ရန်ကုန် – ၂၀၂၂ ဇန်နဝါရီ ၂၂ (မော်ကွန်း)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်နဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီတို့နှစ်ဦးကို သေဒဏ်ချမှတ်လိုက်တာဟာပြည်သူလူထုကို ခြိမ်းခြောက်လိုက်တာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင်ဖြစ်သူ ဦးထွန်းကြည် က မော်ကွန်းကိုပြောပါတယ်။
ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၉(က)၊ ၅၀(ဈ) နဲ့ ၅၀(ည) တို့ဖြင့် သေဒဏ်ချမှတ်လိုက်ကြောင်း ကို ဒီကနေ့ ည ၈:၀၀ နာရီက အာဏာသိမ်းစစ်ကောင်စီမှ ကြေညာလိုက်တာပါ။
ဦးထွန်းကြည်က “ပြည်သူလူထုရဲ့ အချစ်တော်တွေ ပြည်သူလူထုထောက်ခံမှုရထားတဲ့သူတွေ၊ ပြည်သူလူထုအကျိုးကို ဓမ္မဘက်ကနေရပ်တည်ပြီးတော့ရထားတဲ့သူတွေ အခုလိုမျိုး သေဒဏ်ပေးလိုက်ခြင်းအားဖြင့် ပြည်သူလူထု ကကြောက်လာမယ်။ ပြည်သူလူထုကိုခြိမ်းခြောက်တာ ”လို့ဆိုပါတယ်။
ပြည်သူလူထုကြောက်စိတ်ဝင်ပါက အရေးတော်ပုံ တပ်သားတွေကိုပါဝင်ပူးပေါင်းကူညီလိုစိတ်နည်းပြီး တော်လှန်ရေးမအောင်မြင်အောင် စစ်ကောင်စီမှ ဖန်တီးနေတာဖြစ်တယ်လို့လည်း ဦးထွန်းကြည်ကဆိုပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ဇနီးကတော့ “စကစ တပ်ပျက်နေပြီ။ သွေးကြွေးမှာဆွေးနွေးစရာမရှိဘူး။ ငါတို့နိူင်အောင်တိုက်မယ်။ အရေးတော်ပုံအောင်ရမည်” လို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။
၂၀၂၁ အောက်တိုဘာ ၂၃ က ကို ဂျင်မီကို အာဏာသိမ်းစစ်ကောင်စီတပ်များမှ မြောက်ဒဂုံမြို့နယ်တွင် ဖမ်းဆီးခဲ့တာဖြစ်ပြီး ကိုဖြိုးဇေယျာသော်ကိုတော့ ၂၀၂၁ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။
#Dailynews

