်ယာလန်တော်လှန်ရေးက ဆင်ဖိန်းအဖွဲ့အကြောင်းကိုလည်း လေ့လာခဲ့ကြပါတယ်။ ၁၉၃၉၊ အောက်တိုဘာ ၁ ရက်မှာ ဗမာ့ထွက်ရပ်ဂိုဏ်း ဖွဲ့စည်းနိုင်ရေးအတွက် ကျောင်းသားခေါင်းဆောင်အဖြစ် ပါဝင်ခဲ့တယ်။ ၁၉၄ဝ မှာ ဆရာအတတ်သင်ကျောင်းသူ မခင်ကြီးနဲ့ လက်ထပ်ပြီး နှစ်ဦးစလုံး တို့ဗမာအစည်းအရုံး ဝင်ရောက်ခဲ့ပါတယ်။
ဓာတ်ပုံ – သခင်အုန်းမြင့် ကိုဗဟိန်းနှင့် သခင်နုမိသားစု
သခင်ဗဟိန်း
ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေး၊ ဗမာ့နိုင်ငံရေး အခြေအနေတွေကြောင့် ဘီအေအထက်တန်းစာမေးပွဲကို မဖြေဆိုတော့ဘဲ တို့ဗမာအစည်းအရုံးဝင်ကာ သခင်ဘွဲ့ခံယူပြီးနောက် ၁၉၄ဝ၊ ဖေဖော်ဝါရီ ၁၉ ရက်မှာ တို့ဗမာအစည်းအရုံးဌာနချုပ် အလုပ်သမားဌာနအတွင်းရေးမှူးအဖြစ် တာဝန်ပေးခံရပါတယ်။ ၁၉၄ဝ၊ မတ်မှာ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ သခင်ခင်အောင်၊ သခင်တင်မောင် (ပန်းတနော်)၊ သခင်အုန်းမြင့်တို့ ပါဝင်တဲ့အဖွဲ့ဟာ အိန္ဒိယနိုင်ငံ ရမ်းဂါးညီလာခံ တက်ရောက်ခဲ့ကြပါတယ်။ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ အပါအဝင် အိန္ဒိယနိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအချိန်က ဗမာပြည် နိုင်ငံရေးသမားတွေကြားမှာ လမ်းစဉ်သုံးခု ကွဲပြားကြပါတယ်။ ပထမလမ်းစဉ်က ဗမာပြည် လွတ်လပ်ရေး ရဖို့ မည်သူနဲ့မဆို ပေါင်းမယ်လို့ဆိုပါတယ်။ ဒုတိယလမ်းစဉ်သမားတွေက လွတ်လပ်ရေးရဖို့ မည်သူ့မှ မယုံရ။ ဂျပန်ရော၊ အင်္ဂလိပ်ပါ စစ်မျက်နှာ နှစ်ဖက် ဖွင့်ရမယ်လို့ဆိုပါတယ်။ တတိယအုပ်စုက ဆိုဗီယက်ပြည်ထောင်စုကို ဂျာမန်ဖက်ဆစ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှစကာ ကမ္ဘာစစ်ရဲ့ လက္ခဏာပြောင်းသွားပြီး အင်္ဂလိပ်နယ်ချဲ့သမားကို ဖက်ဆစ်တိုက်ဖျက်ရေးအတွက် မဟာမိတ်အဖြစ် ထားနိုင်တယ်လို့ ယူဆကြပါတယ်။ အဲဒီအစုမှာ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗိုလ်၊ သခင်ကျော်စိန်နှင့် သခင်တင်မောင်ကြီးတို့ ပါဝင်ကြပါတယ်။ ကိုဗဟိန်းဟာ ဒုတိယလမ်းစဉ်သမား ဖြစ်ပေမယ့် နောင်မှာ တတိယလမ်းစဉ် မှန်ကန်သည်ကို လက်ခံကာ တော်လှန်ရေးလုပ်ငန်းတွေမှာ တက်ကြွစွာ လိုက်ပါ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
