“ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုပြီး ယေဘုယျ ဖော်ပြချက်လောက်နဲ့တော့ ဒါက သိပ်ပြီး အဆင်ပြေနိုင်မယ်မထင်ဘူး။ တိုင်းရင်းသားအင်အားစုတွေကလည်း ကျေနပ်မယ်မထင်ဘူး။”

“ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုပြီး ယေဘုယျ ဖော်ပြချက်လောက်နဲ့တော့ ဒါက သိပ်ပြီး အဆင်ပြေနိုင်မယ်မထင်ဘူး။ တိုင်းရင်းသားအင်အားစုတွေကလည်း ကျေနပ်မယ်မထင်ဘူး။”

NLD ပါတီက ရွေးကောက်ပွဲကြေညာစာတမ်း(၂၀၂၀) ကို ထုတ်ပြန်လိုက်ပါပြီ။ ဒီကြေညာစာတမ်းဟာ ရွေးကောက်ပွဲမှာ အနိုင်ရရင် ပြည်သူတွေအတွက် လုပ်ဆောင်ပေးမယ့်အရာတွေကို ကတိပေးတာလည်း ဖြစ်ပါတယ်။

ဒီကတိကဝတ်တွေက ပြည်သူတွေကို ဘယ်လို လုပ်ဆောင်ပေးနိုင်မလဲ၊ ဘယ်လောက်အကျိုးရှိမလဲစတဲ့ အကြောင်းအရာတွေကို သိရှိနိုင်ဖို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

အောင်ထူးနိုင် – မေးမြန်းသည်။

မော်ကွန်း ။ ။ NLD ပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဘယ်အချက်တွေကို အကောင်အထည် ဖော်နိုင်ခဲ့သလဲ၊ ဘယ်အချက်တွေမှာ အားနည်းခဲ့တယ် ထင်လဲ။

ဦးသန်းစိုးနိုင်။ ။ ၂၀၁၅ ကြွေးကြော်သံကတော့ လူထုလိုအပ်ချက်နဲ့ အတော်ကိုက်ညီတာပေါ့။ အဲဒီအချိန်က လူထုရဲ့ လိုအပ်ချက်နဲ့ တစ်ထပ်တည်းကျသွားတဲ့အခါ လူထုက ဒါကို တော်တော်စိတ်ဝင်စားသွားတယ်။ NLD ပုံဖော်တာက တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးပေါ့။ အဲဒီသုံးခုစလုံးမှာ အကောင်အထည်ဖော်မှုနဲ့ပတ်သက်ရင် တရားဥပ‌ဒေစိုးမိုးရေးကိစ္စကတော့ အားအနည်းဆုံးဖြစ်ပါလိမ့်မယ်။ ဒီကိစ္စမှာ NLD အစိုးရက လုပ်နိုင်တဲ့စွမ်းအားမရှိဘူး။ ၂၀၀၈ အခြေခံဥပဒေအရ ဒါနဲ့ပတ်သက်ပြီး အဓိကတာဝန်ယူရတာက တပ်မတော်က ကိုင်ထားတဲ့ ဝန်ကြီးဌာနထဲမှာ ပါဝင်နေတဲ့ ပြည်ထဲရေးက တာဝန်ယူရတာ။ ပြည်ထဲရေးက လူအင်အားမပြည့်စုံမှု အချက်အလက်မပြည့်စုံမှုဆိုတဲ့ အကြောင်းအမျိုးမျိုးနဲ့ဆိုတော့ တရားဥပဒေစိုးမိုးရေးက အတော်လေး အားနည်းသွားတယ်။ နောက်တစ်ခုက တရားဥပဒေစိုးမိုးရေးမှာ တရားရုံးတွေနဲ့လည်း ဆက်စပ်နေတယ်။ တရားရုံးတွေရဲ့ အနေအထားကလည်း အကျင့်ပျက်ခြစားမှု လာဘ်ယူလာဘ်ပေးမှု အများဆုံးနေရာလို့ ပြောနေတဲ့အခါကြတော့ ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း NLD အစိုးရရဲ့ လုပ်ဆောင်နိုင်မှုအားအနည်းဆုံးက တရားဥပဒေစိုးမိုးမှုလို့ ယူဆပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးနဲ့ပတ်သက်လို့လည်း NLD အစိုးရက ဘက်နှစ်ဖက်ကနေ ကြိုးစားခဲ့တယ်။ တစ်ဖက်ကတော့ လွှတ်တော်လမ်း‌ကြောင်းပေါ့၊ လွှတ်တော်လမ်းကြောင်းကတော့ ဘာမှ ထိထိရောက်ရောက် မပြောင်းလဲနိုင်ဘဲ ရပ်ဆိုင်းပစ်ခဲ့ရတယ်။

