ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားများအကြောင်းတစေ့တစောင်းနှင့် ခင်မောင်အေး(ချောက်)၏ ညပေါင်းတထောင် ဂုဏ်ရောင် အသင်္ချေ

ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားများအကြောင်းတစေ့တစောင်းနှင့် ခင်မောင်အေး(ချောက်)၏ ညပေါင်းတထောင် ဂုဏ်ရောင် အသင်္ချေ

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှဒိုင်ယာရီ ဖြစ်ပါသည်။

(စာအုပ်ဝေဖန်ချက်)

ကျော်သက်ဟန် ရေးသည်။

အောင်ပွဲခံ ကိုကိုးကျွန်းပြန်များ

၁၉၇၀ ကျော် အစောပိုင်းနှစ်များက မဆလတစ်ပါတီ စစ်အာဏာရှင်အစိုးရ၏ လူမဆန်သောဖိနှိပ်မှုအား အစာငတ်ခံဆန္ဒပြခြင်းဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ဆန့်ကျင်တိုက်ပွဲဝင်မှုကြောင့် ဗိုလ်နေဝင်း၏ ကိုကိုးကျွန်း ကိုယ်ထူကိုယ်ထ အကျဉ်းထောင်စနစ် နှစ်ရှည်စီမံကိန်းကို ဖျက်သိမ်းပေးခဲ့ရ၍ အောင်ပွဲခံပြန်လာကြသော ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားများကို ပြည်သူလူထုက တလေးတစားစိတ်ဝင်စားခဲ့ကြသည်။ ထိုအထဲတွင် လွတ်လပ်ရေးတိုက်ပွဲဝင် လေထီးဗိုလ်အုန်းမောင်၊ ဆရာရာဂျန်၊ သခင်ခင်အောင်၊ ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်စသော ထင်ရှားသည့်နိုင်ငံရေးသမားများနှင့် စာရေးဆရာကြီးများအပြင် ကဗျာဆရာများ၊ ရန်ကုန်တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ်တို့မှ ကျောင်းသားခေါင်းဆောင်များလည်း ပါဝင်ကြသဖြင့် မဆလအတုအယောင် ဆိုရှယ်လစ်အတွေး အခေါ်အောက်တွင် မျိုရခက် ထွေးရခက်နှင့် နှစ်ရှည်လများ မွန်းကျပ်နေကြပြီဖြစ်တဲ့ ကျောင်းသားလူငယ်များ၊ တိုးတက်သောစာပေနှင့် နိုင်ငံရေးအင်အားစုများ၊ ဝန်ထမ်းများနှင့် အလုပ်သမားပြည်သူလူထုအဖို့ ရဲဘော်သုံးကျိပ်ပြည်ဝင်ချိန်ကလောက် အရှိန်အဝါမကြီးသော်လည်း စိတ်အားတက်ကြွစရာ စိတ်ဝင်စားအာရုံစူးစိုက်စရာ တစ်ခုဖြစ်ခဲ့ပေသည်။ ထိုအခါက ကျွန်တော့်မှာ ကျောင်းဆရာဘဝဖြင့် ဝမ်းစာရှာရင်း ကျောင်းသားလှုပ်ရှားမှုနှင့် အလုပ်သမား လှုပ်ရှားမှုတို့၏ အချက်အချာနေရာဖြစ်သော ကမာရွတ်မြို့နယ် လှည်းတန်းနှင့် လှိုင်တက္ကသိုလ်တည်ရှိရာ လှိုင် မြို့နယ်တရိုးတွင် ပညာ၊ စာပေနှင့်နိုင်ငံရေးကို လေ့လာနေသူအဖြစ် ကျင်လည်နေခဲ့ရကား မကြာမီပင် ထိုကိုကိုးကျွန်းပြန်တချို့နဲ့စတင် သိကျွမ်းရင်းနှီးလာခဲ့သည်။

ပြင်သစ်ဘာသာသင်တန်း

၁၉၇၂-၇၃ စာသင်နှစ်ဟုထင်သည်။ ကျွန်တော်သည် တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံခြားဘာသာသိပ္ပံတွင် ပြင်သစ်ဘာသာကို အချိန်ပြည့်တက်ရောက်သင်ကြားခဲ့သည်။ ကျောင်းစဖွင့်ချိန်တွင် ကျောင်းသားဦးရေ ၇၀ ခန့်ရှိ၍ မည်သူမည်ဝါ မသိကြ။ တစ်ရက်နှစ်ရက်ကြာမှ ထိုအတန်းတွင် ဖဆပလခေတ် ပြည်ထဲရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်အဖြစ် တန်ခိုးကြီးခဲ့သော ဦးကျော်ငြိမ်း၊ ကိုကိုးကျွန်းပြန် စာရေးဆရာကြီးမြသန်းတင့်အပြင် ကိုကိုးကျွန်းပြန် ကျောင်းသားခေါင်းဆောင်နှစ်ဦးဖြစ်သော အောင်ဘော်နှင့် ညွန့်ခေါင်တို့လည်း တက်ရောက်လျက် ရှိသည်ကိုတွေ့ရသည်။