၁၉၄၁ မတ် ၆ ရက် ရန်ကုန်မြို့၊ စမ်းချောင်းရပ်၊ မြသိန်းတန်ဓမ္မာရုံမှာ ကျင်းပတဲ့ ကျောက်သွေးသမားတွေရဲ့ အစည်းအဝေးမှာ အလုပ်သမားများဟာ မိမိရဲ့ဘဝအခြေအနေကို မသိရင် အလုပ်ရှင်တို့ထံ လိုအပ်ချက်တွေကို တင်ပြတောင်းဆိုနိုင်မှာ မဟုတ်။ ဒါကြောင့် အလုပ်သမားတွေကို ပညာတတ်များက မျက်စိဖွင့်ပေးရမယ်။ ပြင်သစ်တော်လှန်ရေးကြီး မတိုင်မီက ပြင်သစ်အလုပ်သမားတွေလည်း ဒီနည်းအတိုင်း ဘာမှမသိဘဲ စိတ်ပျက်ဖွယ် ခံနေခဲ့ကြရတဲ့အတွက် စာရေးဆရာတွေက မျက်စိဖွင့်ပေးခဲ့ကြရပုံ ကိုသခင်ဗဟိန်းက အတုယူကြဖို့ ဟောပြောခဲ့ပါတယ်။
သခင်ဗဟိန်းဟာ ၁၉၄၁၊ မတ် ၁ဝ ရက် ပဲခူးမြို့မှာ ကျင်းပတဲ့ ပဉ္စမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံး ဒုတိယအစည်းအဝေးက ဗဟိုမြေအောက်တော်လှန်ရေးအဖွဲ့ (Under ground Unit) ဝါဒပြန့်ပွားရေး တာဝန်ခံအဖြစ် တာဝန်ပေးခံရပါတယ်။ အဲဒီတာဝန်အရ အရေးတော်ပုံ၊ ဗမာ့တော်လှန်မှု၊ မီးပွားစာစောင်များကို ကွန်မြူနစ်ပါတီအမည်နဲ့ လျှို့ဝှက်ဖြန့်ဝေခဲ့တယ်။ ၁၉၄၁ မှာ မြန်မာ့အလင်းသတင်းစာ ဘာသာပြန် အယ်ဒီတာအဖြစ် ဆောင်ရွက်ပြီး တစ်ဖက်တွင် နိုင်ငံရေးလုပ်ခဲ့ပါတယ်။ လျှို့ဝှက်တာဝန်တွေကို ထမ်းဆောင်နေစဉ် ၁၉၄၁ အောက်တိုဘာတွင် ဗြိတိသျှအစိုးရရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။
၁၉၄၁-၄၂ မှာတော့ မော်လမြိုင်၊ သာယာဝတီ၊ မ္တနလေးထောင်တွေမှာ အကျဉ်းချခံခဲ့ရတယ်။ မ္တနလေးထောင်ပွင့်သွားတဲ့အချိန်မှ လွတ်မြောက်လာခဲ့တယ်။ ထောင်ကလွတ်လာပြီး ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများကို ဇောက်ချ လုပ်ကိုင်ခဲ့တယ်။ သခင်ဗဟိန်းဟာ ဂျပန်ခေတ် ဗမာအစိုးရအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးသခင်နုလက်အောက်မှာ ဒုတိယ အတွင်းဝန် အဖြစ် ဆောင်ရွက်ခဲ့တယ်။ ဂျပန်ခေတ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ ဦးဆောင်တဲ့ တစ်ခုတည်းသော တရားဝင် နိုင်ငံရေး အဖွဲ့ အစည်းဖြစ် တဲ့ရန်ကုန်မြို့၊ ဂွတ္တလစ်ရပ်ရှိ တို့ဗမာ ဆင်းရဲသား အစည်းအရုံးဌာနချုပ်သို့ သခင်ဗဟိန်းမကြာခဏ သွားရောက်လေ့ရှိပြီး ဖက်ဆစ်ဆန့်ကျင်ရေး လုပ်ငန်းတွေကို လျှို့ဝှက်ဆောင်ရွက်ခဲ့ပါတယ်။ ဖက်ဆစ်တော်လှန်ရေးအတွက် သခင်ဗဟိန်းဟာ ဇနီးသည် မခင်ကြီး၊ သခင် ဗသိန်းတင်တို့နဲ့အတူ ကွမ်းခြံကုန်းမြို့ နယ် အင်ဂလုံရွာမှာ သခင်စိုးပို့ချတဲ့ မာ့က်စ်ဝါဒ သဘောတရား သင်တန်း ရက် ၂ဝ ကျော် တက်ခဲ့ကြပါတယ်။ ရန်ကုန်ပြန်ရောက်ပြီး ၁၉၄၄၊ သြဂုတ်လဆန်းမှာ သခင်ဗဟိန်းတို့ ဇနီးမောင်နှံဟာ တော်လှန်ရေးအတွက် တောင်ငူနယ်ကို ထွက်ခဲ့ကြပါတယ်။
ကာနယ်ဗဟိန်း