ဒါပေမဲ့ ၂၁ ပင်လုံကနေ ဖွဲ့စည်းပြင်ဆင်ရေးမှာလည်း ပြီးခဲ့တဲ့စတုတ္ထအကျော့ ပင်လုံမှာ ရရှိချက်တွေကို ပြန်ကြည့်လိုက်ရင် ၂၀၂၀ မှာ ဆက်ပြီးလုပ်ဖို့အတွက် အခြေခံမူတွေကို ချမှတ်နိုင်ခဲ့ပေမယ့် ထူးခြားမှု မရှိဘူးလို့ ကျွန်တော် ယူဆပါတယ်။

နောက်တစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်စဉ်နဲ့ ပတ်သက်တာကလည်း စတုတ္ထအကျော့ ပင်လုံနဲ့ ဆက်စပ်နေတယ်။ ဒီမှာတော့ ပြည်တွင်းစစ်ရပ်စဲရေး၊ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး ကြိုးပမ်းတဲ့နေရာမှာ တစ်စုံတစ်ရာ တိုးတက်မှုရှိတယ်လို့ ယူဆပါတယ်။ အကြောင်းကတော့ NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့နဲ့ အစိုးရရဲ့ ဆက်ဆံရေးက အတော်လေး အခြေအနေကောင်းပြီးတော့ ၂၁ ရာစု စတုတ္ထအကြိမ် အောင်မြင်ရတာကလည်း ဒီအဖွဲ့တွေရဲ့ တက်တက်ကြွကြွ ပါဝင်မှုတွေကြောင့် အတော်လေး တိုးတက်လာတယ်ပြောရမှာပါ။ ပြည်တွင်းစစ်ရပ်စဲရေး၊ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး ကြိုးပမ်းတဲ့နေရာမှာ မြန်မာပြည်မြောက်ပိုင်းက အတော်လေးတိုးတက်မှုရှိတယ်လို့ မြင်ပါတယ်။ မြောက်ပိုင်းအဖွဲ့ဖြစ်တဲ့ FPNCC မှာ ရခိုင်တစ်ဖွဲ့ကိုပဲ အကြမ်းဖက်သတ်မှတ်ပြီး ဆက်လက်တိုက်ခိုက်နေပြီး ကျန်တဲ့ခြောက်ဖွဲ့နဲ့တော့ တပ်မတော်နဲ့ စစ်ရေးပဋိပက္ခတွေ အတော်ချုပ်ငြိမ်းသွားတာကို တွေ့ရပါတယ်။ အဲဒီတော့ အခုဆိုရင်လည်း မကြာခင်က တပ်မတော်ဘက်ကလည်း ရခိုင်မှာ စစ်ရေးလှုပ်ရှားမှုတွေ မလုပ်ဘူး။ အပစ်အခတ်ရပ်မယ်၊ အလားတူ AA ကလည်း Covid ကာလအတွင်းမှာ ပြည်သူတွေ အကျပ်အတည်းမဖြစ်အောင် သူတို့ဘက်ကလည်း ရပ်ဆိုင်းမယ်လို့ ပြောထားတဲ့အတွက် ကာလတစ်ခုအထိ ရခိုင်မှာ စစ်ရှိန်တွေ လျော့ကျသွားလိမ့်မယ်။ အခြေအနေတွေကို ထိန်းသိမ်းထားနိုင်လိမ့်မယ်။ ဒါပေမဲ့ အပြည့်အစုံတော့မဟုတ်ဘူး။ သို့သော် ဘာပဲဖြစ်ဖြစ် ဒီအကြောင်းအချက်ကို ရယူပြီးတဲ့နောက် နောက်ပိုင်း Covid အလွန်ကာလမှာ AA နဲ့ Bilateral Cease Fire Agreement အတွက် ဆွေးနွေးနိုင်မယ့်နည်းလမ်းတွေ ရှာဖွေပြီး ဖြေရှင်းမယ်ဆိုရင် မြောက်ပိုင်း FPNCC ခုနစ်ဖွဲ့လုံးနဲ့လည်း တစ်စုံတစ်ရာ စစ်ရှိန်လျှော့ချမှုတွေ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့်မို့ ဒီလုပ်ငန်းစဉ်သုံးခုထဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အတော်လေး အောင်မြင်မှုရှိတဲ့ အနေအထားတစ်ခုအထိ ရောက်လာပြီလို့ ကျွန်တော်ယူဆပါတယ်။

မော်ကွန်း ။ ။ ၂၀၂၀ ရွေးကောက်ပွဲအတွက် NLD က ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ဘယ်အချက်တွေက ထူးခြားတယ်ထင်ပါသလဲ။

ဦးသန်းစိုးနိုင် ။ ။ ဒီမှာ ထူးခြားတာတစ်ခုက လုံခြုံရေးနဲ့ငြိမ်းချမ်းရေးကိစ္စတွေနဲ့ပတ်သက်ရင် လုံခြုံရေးကဏ္ဍမှာ ပြောတာက တပ်မတော်အနေနဲ့ အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုကို လက်ခံအသိအမှတ်ပြုရန်ဆိုတဲ့ အချက်ကတော့ ထူးထူးခြားခြားပါလာတယ်။ အဲဒီလိုဖြစ်အောင်ကြိုးပမ်းမယ်။ အဲဒီတော့ ဆိုလိုတာက သမ္မတရဲ့ အုပ်ချုပ်ရေးအောက်မှာ တပ်မတော်ကလည်း ရှိနေဖို့ သူတို့ကြိုးပမ်းမယ်ပေါ့။ အစိုးရအဖွဲ့နဲ့ တပ်မတော် တစ်သားတည်းဖြစ်‌အောင် သမ္မတကနေပြီး တပ်မတော်ကို အမိန့်ပေးနိုင်အောင် ကြိုးစားသွားမယ်ဆိုတဲ့အခါကြတော့ အဲဒါကလည်း ၂၀၀၈ အခြေခံဥပဒေနဲ့ ကွဲလွဲနေတယ်။ ၂၀၀၈ မှာ ပြဋ္ဌာန်းထားတာက တပ်မတော်က အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းမှာ ပါဝင်ရမယ့် အင်အားစုတစ်ရပ်ဖြစ်နေတယ်။

အဲဒါဟာ တစ်ဘက်ကတော့ နိုင်ငံတော်ဖွဲ့စည်းပုံအရ ကာကွယ်ဦးစီးချုပ်က အဆင့်ငါးလောက်မှာ ရှိတာပေါ့။ သို့သော်လည်း တပ်မတော်ရဲ့ အခန်းကို အသိအမှတ်ပြုတဲ့နေရာမှာလည်း တပ်မတော်ဟာ အစိုးရရဲ့ လက်အောက်ခံဖြစ်တဲ့သူဟာ သီးခြားအမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာ ပါဝင်ရမယ်၊ သူကိုယ်တိုင်သီးခြား လုပ်ပိုင်ခွင့်တွေလည်း ရှိထားတယ်။ တပ်မတော်နဲ့ပတ်သက်တဲ့ စစ်ရေးဆုံးဖြတ်ချက်တွေမှာ ကျွန်တော်တို့ အရပ်သားအစိုးရဘက်ကနေ ပါဝင်မစွက်ဖက်ရဘူးဆိုတဲ့ အချက်တွေ ရှိတယ်။ အဲဒီလို ရှိနေတဲ့ အနေအထားတွေကို ပြောင်းလဲမယ်လို့ သူတို့ ဒီလို ဖော်ပြတာပေါ့။ ဒီ‌ဖော်ပြချက်က သိပ်ပြီး လက်တွေ့ဖြစ်နိုင်မယ်လို့ ကျွန်တော် မထင်ဘူး။ အဲဒီထူးခြားချက်တော့ တွေ့ရပါတယ်။ ကျန်တာကတော့ အရင်နဲ့ သိပ်မကွာပါဘူး။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်သွားမယ်၊ နောက်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ပတ်သက်လို့ သူတို့အနေနဲ့ ဆက်လက်ရရှိအောင် ကြိုးစားသွားမယ်ဆို‌တဲ့ ကိစ္စတွေ ပါပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ပတ်သက်တဲ့ကိစ္စမှာ တိုင်းရင်းသားတွေက မကျေလည်တာတွေ ရှိတယ်။ မကျေလည်တာဆိုတာက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ပတ်သက်တဲ့ ပုဒ်မ ၂၆၁ ပေါ့။ ပြည်နယ်လွှတ်တော်က သူတို့ ဝန်ကြီးချုပ်၊ သူတို့ခန့်ခွင့်ပေါ့။ အဲဒီကိစ္စ သဘောတူထောက်ခံမှုကို NLD က အစိုးရဖြစ်နေတဲ့ကာလအတွင်းမှာ မပြုခဲ့ဘူးဗျ။ အဲဒီအတွက် မကျေလည်မှုတွေ ရှိတယ်။ ဒီတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုပြီး ယေဘုယျ ဖော်ပြချက်လောက်နဲ့တော့ ဒါက သိပ်ပြီး အဆင်ပြေနိုင်မယ်မထင်ဘူး။ တိုင်းရင်းသားအင်အားစုတွေကလည်း ကျေနပ်မယ်မထင်ဘူး။ ကျွန်တော့်အမြင်က အနည်းဆုံး ဘာကို ဖော်ပြသင့်သလဲဆိုတော့ ပြည်နယ်တွေမှာ သီးခြားဖွဲ့စည်းပုံဥပ‌‌ဒေ ပြဋ္ဌာန်းခွင့်နဲ့ပတ်သက်တဲ့ကိစ္စရအောင် လုပ်မယ်ဆိုတာမျိုး ဖော်ပြစေချင်တယ်။ အဲဒီလောက်အထိ မဖော်ပြဘဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာလောက်နဲ့ တိုင်းရင်းသားဒေသတွေကို စည်းရုံးဖို့ မလုံလောက်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ အမှန်တော့ ဒီထက်ပိုပြီး တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေအပေါ်မှာ သူတို့ဘယ်လိုသဘောထားရှိတယ်ဆိုတာကို ဖော်ပြနိုင်ရင် ပိုကောင်းပါတယ်။

