ရန်ကုန်၊ ၂၀၂၀ – ဇန်နဝါရီ ၃၁
ကိုရိုနာဗိုင်းရပ်စ်လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါကို တားဆီးကာကွယ်ဖို့ အစိုးရက ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို ယမန်နေ့ကဖွဲ့စည်းလိုက်ပါတယ်။
၎င်းကော်မတီတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးတို့က ဥက္ကဌများအဖြစ် တာဝန်ယူကာ ပြည်ထောင်စုအဆင့် ဒုဝန်ကြီးများ၊ တိုင်းနဲ့ပြည်နယ်၀န်ကြီးချုပ်အချို့နဲ့ အမြဲတမ်းအတွင်းဝန်များလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။
မြန်မာနိုင်ငံသို့ ဝင်ရောက်လာတဲ့ ခရီးသွားဧည့်သည်တွေနဲ့ ပြည်ပမှ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကို ကျန်းမာရေး အသိပေးမှု၊ စောင့်ကြပ်ကြည့်ရှုမှု၊ နဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ထွက်ပေါက်တွေမှာ ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
ရောဂါကာကွယ်ဖို့ လိုအပ်တဲ့ ဆေးနဲ့ဆေးပစ္စည်းတွေအပါဝင် ဓာတ်ခွဲခန်းသုံးပစ္စည်းတွေကိုလည်း တင်သွင်းပံ့ပိုးဆောင်ရွက်နိုင်ဖို့ ဝန်ကြီးဌာနအချင်းချင်း စနစ်တကျ ပေါင်းစပ်နိုင်ဖို့ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးက မနေ့က အမိန့်ကြော်ငြာ်စာအမှတ် ၂၃/၂၀၂၀ ဖြင့် တရားဝင် ထုတ်ပြန်ထားပါတယ်။
ယနေ့မနက်ပိုင်းက ကွမ်ကျိုးမြို့မှ ရန်ကုန်မြို့ကိုဆိုက်ရောက်လာတဲ့လေယာဉ်စီးနင်းလာတဲ့ တရုတ်ခရီးသည်တစ်ဦးဖျားနာလာတာကြောင့် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်စစ်ဆေးနေတယ်လို့ လေဆိပ်တာ၀န်ရှိသူတွေက အတည်ပြုထားပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံ အပါဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံ ကူးစက်ခံရပြီး သေဆုံးသူ ၂၁၃ ဦးရှိပြီး ကူးစက်ခံရသူ ၉,၈၀၀ ကျော်ရှိပါတယ်။