၁၉၄၄၊ သြဂုတ် ပထမပတ် ပဲခူးမြို့ စံပြတပ်ရင်းမှာ ဖွဲ့စည်းခဲ့တဲ့ ဖက်ဆစ် တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်(ဖတပလ)က ဖက်ဆစ်တော်လှန်ရေးအတွက် စစ်တိုင်းခုနစ်တိုင်းနဲ့ ဒေသကြီးသုံးခု သတ်မှတ်ခဲ့တယ်။ တိုင်းအလိုက်ခေါင်းဆောင်တွေကို သတ် မှတ်တဲ့အခါ တိုင်း ၁ အတွက် စစ်ရေးခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံရေးခေါင်းဆောင်အဖြစ် သခင်ဗဟိန်းကို ရွေးချယ်ခဲ့ပါတယ်။ သခင်ဗဟိန်းဟာ တောင်ငူနယ်မှာ ဖက်ဆစ်တော်လှန်ရေးအတွက် အတွေးအခေါ်၊ သဘောတရား သင်တန်းများကို မရပ်မနား ပို့ချခဲ့တယ်။ ပို့ချခဲ့တဲ့ ဘာသာရပ်တွေက လွတ်လပ်ရေးကြေညာစာတမ်း ၁ နှင့် ၂၊ တော်လှန်ရန် စိုင်းပြင်းကြစို့၊ ကရင်၊ ဗမာ သွေးစည်းရေး၊ စစ်၏ နည်းသစ်များ၊ လျှို့ဝှက်ရေးကို မည်သို့ကျင့်သုံးမည်နည်းစတဲ့ စာတမ်းများ ဖြစ်ကြပါတယ်။
ဓာတ်ပုံ – သခင်အုန်းမြင့် ကိုဗဟိန်း၏ ဈာပနတွင် လိုက်ပါပို့ဆောင်ကြသူများ
သခင်ဗဟိန်းဟာ ရုပ်ရည်သွင်ပြင်အားဖြင့် ခပ်ချောချော ခပ်နုနုပါ။ သူဟာ ကျောင်းသားခေါင်းဆောင်၊ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်ပေမယ့် ကြမ်းတမ်းတဲ့ လက်နက်ကိုင်တိုက်ပွဲကို နိုင်နင်းစွာဦးဆောင်နိုင်တဲ့ စစ်ရေးခေါင်းဆောင် ဖြစ်ကြောင်း တောင်ငူခရိုင် ရဲခေါင်ပြောက်ကျားတိုက်ပွဲများနဲ့ သက်သေပြခဲ့ပါတယ်။ သခင်ဗဟိန်းရဲ့ အောင်မြင်တဲ့ စည်းရုံးရေးတစ်ခုက သူကိုယ်တိုင်ပြုစုရေးသားပြီး သင်ကြားပို့ချခဲ့တဲ့ ‘ကရင်-ဗမာသွေးစည်းရေး’စာတမ်းပါပဲ။ အဲဒီစာတမ်းကြောင့် အရှေ့ရိုးမမှာ ကရင်၊ ဗမာ ညီညွတ်ရေးသာမက လူမျိုးစုံ သွေးစည်း ညီညွတ်ရေး အင်အားကောင်းခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက သခင်သိန်းဖေ (သိန်းဖေမြင့်) လေထီးနဲ့ချပေးတဲ့ စာအုပ်များအနက် ‘ပြင်သစ်ပြည်လွတ်လပ်ရေးတိုက်ပွဲ’၊ လီနင်ရေး ‘အစိုးရနှင့် တော်လှန်ရေး’၊ ‘ဂျူးရင်းအား ချေပချက်’ ‘လုဒွစ်ဖြူးဝါးဘက်’ အစရှိသော ကျမ်းတွေကို ထန်းတပင်မြို့နယ် သရက်တန်း၊ ဂွအိုင် အရှေ့ဘက်မှာရှိတဲ့ ယာတဲတွေမှာ ဘာသာပြန်ခဲ့တာဖြစ်ပါတယ်။ သူဟာ သူ့ခံနိုင်ရည်ထက် အဆပေါင်းများစွာ အလုပ်လုပ်ခဲ့တယ်။ သူ့ဘေးမှာ သူ့ရဲ့အဖော် သူ့ချစ်ဇနီး မရှိ။ တော်လှန်ရေးနဲ့အတူ ကာဘိုင်သေနတ်တစ်လက်သာ သူ့အဖော်အဖြစ် ရှိနေခဲ့ပါတယ်။ ဖက်ဆစ်တော်လှန်ရေးအတွက် ‘အား’ဖြစ်စေမယ့် တော်လှန်ရေးသဘောတရားတွေအနက် ဒေသအခြေအနေနဲ့ ကိုက်ညီတဲ့ ပြောက်ကျားစစ်ရဲ့ နည်းသစ်တွေကိုလည်း ကိုယ်တိုင် ရေးသားပြုစုခဲ့သူဖြစ်ပါတယ်။