ထိုအချိန်က မြန်မာပြည်နိုင်ငံရေးတွင် ၃၃ ဦး အကြံပေး အဖွဲ့ကို ဗိုလ်နေဝင်းက ဖျက်သိမ်းလိုက်ပြီဖြစ်၍ ၆၂ ခုနှစ်မတိုင်မီက အခြေအနေသို့ ပြန်ရောက်ရန် ဥပဒေဘောင်အတွင်းမှ မျှော်လင့်ချက်မရှိတော့ပြီမို့ လက်နက်ကိုင်လမ်းစဉ်ကို မယုံကြည်ခဲ့သော ဝန်ကြီးချုပ်ဟောင်း ဦးနုသည်ဗိုလ်နေဝင်းနှင့် အပေါင်းအပါ စစ်ဗိုလ်ကြီးတစ်စုအားလက်နက်ဖြင့် တော်လှန်ဖြုတ်ချရန် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လကျာ်၊ ဗိုလ်ရန်နိုင်နှင့် ဗိုလ်စကြာတို့အပြင် လက်ယာနိုင်ငံရေးသမားဟောင်းများဝန်းရံလျက် ထိုင်းနယ်စပ်သို့ ထွက်ခွာသွားပြီးချိန် ဖြစ်သည်။ ဗိုလ်နေဝင်းမှာလည်း ဗကပများအား ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ပဲခူးရိုးမတို့လို အချက်အချာနေရာများမှ အရှေ့မြောက်ပိုင်း အစွန်အဖျားဒေသများသို့ တွန်းဖယ် မောင်းထုတ်ထားနိုင်ပြီဖြစ်၍ မဆလပါတီအား အမြုတေပါတီမှ ပြည်သူ့ပါတီသို့ ကူးပြောင်းကာ တရားမဝင် သိမ်းယူထားသော အာဏာကို ၁၉၇၄ ခု အခြေခံဥပဒေဖြင့် တရားဝင်ပြုလုပ်ပြီးလျှင် သူ့ကိုယ်သူ သမ္မတတင်မြှောက်ရန် ကြံစည်နေချိန် ဖြစ်သည်။ ဦးကျော်ငြိမ်းသည် ၆၂ ခုနှစ် အာဏာသိမ်းအပြီး ထိန်းသိမ်းခံရစဉ်ကပင် ဗိုလ်နေဝင်းက သူ့အား ရေကြည်အိုင်တွင် မရူးရုံတမယ် နှိပ်စက်ညှဉ်းပန်း၍ ပညာပေးထားခဲ့ပြီးဖြစ်ရကား သူသည် ဗိုလ်နေဝင်းကို အာခံ၍ ဦးနုတို့နောက်သို့လည်းမလိုက်ရဲ၊ မိမိ၏အတိတ်ကိုထောက်၍ ဗိုလ်နေဝင်းအောက်သို့ ခိုဝင်ကာ ရာထူးယူခြင်းလည်း မပြုနိုင်သည့်အဆုံး အကြံကုန်ဂဠုန်ဆားချက်သည့်အနေဖြင့် ဤသင်တန်းသို့ လာရောက်တက်နေခြင်းလော။ သို့မဟုတ် ဗကပတို့သည် အရှေ့မြောက်ဒေသကိုခြေကုပ်ယူ၍ အင်အားစုဆောင်းပြီးလျှင် ဗိုလ်နေဝင်းတပ်များကိုတန်ပြန် ထိုးစစ်ဆင်လျက် ပဲခူးရိုးမကို သိမ်းပိုက်ပြီး ပြန်လည် ခြေကုပ်ယူရန် ကြိုးပမ်းနေချိန်တွင် ဦးနု၊ ဗိုလ်လကျာ်တို့ ကိုယ်တိုင်လည်း အရှေ့ဘက်မှ စစ်မျက်နှာဖွင့်၍ တိုက်ပွဲဝင်နေပြီ ဖြစ်ရကား ဦးကျော်ငြိမ်းသည် ယာလည်း ညက်ကြက်လည်း