မော်ကွန်း ။ ။ ၂၀၁၅ ‌ရွေးကောက်ပွဲကြေညာစာတမ်းကို အကောင်အထည်ရာမှာ အားနည်းချက်တွေ ရှိခဲ့တယ်ဆိုတော့ လာမယ့်ရွေးကောက်ပွဲမှာ အစိုးရဖြစ်ခဲ့ရင်ရော အခု ကြေညာစာတမ်းက အလုပ်ဖြစ်နိုင်ပါ့မလား။

ဦးသန်းစိုးနိုင် ။ ။ NLD အစိုးရအနေနဲ့ သူတို့ပေးခဲ့တဲ့ ကတိကဝတ်တွေ မကျေပွန်မှုထဲမှာ တိုင်းရင်းသားတွေအပေါ် မကျေလည်မှုက အများဆုံးဖြစ်နေတဲ့ကိစ္စပဲ။ ဒါကြောင့် ယေဘူယျကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးမယ်ဆိုတာလောက်နဲ့တော့ မလုံလောက်ဘူးလို့ ကျွန်တော်က ပြောတာပါ။ ၂၀၂၀ အလွန်မှာ NLD က အာဏာပြန်ရမယ်ဆိုရင် အဲဒီသ‌ဘောထားကို ဆက်ပြီး အကောင်အထည်‌‌ဖော်တဲ့ နေရာမှာ တိုင်းရင်းသားတွေရဲ့ မကျေနပ်မှုနဲ့ မကျေလည်မှုတွေ ဆက်ရှိမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ တစ်ပါတီတည်း လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်တဲ့ အနေအထားမရှိဘဲနဲ့ တခြားတိုင်းရင်းသားအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်အခြေအနေကို ရောက်မယ်ဆိုရင်တော့ အခုနက ပြောတဲ့အလားအလာက ပွင့်လန်းလာနိုင်မယ်လို့ ကျွန်တော် ယူဆပါတယ်။

မော်ကွန်း ။ ။ လာမယ့် ရွေးကောက်ပွဲအတွက် NLD ရဲ့ ကြေညာစာတမ်းက ဘယ်အချက်တွေက အထောက်အကူပြုသွားမယ်လို့ ထင်ပါသလဲ။