သခင်ဗဟိန်းဟာ တောင်ငူခရိုင် နေရာအနှံ့အပြားမှာ ဖက်ဆစ်တော်လှန်ရေး သဘောတရား တွေကို မနားတမ်း လှည့်လည် ပို့ချခဲ့တယ်။ ပြောက်ကျားတပ်တွေရဲ့ ဗဟိုဌာနချုပ်ဖြစ်တဲ့ ဆင်ပချပ်ရွာအနီး တောင်ခြေမှာရှိတဲ့ စခန်းမှာ နေပြီး တော်လှန်ရေးလုပ်ငန်းတွေကို ညွှန်ကြားခဲ့တယ်။ ၁၉၄၅၊ မတ် ၆ ရက်ညမှာအထက် ဗမာပြည် တိုင်းမှူးဖြစ်တဲ့ ဗိုလ်မှူး ဗထူးဟာ ဖြူးမြို့နယ် ကြူအင်းရွာမှာ သခင်ဗဟိန်းနဲ့ လျှို့ဝှက်တွေ့ဆုံကာ တော်လှန်ရေးကိစ္စတွေကို အသေးစိတ်ဆွေးနွေးခဲ့ကြပါတယ်။ တောင်ငူခရိုင်ရဲ့ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲတွေမှာ သခင်ဗဟိန်း၊ သခင်သန်းဖေတို့ ခေါင်းဆောင်တဲ့ ရဲခေါင်ပြောက်ကျား တပ်တွေဟာ ဖက်ဆစ်ဂျပန်တွေကို အကြီးအကျယ် ချေမှုန်းနိုင်ခဲ့ပါ တယ်။ သမိုင်းတွင်ရစ်တဲ့ ထွန်းပြောင်တဲ့ အောင်ပွဲတွေ ရရှိခဲ့ကြတာဖြစ်ပါတယ်။
ဓာတ်ပုံ – သခင်အုန်းမြင့် ကိုဗဟိန်း၏ ဈာပန
ပြည်သူလူထုဟာ ဖက်ဆစ်တွေကို တော်လှန်လိုစိတ် ရှိလာအောင်၊ ဖက်ဆစ်တို့ရဲ့ အတွင်းသရုပ်နဲ့ သူတို့ရဲ့ အကျင့်စရိုက်တွေကို ပြည်သူ လူထု နားလည်လာအောင်၊ တော်လှန်ရေး သဘောတရားကို သိရှိ လာအောင် ဟောပြောပို့ချမှု၊ စနစ် တကျ စည်းရုံးတတ်မှု၊ တော်လှန်တတ်မှုတွေကို ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင် သခင်ဗဟိန်းရဲ့အကြောင်းကို ရေးသားဖော်ပြမှုဟာ အင်မတန်နည်းပါးပါတယ်။ တကယ်တော့ စစ်ရေးဆိုတာ နိုင်ငံရေးရဲ့ လက်အောက်ခံပါပဲ။ စစ်ရေးကို ဦးဆောင်သွားတာ နိုင်ငံရေးပါပဲ။ ၁၉၄၅ မှာ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးကြီးမှာ ပြည်သူလူထုကို ဖက်ဆစ် ဆန့်ကျင်ရေးသဘောတရားတွေကို နားလည်လာအောင်၊ စနစ်တကျ တော်လှန်တတ်လာအောင် နိုင်ငံရေးနည်းအရ စည်းရုံးပို့ချ လမ်းညွှန်ပြခဲ့တဲ့ သခင်ဗဟိန်းကို မဟာမိတ်ဖြစ်တဲ့ အင်္ဂလိပ်စစ် ခေါင်းဆောင်တွေသည်ပင်လျှင် ဗိုလ်မှူးကြီးအဆင့် ကာနယ်ဗဟိန်းဆိုပြီး သတ်မှတ်ဆက်ဆံရတာ ဖြစ်ပါတယ်။
ရဲဘော်ဗဟိန်း
ဖက်ဆစ်တော်လှန်ရေးအပြီးမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်၊ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ်(ဖတပလ) ဗဟိုဦးစီးအဖွဲ့ဝင်နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့အာဏာဂျာနယ် အယ်ဒီတာချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီလို တာဝန်ထမ်းဆောင်နေစဉ် ငှက်ဖျားရောဂါနဲ့ ဆင်းရဲပင်ပန်းမှုဒဏ်တွေကြောင့် ကျန်းမာရေးချို့တဲ့လာပေမယ့် အနားမယူဘဲ ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့အရေးတော်ပုံပါတီ ပူးပေါင်းရေး၊ ကွန်မြူနစ်ပါတီ နှစ်ခြမ်းမကွဲရေး စတာတွေအတွက် မနားမနေ ဆောင်ရွက်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ယုံကြည်အားထားဆုံးသူမှာ ကိုဗဟိန်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သူ တပ်မှထွက်ပြီး နိုင်ငံရေးလောကကို ခြေစုံပစ်ဝင်မယ်လို့ ပိုင်းဖြတ်တဲ့အခါ စစ်တပ်ကို လွှဲအပ်ဖို့ ဗမာပြည်ကွန်မြူနစ်ပါတီက သူယုံကြည်စိတ်ချတဲ့ ကိုဗဟိန်းကို တောင်းပါတယ်။ ကွန်မြူနစ်ပါတီက ပါတီလုပ်ငန်းတာဝန် အများအပြားရှိနေတဲ့ ကိုဗဟိန်းကို မပေးနိုင်ခဲ့ချေ။ကိုဗဟိန်းကိုယ်တိုင်ကလည်း စစ်သေနာပတိ ရာထူးထက် အလုပ်သမားသမဂ္ဂကိုသာ ရွေးချယ်ခဲ့ပါတယ်။
၁၉၄၆ ဖေဖော်ဝါရီ ၂၂ မှ မတ် ၇ ရက် အထိ ကျင်းပတဲ့ ကွန်မြူနစ်ပါတီရဲ့ ဒုတိယအကြိမ် ကွန်ကရက်အပြီးမှာ သခင်စိုး ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီဗမာပြည်(အလံနီပါတီ)ဟာ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့ပါတယ်။ သခင်ဗဟိန်းမှာ သခင်သန်းထွန်း၊ သခင်သိန်းဖေတို့နဲ့အတူ ဗမာပြည်ကွန်မြူနစ်ပါတီ ပေါလစ်ဗြူရိုအဖြစ် ကျန်ရစ်ပါတယ်။ ပါတီကွဲပြီးနောက် အကျိုးဆက်က ကိုဗဟိန်းရဲ့ ရောဂါ ပိုပြီး ဆိုးလာခဲ့ပါတော့တယ်။ သူ့ကို ပါတီမှလည်းကောင်း၊ သူ ဥက္ကဋ္ဌ လုပ်နေသော အလုပ်သမား သမဂ္ဂမှလည်းကောင်း အနားယူခွင့်ပေးထားရပါတယ်။ ကိုဗဟိန်းဟာ မ္တနလေးမှာရှိတဲ့ မိဘရပ်ထံပြန်ပြီး မ္တနလေးဆေးရုံကြီးမှာ ဆေးကုသရင်း အနားယူကာ ဂိုဏ်းဂဏဝါဒကို တိုက်ဖျက်တဲ့စာတမ်းကို ရေးနေပါသေးတယ်။
ဓာတ်ပုံ – သခင်အုန်းမြင့် မန္တလေးမြို့နယ်ရွာဟိုင်း သုသာန်မှ ကိုဗဟိန်း၏ အုတ်ဂူ (ယခု မရှိတော့)
ဆေးရုံတက်ချိန် လူမမာစိတ်လှုပ်ရှားမှာ စိုးရိမ်တဲ့အတွက် ကိုဗဟိန်းကို မည်သည့် သတင်းစာမှ ပေးမမဖတ်။ ဒါပေမဲ့ မုန့်ကိုပတ်ပြီး ယူလာတဲ့ သတင်းစာစက္ကူထဲက ၁၉၄၆၊ အောက်တိုဘာ ၁ဝ ရက်မှာ ဖဆပလအဖွဲ့ချုပ်ထဲက ဗမာပြည်ကွန်မြူနစ်ပါတီကို ထုတ်ပယ်လိုက်တဲ့ သတင်းကို တွေ့သွားပါတယ်။ သူ အလွန်အမင်း စိတ်ထိခိုက်သွားခဲ့ပြီး သူ့ရောဂါမှာ ပို၍ ပို၍ ဆိုးလာကာ ၁၉၄၆၊ နိုဝင်ဘာ ၂ဝ ရက် ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်း မ္တနလေးဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီး မခင်ကြီး ကျန်ရစ်ပါတယ်။ မခင်ကြီးနဲ့ သားတစ်ယောက်ထွန်းကားခဲ့ပေမယ့် သားမှာ ငယ်စဉ်ကပင် ကွယ်လွန်သွားခဲ့ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ သခင်ဗဟိန်းတို့တည်ဆောက်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးပြိုကွဲခဲ့ရတဲ့အတွက် ပြည်တွင်းစစ် ဖြစ်ခဲ့ရပါတယ်။ ပြည်တွင်းစစ်ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ဆုံးရှုံးခဲ့ရပါတယ်။ အမျိုးသားသွေးစည်းညီညွတ်ရေး မရှိရင် ငြိမ်းချမ်းရေး ရရှိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ဒါကြောင့် လက်ရှိကာလမှာ တိုင်းရင်းသားအင်အားစုအားလုံးပါဝင်တဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်မှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှာဖြစ်ကြောင်း သမိုင်းသင်ခန်းစာများ ယူသင့်တဲ့ အချိန် ဖြစ်ပါတယ်။ ကိုဗဟိန်း ဖြတ်သန်းထမ်းရွက်ခဲ့တဲ့ သမိုင်းဟာ အမိနိုင်ငံအတွက်၊ လူမျိုးပေါင်းစုံပြည်သူလူထုတစ်ရပ်လုံးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့သမိုင်း ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေး ဗိသုကာတစ်ဦး ကြွေလွင့်သွားရခြင်းဟာ တိုင်းပြည်ရဲ့အနာဂတ်အတွက် ငြိမ်းချမ်းရေးအလားအလာများ ဆုံးရှုံးရခြင်း ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
သူဟာ အကြွေစောခဲ့တဲ့ ကြယ်တစ်ပွင့်ရဲ့ ရုပ်ပုံလွှာဖြစ်တယ်။ ခေတ်ကာလကြီးရဲ့ တောင်းဆိုမှုကို အကောင်းဆုံး နှလုံသားနဲ့ တုံ့ပြန်ခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ ဖြစ်တည်မှုလို့လည်း ဆိုကြပေမယ်။ ခေတ်အဆက်ဆက် မျိုးဆက်သစ်လူငယ်တွေကသူ့ကို ‘ကိုဗဟိန်း’လို့ ခေါ် ကြပါစေ။ သူတို့ဟာ သူတို့နဲ့ ခေတ်ပြိုင်တစ်ဦးလို နုပျိုရင်းနှီးနေကြပေလိမ့်မယ်။ ထိုအရာသည်ပင် သူ့ဘဝတန်ဖိုး ဖြစ်နေခဲ့တယ်။ ထာဝစဉ် နုပျိုရှင်သန်နေတဲ့ သမိုင်းတစ်ခုရဲ့ အဓိပ္ပာယ်လည်း ဖြစ်နေလေရဲ့။
(သခင်ဗဟိန်း ရာပြည့် (၁၉၁၇-၂ဝ၁၇)အမှတ်တရ)
ဓာတ်ပုံများကို သခင်အုန်းမြင့်ထံမှ ကူးယူရရှိပါသည်။
ကိုးကား
၁။ ဘုံဘဝမှာဖြင့် သခင်တင်မြ
၂။ ရဲခေါင်ပြောက်ကျား ရဲဘော်မြ
၃။ သခင်ဗဟိန်း မြန်မာ့လွတ်လပ်ရေး
ကြိုးပမ်းမှုတွင် ရှေ့တန်းမှ ပါဝင်ခဲ့သူ မောင်ဇေယျာ
၄။ ဖက်ဆစ်တော်လှန်ရေးနှင့် သခင်ဗဟိန်း အောင်မြင့်ဦး
(မဟာဝိဇ္ဇာ)
၅။ မြန်မာနိုင်ငံ ကျောင်းသား
လှုပ်ရှားမှုသမိုင်း (၁၉ဝ၃-၁၉၆၂) အောင်ထွန်း
၆။ သခင်ဗဟိန်း (၁၉၁၇-၁၉၄၆) စိုးမြင့်
၂၀၁၇-ဇူလိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၈)မှ ပုံရိပ်လွှာ ဖြစ်ပါသည်။
ထွန်းဝင်းငြိမ်း ရေးသည်။