မောအခြေအနေကို စောင့်ရင်း ဤသင်တန်းသို့ လာရောက်တက်နေခြင်း လောဆိုသည်ကို မည်သူသိနိုင်မည်နည်း။ သူသည် ဤဒီပလိုမာ နှစ်နှစ်သင်တန်းကို ပြီးဆုံးအောင် တက်ခဲ့လေသည်။ တော်လှန်ရေးကာလက သူ၏ဆောင်ရွက်ချက်များကို ကြည့်၍ ဗိုလ်မှူးချုပ်ကျော်ဇောက ဦးကျော်ငြိမ်းသည် သတ္တိမရှိသူ၊ အချောင်သမားကြီးဟု ရေးသားဖော်ပြဖူးသည်ကို အမှတ်ရစရာဖြစ်သည်။ ထိုအချိန်က ဦးကျော်ငြိမ်းသည် ထိုပြင်သစ်ဘာသာ ပထမနှစ်သင်တန်း၏ ဒုတိယနှစ်ဝက်၏ ညနေခင်းတစ်ခုတွင် ပြုလုပ်သောကျောင်းသူ၊ ကျောင်းသားများ၏ မိတ်ဆုံစားပွဲတစ်ခုတွင် ကျွန်တော်တို့နှင့် အလွန်ရင်းနှီးသော ကိုနေဝင်းမော်ခေါ် နိုင်ငံရေးကျောင်းသားတစ်ဦးအား အာလာပသလ္လာပအဖြစ် ရှေးဟောင်း နှောင်းဖြစ်များကို ပြောပြရင်း “သခင်သန်းထွန်းဟာ ကိုယ်နဲ့ အယူအဆ မတူပေမယ့် လေးစားစရာ ကောင်းပါတယ်။ သူဟာ သူ့ရဲ့ ယုံကြည်ချက်ကို အသက်သေတဲ့အထိ လုပ်သွားခဲ့သူပါ” ဟု ပြောကြောင်း ကိုနေဝင်းမော်က နောက်နေ့ ကျောင်းပြန်တက်ချိန်မှာပင် ကျွန်တော့်ကို ပြန်ပြောပြခဲ့သည်။ ထိုအခါက နေဝင်းမော် ပြောပြသည်ကို ကျွန်တော်သည် မယုံမရှိယုံသော်လည်း ခပ်ပေါ့ပေါ့ပင် သဘောထားခဲ့သည်။ သို့သော်လည်း တင်မောင်ဝင်း (ဝန်ကြီးဟောင်းဦးဝင်းသား) ရေးသော နိုင်ငံရေးနှင့် နိုင်ငံရေးသမား စာအုပ်ကို ဖတ်မိပြီးသောအခါ ထိုပြောဆိုချက်ကို လေးလေးနက်နက် ယုံကြည်သွားခဲ့သည်။ ဦးကျော်ငြိမ်းသည် သူရောတိုင်းပြည်ပါ ချောက်ကျပြီးမှ မိတ်ဆွေနှင့် ရန်သူစစ်စစ်ကို ရိပ်မိခဲ့လေသလောဟု တွေးမိခဲ့သည်။ မည်သို့ဖြစ်စေ သူသည် မြန်မာ့နိုင်ငံ ရေးတွင် အတွေ့အကြုံ ကြီးမားသူ ဖြစ်၍ ဗိုလ်နေဝင်းက သူ့ကို အလစ်မပေးပေ။ သူ့ကားအဝင်အထွက်ရှိတိုင်း နောက်မှ ထောက် လှမ်းရေးကားတစ်စီး အမြဲလိုက်ပါလျက် ရှိခဲ့သည်။ ကိုကိုးကျွန်း ပြန် စာရေးဆရာကြီး မြသန်းတင့်မှာ ထိုသင်တန်းကို တစ်ပတ်သာ တက်ပြီးနောက် မအားလပ်၍ လာမတက်ဖြစ်ခဲ့တော့ပေ။ အောင်ဘော်နှင့် ညွန့်ခေါင်မူကား ကျွန်တော်နှင့်ရင်းနှီးခင်မင်ခဲ့ ၍ တောက်လျှောက် တွဲမိခဲ့ကြသည်။