ဦးသန်းစိုးနိုင် ။ ။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ လုံခြုံရေးစသည်အားဖြင့် အခန်းတွေကတော့ ဖော်ပြထားတာပေါ့။ ဒါတွေ အားလုံးက အတော်လေး ယေဘူယျကျတဲ့ ဖော်ပြချက်တွေဖြစ်တယ်။ နောက်တစ်ခုက ဒါတွေက အရင်ကလည်း တင်ပြဖူးတဲ့ အကြောင်းအရာတွေ ဖြစ်တယ်။ ဒါကြောင့်မို့ NLD အနေနဲ့ ဒီရွေးကောက်ပွဲ ကြေညာစာတမ်းက အားပြုနိုင်လောက်တဲ့ အနေအထားမရှိဘူး။ ဒီ‌ရွေးကောက်ပွဲ ကြေညာစာတမ်းကြောင့် NLD ကို ပိုမိုထောက်ခံလာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ဖြစ်လာလိမ့်မယ်ဆိုတဲ့ အကြောင်းအချက်တွေ အတော်နည်းပါတယ်။ ဒါတွေက ယေဘူယျတွေချည်းပါပဲ။ ဒါကြောင့် ရွေးကောက်ပွဲအတွက် တွန်းအားဖြစ်စေနိုင်လောက်တဲ့ အကြောင်းအချက် ကျွန်တော်တော့ မမြင်ဘူးလို့ ပြောရမှာပဲ။

မော်ကွန်း ။ ။ လာမယ့်ရွေးကောက်ပွဲမှာ ၂၀၁၅ တုန်းကလို သောင်ပြိုကမ်းပြိုနဲ့ NLD နိုင်သွားခဲ့မယ်ဆိုရင် ဘယ်အချက်တွေကြောင့် နိုင်မယ်လို့ ထင်လဲ။

ဦးသန်းစိုးနိုင် ။ ။ အခုဖြစ်နေတဲ့ Covid နဲ့ပတ်သက်ပြီး‌တော့ ‌ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ Covid ကာကွယ်ရေး ဗဟိုကော်မတီရဲ့ လုပ်ဆောင်ချက်တွေကတော့ ပြည်တွင်းကရော နိုင်ငံတကာကပါ အသိအမှတ်ပြုတဲ့ အကြောင်းအချက်အလက်တွေပါပဲ။ နောက်တစ်ခုက ဒီကာလအတွင်းမှာ တခြားပါတီတွေ နိုင်ငံရေးလုပ်ခွင့်မရကြသေးဘူး။ ရဖို့ကလည်း အကန့်အသတ်ရှိတယ်။ ဒါပေမဲ့ အဲဒီအတွင်းမှာ ဒီအခွင့်အရေးကို အသုံးချပြီးတော့ တိုင်းပြည်ကို Covid ရန်ကနေ ကာကွယ်ဖို့အတွက် ကြိုးပမ်းအားထုတ်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို နိုင်ငံတကာကပါ အသိအမှတ်ပြုတဲ့အဆင့် ဖြစ်နေပြီ။ အဲဒီတော့ ဒီလှုပ်ရှားမှုဟာ ရွေးကောက်ပွဲကာလအတွင်းမှာကို ဖြစ်နိုင်တဲ့အနေအထားဖြစ်နေတဲ့အတွက် ဒါဟာ NLD ပါတီကို အများစုထောက်ခံဖို့ တွန်းအားကြီးတစ်ရပ်လို့ ကျွန်တော် ယူဆပါတယ်။

