ကိုယ်ရေးအချက်အလက်လုံခြုံရေးဥပဒေပြဋ္ဌာန်းရန် အရပ်ဘက်အဖွဲ့အစည်းများ အကြံပြု

ကိုယ်ရေးအချက်အလက်လုံခြုံရေးဥပဒေပြဋ္ဌာန်းရန် အရပ်ဘက်အဖွဲ့အစည်းများ အကြံပြု

အောင်ပိုင်
ရန်ကုန် – သြဂုတ် ၁၀၊၂၀၂၀ (မော်ကွန်း)

မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်စနစ်ကို တွင်ကျယ်စွာအသုံးပြုလာကြသော်လည်း ကိုယ်ရေးအချက်အလက်လုံခြုံရေးနှင့် သက်ဆိုင်သည့် ဥပဒေမရှိသေးသောကြောင့် ပြဋ္ဌာန်းပေးရန် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများက အကြံပြုသည်။

နည်းပညာအခွင့်အရေးများအကြောင်း မျှဝေပေးနေသော Myanmar ICT for Development Organization (MIDO)၊ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အရေး ဆောင်ရွက်နေသော PEN Myanmar၊ အသံအဖွဲ့နှင့် အခြားသော အရပ်ဘက်အဖွဲ့အစည်း ဆယ်ဖွဲ့ကျော်က ပြုစုပြီး သြဂုတ် ၆ ရက်က ဖြန့်ဝေလိုက်သည့် မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အခြေအနေအား အကဲဖြတ်ချက် စာတမ်းတွင် အကြံပြုထားခြင်းဖြစ်သည်။

MIDO ၏ အမှုဆောင်ဒါရိုက်တာ ဒေါ်ထိုက်ထိုက်အောင်က “အစိုးရက Digital ID တွေ၊ နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေသိမ်းဖို့ Database တွေ လုပ်နေတာရှိတယ်။ အဲ့လို ဒေတာအချက်အလက်တွေ တစ်ခုခုချိုးဖောက်ခံရရင် အကာအကွယ်ပေးမယ့်၊ တရားစွဲလို့ရမယ့် ဥပဒေလုပ်ထုံးလုပ်နည်းတွေကမရှိသေးဘူး။” ဟု မော်ကွန်းကို ပြောသည်။

ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီမှ အဖွဲ့ဝင် ဦးခင်မောင်လတ်ကလည်း ကိုယ်ရေးအချက်အလက်လုံခြုံရေးနှင့် သက်ဆိုင်သည့် ဥပဒေအကြောင်းဆွေးနွေးရန် ကော်မတီသို့တင်ပြလာခြင်းမရှိ‌သေးဟုဆိုသည်။

အစိုးရသည် မိုဘိုင်းဖုန်း SIM Card များကို ကိုယ်ရေးအချက်အလက်များဖြင့် မှတ်ပုံတင်ခိုင်းစေခဲ့သည့်အပြင် ဆက်သွယ်ရေးအော်ပရေတာများသည်လည်း အသုံးပြုသူများ၏ အချက်အလက်များကို တရားမဝင်နည်းလမ်းများဖြင့် ရယူလျက်ရှိနေသော်လည်း ကိုယ်ရေးအချက်အလက်လုံခြုံရေးအတွက် ဥပဒေများကမူ ပြဋ္ဌာန်းထားခြင်းမရှိကြောင်း ယင်းစာတမ်းတွင်ဖော်ပြထားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဇွန် ၃၀ ရက်နောက်ဆုံးထား၍ လက်ရှိအသုံးပြုနေသော SIM card များကို မှတ်ပုံတင်ခိုင်းစေခဲ့ပြီး နိုင်ငံသားစိစစ်ရေးနံပါတ်တစ်ခုလျှင် နှစ်ခုထက်ပို၍ အသုံးပြုနေသော SIM card များကို ပိတ်သိမ်းမည်ဟု ကြေညာခဲ့သည်။
သို့သော် လက်ရှိအချိန်အထိ SIM card အရေအတွက် မည်မျှပိတ်သိမ်းသည်ကို တရားဝင်ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပေ။

ထို့အပြင် ထပ်တိုးအစီအစဉ်အဖြစ် SIM card အသုံးပြုသူသည် မည်သူမည်ဝါဖြစ်သည်ကို တိတိကျကျမှတ်သားဖော်ထုတ်နိုင်မည့် Biometric Data ဖြင့် SIM card မှတ်ပုံတင်ခြင်းစနစ်ကို လာမည့်နှစ်တွင် အကောင်အထည်ဖော်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ပြင်ဆင်နေသည်။ Biometric Data ဆိုသည်မှာ လူတစ်ယောက်၏ မျက်နှာ၊ မျက်လုံး၊ လက်ဗွေရာ စသည့်အချက်အလက်များကို ဆိုလိုခြင်းဖြစ်သည်။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."