mawkun-68-diary-jpg

ကိုကိုးကျွန်းပြန် ဆရာမြ စာပေဝိုင်း

ထို့နောက်မကြာမီ ကိုသန်းရွှေမှတစ်ဆင့် ကိုကိုးကျွန်းပြန် ရခိုင်ရဲဘော်နှစ်ဦးဖြစ်သော သိန်းမြနှင့် ရန်ရွှေတို့နှင့် တွေ့ဆုံကြသည်။ သန်းရွှေမှာ ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာအဓိကဖြင့် အောင်မြင်ပြီးနောက် တက္ကသိုလ်လောက၊ စာပေနှင့် နိုင်ငံရေးလောကတွင် ကျင်လည်နေသူဖြစ်သည်။ ကဗျာဆရာကြီးတင်မိုး၏ အဆိုအရသူသည် သေသည်အထိ ရန်ကုန်မြို့တွင် နိုင်ငံရေးစည်းရုံးရေးလုပ်ငန်းများကို လုပ်ကိုင်သွားသူ ဖြစ်သည်။ သူသည် ၁၉၆၇ လောက်က ရခိုင်ဆန်အရေးနှင့် ပတ်သက်သော ဩဂုတ်သွေးစာစောင်ကိစ္စဖြင့် အဖမ်းခံရကာ အင်းစိန်အကျဉ်းထောင်ထဲတွင်ကွယ်လွန်ခဲ့သည်။ မှတ်မှတ်ရရ သူ့အလောင်းကို အပြင်ရှိ နိုင်ငံရေးသမားများက အင်းစိန်ထောင်မှ ထုတ်၍ကြံတော သုသာန်တွင် ဦးသိန်းဖေမြင့် အလောင်းနှင့် ရှေ့ဆင့်နောက်ဆင့် သြင်္ဂိုဟ်ခဲ့သည်။ ထိုအခါက ရန်ကုန်လက်ဝဲနိုင်ငံရေးနှင့် ကဗျာစာပေအသိုင်းအဝိုင်းတွင် သန်းရွှေကို မသိသူအလွန်ရှားသည်။ သန်းရွှေ၊ သိန်းမြနှင့်ရန်ရွှေတို့က ဆရာမြသန်းတင့်ကို ဖိတ်ကြား၍ လူငယ်တစ်စုနှင့်အတူ အုတ်ကျင်းဘူတာရုံလမ်းရှိ ဒေါက်တာစံသောင်းဆေးခန်းတွင် စာပေဆွေးနွေးဝိုင်းကလေးတစ်ခု ပြုလုပ်ကြသည်။ ထိုအချိန်က ဆရာမြသန်းတင့်မှာ ကိုကိုးကျွန်းက ပြန်လာခါစလည်းဖြစ်၊ သူ၏စစ်နှင့် ငြိမ်းချမ်းရေးဘာသာပြန်ဝတ္ထုမှာလည်း အလွန်နာမည်ကြီးချိန်ဖြစ်သည်။ ထိုစာပေဝိုင်း တွင် ကျွန်တော်က “ဆရာဘာသာပြန်တဲ့ ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့ စစ်နှင့် ငြိမ်းချမ်းရေး ဝတ္ထုကြီးဟာ အလုပ် သမားလူတန်းစားစာပေ မဟုတ်ဘူး၊ ဟုတ်လား” ဟုမေးသည်။ ဆရာက “ဟုတ်ပါတယ်။ အလုပ်သမား လူတန်းစားစာပေလို့ မခေါ်နိုင်ပါဘူး” ဟု ဖြေသည်။ သို့ဆိုလျှင် “အလုပ်သမားလူတန်း စားစာပေမဟုတ်တဲ့ စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုကို ဖတ်ခြင်းဖြင့် အလုပ်သမားလူတန်းစားအတွက် ဘယ်လို အကျိုးကျေးဇူး ရှိနိုင် ပါသလဲ” ဟု ကျွန်တော်ကဆက်၍ မေးသည်။ ဆရာသည် ထို မေးခွန်းကို စိတ်ရှည်လက်ရှည် ဖြေပါသည်။ ဆရာ့ဖြေဆိုချက်ကို မှတ်မိသလောက် အကျဉ်းချုံး၍ ပြောရလျှင် ရုရှားလူမျိုး ဆင်းရဲသားလယ်သမား၊ အလုပ်သမားတို့သည် အလွန်ခေတ်နောက်ကျ ၍ အယူသည်းကြသည်။ သူတို့သည် စုန်းနတ်တစ္ဆေသရဲတို့ကို စွဲလမ်းယုံကြည်ကြသည်။ ထိုအချက်သည် အားနည်းချက်ဖြစ်၍ ဇာဘုရင်နှင့် ပဒေသရာဇ် မြေရှင်လူတန်းစား၏ သွေးစုပ်မှုကို အလွယ်တကူ ခံကြရသော အချက်ဖြစ်သည်။ တစ်ချိန်တည်းတွင် ရုရှားဆင်းရဲသား အလုပ်သမား၊ လယ်သမားတို့သည် အလွန် ရိုးသားကြသည်။ ဇွဲလုံ့လဖြင့် ပင်ပန်းကြီးစွာ အလုပ်လုပ်ကြသည်။ ဆင်းရဲဒုက္ခကိုကြံ့ကြံ့ခံနိုင်ကြသည်။ မတရားမှုကို ဆန့်ကျင်ပုန် ကန်ထကြွရန်လည်းဝန်မလေးကြ။ ဤအချက်သည် သူတို့၏ အားသာချက်ဖြစ်သည်။ ရုရှားလူမျိုးတို့၏ ထိုအားနည်းချက်၊ အားသာချက် နှစ်ခုစလုံးကို တော်စတွိုင်း၏ စာပေထဲတွင်တွေ့နိုင်သည်။ ထို့ကြောင့် တော်စတွိုင်း၏ စာပေသည် ရုရှားလူမျိုးတို့ ၏ စိတ်ဓာတ်၊ အတွေးအခေါ်၊ ယုံကြည်မှု၊ ဓလေ့စရိုက်တို့ကို ထင် ဟပ်သည့် ကြေးမုံ (The Mirror of Russian Mentality) ဟု လီနင်က ပြောခဲ့သည်”ဟု ဆရာက အကျယ်တဝင့် ရှင်းပြခဲ့ သည်။ ထိုရှင်းပြချက်ကို တက်ရောက်လာကြသော လူငယ် စာဖတ်ပရိသတ်က အထူးစိတ်ဝင်စားခဲ့ကြသည်။