မော်ကွန်း ။ ။ NLD က အစိုးရပြန်ဖွဲ့နိုင်တဲ့ အခြေအနေရော ရှိပါသလား။

ဦးသန်းစိုးနိုင် ။ ။ NLD က ဖွဲ့နိုင်မှာပါ။ ဒါပေမဲ့ တစ်ပါတီတည်းတော့ ဖြစ်နိုင်ချေ နည်းပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း NLD ပါတီရဲ့ တိုင်းရင်းသားရေးရာနဲ့ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ အားမရ မကျေနပ်တဲ့ ပြည်နယ်တွေက သက်ဆိုင်ရာ တိုင်းရင်းသားနိုင်ငံရေးအဖွဲ့တွေ ကျောချင်းကပ်ကြပြီး‌ ပြည်မက နိုင်ငံရေးပါတီတွေ အာဏာမရအောင် ကြိုးပမ်းတဲ့ဖြစ်စဉ်က ဘယ်လောက်အထိ အောင်မြင်မယ်ဆိုတာ ကျွန်တော်တို့ မှန်းဖို့ခက်ပါတယ်။ နောက်တစ်ခုက ပါဝင်လာတဲ့ နိုင်ငံရေးပါတီတွေထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ တပ်မတော်ဘက်က ထွက်လာတဲ့ အရာရှိတွေက သူတို့ သီးခြားလှုပ်ရှားတွေ လုပ်တယ်။ သီးခြားပါတီတွေ ထောင်တယ်။ အလားတူ NLD ပါတီတွေထဲကနေ ခွဲထွက်လာတဲ့ ဒေါ်သက်သက်ခိုင်တို့လို ပါတီတွေလည်း ရှိတယ်။ နောက် ရှစ်လေးလုံးက ထွက်လာတဲ့ ကိုကိုကြီးတို့ ပြည်သူ့ပါတီလည်း ရှိတယ်။ ဆိုလိုတာက မဲတွေ တစ်စုံတစ်ရာ ကွဲသွားနိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။ အဲဒါဟာ နည်းချင်နည်းမယ်၊ များချင်များမယ်၊ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီတစ်ပါတီတည်း အရင်းတုန်းကလို ၅၈ ရာခိုင်နှုန်းအထိတော့ ဖြစ်နိုင်ဖို့ အားနည်းတယ်လို့ ကျွန်တော် ယူဆပါတယ်။ သို့သော် ဘယ်လောက်အတိုင်းအတာအထိ NLD အနေနဲ့ ပြည်နယ်တွေမှာ မအောင်မြင်နိုင်တဲ့အနေအထားတွေ၊ မဲကွဲပြီးတော့ နိုင်ငံရေးပါတီအများစုကြားထဲမှာ ကွဲသွားမယ်ဆိုတာတော့ အသေးစိတ်ပြောဖို့ ခက်ပါတယ်။ သေချာတာတော့ NLD ၅၈ ရာခိုင်နှုန်းတော့ မရနိုင်တော့ဘူး။ NLD ရနိုင်ချေဟာ ၅၅ နဲ့ ၄၅ ရာခိုင်နှုန်းကြားထဲမှာပဲ ရှိမယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါကြောင့် ဒီကိစ္စကတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်စောင့်ကြည့်ရမယ့်အနေအထားလို့ပဲ ကျွန်‌တော်ပြောချင်ပါတယ်။

မော်ကွန်း ။ ။ NLD အစိုးရဖြစ်နိုင်မယ့်အပေါ် တားဆီးနိုင်မယ့် ပါတီဆိုရင် ဘယ်ပါတီဖြစ်မယ်လို့ မှန်းပါသလဲ။

ဦးသန်းစိုးနိုင် ။ ။ NLD ကို တားဆီးနိုင်မယ့် ပါတီအနေနဲ့တော့ ကျွန်တော်မမြင်ပါဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ တပ်မတော်ရဲ့ ထောက်ခံမှုကြောင့်သာ သူက အစိုးရဖွဲ့ဖို့အတွက် ရည်မှန်းချက်ထားနေတာပေါ့။ တကယ်တော့ လူထုထောက်ခံမှုက ၂၀၁၅ ထက်တောင် ကျဆင်းနေတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါကြောင့် ဒီပါတီကြီးနှစ်ခုမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ လွတ်လွတ်ကျွတ်ကျွတ်အစိုးရဖွဲ့နိုင်မယ့် အင်အားလို့ ကျွန်တော်က မယူဆပါဘူး။ အလားတူ ဦးကိုကိုကြီးတို့ ပါတီကလည်း ဒီနှစ်မှာ စတင်ရွေးကောက်ပွဲဝင်ရတဲ့အတွက် သူတို့အနေနဲ့လည်း မျှော်မှန်းနိုင်တဲ့ အင်အားစုမဟုတ်ပါဘူး။ သူတို့ပါဝင်ရတဲ့ နယ်ပယ်ကလည်း ကျဉ်းပါတယ်။ အဲဒီအထဲမှာ ဒေါ်သက်သက်ခိုင်တို့ကလည်း သူတို့စည်းရုံးနိုင်တဲ့ သူတို့ ဩဇာရှိတဲ့ နယ်ပယ်တချို့မှာတော့ သူတို့ ရကောင်းရနိုင်ပါတယ်။ နောက်တစ်ခုက NLD ပါတီနီးပါး နေရာယူထားတဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ကိုးရာကျော်တင်သွင်းထားတဲ့ ဦးရွှေမန်းရဲ့ပါတီကလည်း တစ်စုံတစ်ရာသော အတိုင်းအတာအထိတော့ သူတို့ ဩဇာရှိတဲ့ နယ်ပယ်မှာ ရနိုင်တဲ့အခြေအနေရှိတယ်။ သို့သော် NLD ပါတီလို တစ်ပါတီတည်း အစိုးရဖွဲ့နိုင်လောက်တဲ့ အင်အားစုကတော့ တခြား ဘယ်ပါတီကိုမှ ကျွန်တော်မမြင်မိပါဘူးခင်ဗျ။


#Dailynews

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."