လက်ဦးမဆွ ကြားရသော ကိုကိုးကျွန်းအတွေ့အကြုံများ

အောင်ဘော်၊ ညွန့်ခေါင်၊ သိန်းမြနှင့် ရန်ရွှေစသော ထိုအခါက ကျွန်တော်နှင့် ရင်းနှီးခင်မင်ခဲ့သော ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားများသည် သူတို့ဖြတ်သန်းခဲ့ကြသည့် ကြမ်းတမ်းသော်လည်း ထူးခြားဆန်းကြယ်သည့် ကိုကိုးကျွန်း အကျဉ်းသားဘဝ အကြောင်းကို ပူပူနွေးနွေး အလွန်ပြောပြချင်ကြသည်။ သို့သော်လည်း သူတို့မှာနှစ်ရှည်လများ ဖြတ်သန်းကြုံတွေ့ခဲ့ရသည့် ရှည်လျားသော အကြောင်းအရာများကို စီကာစဉ်ကာ တစ်ခုပြီးတစ်ခုပြောပြလောက်အောင် အချိန်နှင့် အခွင့်အခါ ဘယ်မှာရနိုင်မည်နည်း။ သူတို့သည် ကြုံရင်ကြုံသလိုသာ ဟိုတစ်ခု ဒီတစ်ခု ပြောပြခွင့်ရကြသည်။ အောင်ဘော်က ၅၃ ရက် အစာငတ်ခံ တိုက်ပွဲအကြောင်း၊ ကျဆုံးသွားသောရဲဘော်သိန်းကြည်၊ ရဲဘော် လေးမောင်တို့အကြောင်း ကြေကွဲစရာ၊ မခံချင်စရာပြောပြသည်။  သူသည်အများနှင့်ဟာသပြော၍ ရယ်ရွှန်းပတ်ရွှန်း နေတတ်သော်လည်း လေးလေးစားစား နားထောင်သူရှိလျှင် ဥက္ကဋ္ဌမော်အကြောင်း၊ ယဉ်ကျေးမှုတော်လှန်ရေးအကြောင်း၊ လမ်းစဉ်နှစ် ရပ်တိုက်ပွဲအကြောင်းတို့ကို ပြောတတ်သည်။ သူသည် သဘောတရားဘက်ကို အားသန်သူဖြစ်သည်။ ဉာဏ်ကောင်းသည်၊ ပညာကိုလိုလားသည်၊ အပတ်တိုင်း ကျောင်းပျက်သော်လည်း ပြင်သစ်စာကို ပြင်သစ်ပါမောက္ခကမေးလျှင် ဖြေနိုင်အောင်ကြိုးစားသည်။ ဗီယက်နမ်တွင် အမေရိကန်နယ်ချဲ့ ကျူးကျော်မှုကို ထည့်ပြောသည်။ ပြင်သစ်ပါမောက္ခက သူ့ကိုသဘောကျသည်။ ကျွန်တော်ဖွင့်ထားသော တက္ကသိုလ်ပြင်ပ ဝိဇ္ဇာနောက်ဆုံးနှစ် သင်တန်းမှမြန်မာနှင့် ကမ္ဘာ့သမိုင်းပို့ချချက်များကို တစ်ခုပြီးတစ်ခုယူ၍ လေ့လာသည်။ အရှေ့အလယ်ပိုင်းသမိုင်းကို တစ်ချိန်ဆရာဝင်၍လုပ်သည်။ ညွန့်ခေါင်က ရိက္ခာပြတ်၍ သောင်ပြင်တွင် လိပ်ဥရှာပုံ၊ လိပ်မကြီးကိုသတ်၍ အားလုံးအတွက် ရိက္ခာလုပ်ရပုံ၊ အုန်းပင်တက်၍ အုန်းသီးခူးရပုံ၊ မန်းငြိမ်းမောင်တို့ လှေဖြင့် တိတ်တဆိတ် ထွက်ပြေးလွတ်မြောက်သွားပုံ စွန့်စားခန်းအကြောင်းတို့ကို ပြောပြသည်။ ရခိုင်မောင်သိန်းမြမှာ အလွန်ရိုးသားဖြောင့်မတ်သော လူငယ်တစ်ဦးဖြစ်သည်။ စကားပြောလျှင် ပတ်ဝန်းကျင်ကိုဂရုမပြုဘဲ ပွင့်ပွင့်လင်းလင်းပြောတတ်သည်။ သူသည် စီးပွားရေးတက္ကသိုလ် ကျောင်းသား ဖြစ်သည်။ သူကလူပုဂ္ဂိုလ်တစ်ဦး ချင်းတို့အကြောင်းကို ပို၍ စိတ်ဝင်တစားပြောပြသည်။ ဘဖူးညွန့်ဆိုသော လူငယ်တစ်ဦးမှာ သူ့ကိုယ်ကျိုးကို လုံးဝမစဉ်းစား၊ အားလုံးအတွက် မိမိကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန်ကိုသာ အမြဲအဆင်သင့်ရှိပုံကိုပြောပြသည်။ ဆရာဗန်းမော်တင်အောင်၊ လေထီးဦးအုန်းမောင်၊ ဆရာရာဂျန်တို့မှာ အသက်အရွယ်ကြီးရုံမက နိုင်ငံရေးအတွေ့အကြုံလည်းများသော လူကြီးများဖြစ်သော်လည်း လူငယ်များအား ရဲဘော်ရဲဘက်ကဲ့သို့ တန်းတူရည်တူ သဘောထားဆက်ဆံကြပြီး သူတို့တစ်ဦးစီ၏ စိတ်သဘော ထား၊ နိုင်ငံရေးခံယူချက်နှင့် ယုံကြည်ချက် ခိုင်မာပုံအကြောင်းတို့ကို ပြောပြသည်။ ရန်ရွှေကလည်း ကိုယ်ထူကိုယ်ထစနစ်အကြောင်း၊ ဖိုကြီးတွင်ချက်ပြုတ်ပုံ၊ ကျွေးမွေးပုံအကြောင်းတို့ကို ပြောပြသည်။

ဆရာဗန်းမော်တင်အောင်နှင့် ဆရာဒဂုန်တာရာ

၁၉၇၅ က လှိုင်မြို့နယ်၌ ကျွန်တော်ဖွင့်လှစ်ထားသော သပြေညိုကျူရှင်ကျောင်းတွင် ဆရာဗန်းမော်တင်အောင်နှင့် ဆရာဒဂုန်တာရာတို့သည် ရှုထောင့်ဂျာနယ် အယ်ဒီတာဟောင်း ဦးဝင်းခက်၏ ဖိတ်ခေါ်လာချက်အရ စာပေဟောပြောခဲ့ကြသည်။ ထိုအခါကဆရာသည် ကိုကိုးကျွန်းမှပြန်လာခဲ့သည်မှာ သိပ်မကြာသေးသော အချိန်ဖြစ်သည်။ မောင်သိန်းမြ ပြောပြထားသကဲ့သို့ပင် ဆရာသည် လူပုဂ္ဂိုလ်များကို ဆက်ဆံရာတွင် ပျော့ပျောင်းညင်သာသည်။ သို့သော် နိုင်ငံရေး အယူအဆ၊ စာပေအယူအဆကို ပြောရာတွင်ကား မိမိ၏ယုံကြည်ချက်၊ ရပ်တည်ချက်အား အနည်းငယ်မျှလျှော့၍ ပြောသည်ကိုမတွေ့ရပေ။ အုပ်ချုပ်သူလူတန်းစား၏ မတရားဖိနှိပ်မှုကို ပြတ်ပြတ်သားသားဆန့်ကျင်၍ပြောသည်။ ထိုအခါက မဆလတို့ မိုးကောင်းချိန်ဖြစ်သည်။ ဆရာသည် သူ့နိုင်ငံရေးယုံကြည်မှုကို ပြောသောအခါ “ကျွန်တော့်အတွက် ထည့်မတွက်ပါ။ ခင်ဗျားတို့အတွက်ကိုသာ ကျွန်တော် စိုးရိမ်မိပါတယ်” ဟု ခံစားချက်ပြင်းပြစွာဖြင့် တက်ရောက်နားထောင်နေကြသည့် ပရိသတ်ကိုပြောလေသည်။ ထိုအခါက တွေ့ရှိချက်အရ ဆရာဒဂုန်တာရာသည် ဆရာဗန်းမော် တင်အောင်အား အလွန်လေးစားကြည်ညိုပုံရ၍ သူသည် ဆရာဗန်းမော်တင်အောင်အနားတွင် သူ့ကိုယ်သူပေါ်လွင်အောင်မနေဘဲ ကိုကိုးကျွန်းက ပြန်လာခါစ ဆရာဗန်းမော်တင်အောင်ကိုသာ ပေါ်လွင်စေပြီး သူ့မှာခပ်ရို့ရို့သာနေသည်ဟု ကျွန်တော်ထင်သည်။ သူပြောသော အကြောင်းအရာမှာ ကဗျာအကြောင်း ဖြစ်သော်လည်း ဆရာဗန်းမော်တင်အောင်၏ စာရေးဟန်တချို့နှင့် ပတ်သက်သော ပရိသတ်၏ မေးမြန်းချက်ကို ဆရာဗန်းမော်တင် အောင်ကိုယ်စား သူကဝင်၍ ရှင်းပြသည်ကို တွေ့ရသည်။ ယခုနှစ်မေ ၁၁ ရက် ဒဂုန်တာရာ ရာပြည့်နေ့က သာမိုင်းခန်း၊ မယ်ခိုတောင်ကို ရောက်သွားခဲ့သော ကျွန်တော်သည် ဒဂုန်တာရာဗိမာန်၊ ကဗျာရင်ပြင်နှင့် ဒဂုန်တာရာရုပ်တု၊ ကဗျာရင်ပြင်တွင် လာရောက်၍ ကဗျာရွတ်ကြသော ကဗျာဆရာများ၊ ဒဂုန်တာရာ၏အလှဗေဒ၊ ဒဂုန်တာရာ၏ ဒဿန၊ ဒဂုန်တာရာ၏ ဘာသာဗေဒ၊ ဒဂုန်တာရာ၏အောင်ဆန်း သို့မဟုတ် အရိုင်းစာအရေးအသားဟန်၊ ဒဂုန်တာရာ၏ ဘဝအကြောင်းတို့ကို လာရောက်၍ ဟောပြောကြသော စာရေးဆရာများ၊ စာတမ်းဖတ်ကြားသောပညာရှင်များ၊ လာရောက်လေ့လာနားထောင် ဆွေးနွေးကြသော စာဖတ်ပရိသတ်များ၊ ဒဂုန်တာရာ ရေးသားခဲ့သော စာအုပ်စာတမ်းများ၊ ဒဂုန်တာရာ အကြောင်းကို အခြားစာရေးဆရာများ ရေးသားထားသော စာအုပ်စာတမ်းများကို မြင်တွေ့ရသောအခါတွင်ကား ယခင်ကခပ်မှိန်မှိန်ခပ်ရို့ရို့ မြင်ခဲ့ရသော ဆရာဒဂုန်တာရာမှာ ဤနေရာ၌ကား ကြွကြွရွရွ၊ ဝင့်ဝင့်ကြွားကြွားဖြင့် အထက်၌ မြင့်မားစွာ ဝဲပျံနေဘိသကဲ့သို့ ခံစားရ၍ အံ့ဩမိခဲ့သည်။ ဆရာဒဂုန်တာရာ လေးစားခင်မင်ဆုံး ပုဂ္ဂိုလ်နှစ်ဦးမှာ သခင်ဗဟိန်းနှင့် ဆရာဗန်းမော်တင်အောင် ဖြစ်သည်ဟု သူ့စာများတွင် ကျွန်တော် တွေ့ဖူးသည်ဟု သတိရမိသောအခါ နောက်တစ်မျိုး ခံစားအံ့ဩမိရပြန်သည်။

တိန်ရှောက်ဖိန်နှင့် လူတန်းစားတိုက်ပွဲ သဘောတရား

အောင်ဘော်နှင့် ညွန့်ခေါင်ကို အကြောင်းပြု၍ ဦးကျော်လှိုင်(နေပြည်တော်)နှင့် ကိုကျော်ဇောဦးတို့ လာတတ်ကြသည်။ ဦးကျော်လှိုင်မှာ ရခိုင်ဖက်ဆစ်တော်လှန်ရေးခေါင်းဆောင်ဦးညို ထွန်း (ဦးနုအစိုးရအဖွဲ့ ဝန်ကြီးနှင့် နောင်သံအမတ်)၏သားဖြစ်သည်။ နောက်ဆုံး တကသ အမှုဆောင်၊ တောခိုရင်း ဦးနှောက်ထဲ ငှက်ဖျားပိုး ရောက်သွား၍ ပြန်လာကာ ဆေးကုသမှုခံယူရသူ၊ နေပြည်တော်ရုပ်ရှင်ရုံတွင် အလုပ်ဝင်လုပ်နေသည်။ ကိုကျော်ဇောဦးမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော၏ သားဖြစ်သည်။ သူတို့သည် အောင်ဘော်ကို ချစ်ခင်ကြ၍ ဘော်ကြီးဟု ခေါ်သည်။ သူတို့ကို ကျွန်တော်က လက်ဖက်ရည်တိုက်လျှင် သူတို့က နိုင်ငံ ရေးအကြောင်း ပြောကြသည်။ သူတို့ပြောသည့်အထဲမှ ယနေ့ အထိ မှတ်သားစရာတစ်ခုမှာ တိန်ရှောက်ဖိန်သည် လူတန်းစား တိုက်ပွဲ သဘောတရားကို နားမလည်ဟူသော အချက်အား သူတို့ သုံးယောက်စလုံး သဘောတူကြခြင်း ဖြစ်သည်။ ထိုအခါက တရုတ်ပြည်တွင် တိန်ရှောက်ဖိန် အရေးယူခံနေရချိန် ဖြစ်ပြီး လေးယောက်ဂိုဏ်း ဩဇာကြီးနေချိန်ဖြစ်သည်။ သူတို့သည် ပီကင်းရီဗြူးနှင့် ရန်ကုန်မြို့ရှိ တရုတ်သံရုံးမှ ထုတ်ဝေသော ယနေ့  တရုတ်ပြည်စာစောင်ပါ လေးယောက်ဂိုဏ်း သဘောတရားဆရာ ကျန်းကျွန်းချောင်၏ ဆောင်းပါးကို ဖတ်၍ ပြောကြားခြင်းဖြစ်ပုံရသည်။ ထိုအခါက အရှေ့မြောက်လေသည် ထိုအယူအဆကို သယ်ဆောင်၍ ပြင်းထန်စွာတိုက်ခတ်ချိန်ဖြစ်သည်။ ယနေ့ တရုတ်ပြည်ကို တိန်ရှောက်ဖိန်ဝါဒနဲ့ ထူထောင်နေခြင်းကို သဘောမတူသူများ လက်ဝဲနိုင်ငံရေးလောကတွင် ရှိနိုင်ပါသေးသည်။ ချင့်ချိန်၍ သုံးသပ်တွေးကြည့်နိုင်ပါသည်။

ကမ္ဘာဦးလူ့အဖွဲ့အစည်း ပုံသဏ္ဌာန်

ထိုအခါက ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားမိတ်ဆွေများ၏ ပြောပြချက်အားလုံးကို ခြုံငုံ၍ သုံးသပ်ကြည့်သောအခါ ကိုကိုးကျွန်း အကျဉ်းစခန်းရှိ အကျဉ်းသား ၂၀ဝ ကျော်သည် ပြည်မရှိ မိသားစုများနှင့် အဆက်အသွယ် ဖြတ်တောက်ခံထားရသည်။ ကျွန်းပေါ်တွင် ရိက္ခာ၊ ဆေးဝါးစသည်တို့ကိုလည်း ပြည့်စုံလုံ လောက်အောင် ပေးကမ်းထောက်ပံ့ထားခြင်း မရှိ။ ကျွန်းပေါ်တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြစ်နိုင်သမျှ စိုက်ပျိုးမွေးမြူ ဖန်တီး ထုတ်လုပ် သို့မဟုတ် သဘာဝအလျောက် ပေါက်ရောက် ရှင်သန်နေကြသော သစ်သီးဝလံများကို ရှာဖွေ ခူးဆွတ်၍ လည်းကောင်း၊ သဘာဝ သားငါးတိရစ္ဆာန်တို့ကို ရှာဖွေဖမ်းဆီး၍ လည်းကောင်း ရိက္ခာအဖြစ် ဖြည့်တင်းကြရသည်။ သို့ဖြင့် သူတို့သည် နေ့စဉ်နှင့်အမျှ တိုက်ပွဲနှစ်ရပ်ကို ရင်ဆိုင် တိုက်ခိုက်နေကြရသည်။ ပထမ တိုက်ပွဲမှာ ရက်စက်ယုတ်မာသော စစ်အာဏာပိုင်များ၏ ဖိနှိပ်ချုပ်ချယ်မှုကို ခုခံတွန်းလှန်နေရခြင်း ဖြစ်ပြီး ဒုတိယတိုက်ပွဲမှာ ဆက်လက်အသက်ရှင်သန်ရေးအတွက် ရိက္ခာ၊ ရေ၊ ဆေးဝါးတို့ ကို လုံလောက်အောင် ရရှိရေးအတွက် အမြဲလှုပ်ရှား ရုန်းကန်နေရခြင်း ဖြစ်သည်။ ထိုတိုက်ပွဲနှစ်ရပ်စလုံးကို တိုက်ရာတွင် တစ်ဦးတစ်ယောက်ချင်း လုပ်ဆောင်၍မဖြစ်နိုင်။ အာဏာပိုင်များကို တစ်ဦးတည်း ဆန့်ကျင်လျှင် အလွယ်တကူ ချေမှုန်းခံရမည်။ ရိက္ခာထုတ်လုပ်ရာတွင်လည်း အလားတူပင်ဖြစ်သည်။ ထို့ကြောင့် အားလုံး တစ်စုတစ်စည်းတည်း  စုပေါင်း၍ ရင်ဆိုင်ကြရသည်။ ဤတွင် ရဲဘော်ရဲဘက်စိတ် (တစ်နည်းအားဖြင့်) ဘုံ အကျိုးတူ စိတ်ဓာတ်သည် မရှိမဖြစ် လိုအပ်လာသည်။ ထိုစိတ်ဓာတ်သည် သဘာဝကျစွာလည်း ဖြစ်တည်လာခဲ့သည်။ ထိုစိတ်ဓာတ်သည် မိမိ၏ ရဲဘော်အတွက်သော်လည်းကောင်း၊ မိမိပါဝင်သော လူမှုအဖွဲ့အစည်းအတွက်သော်လည်းကောင်း မိမိအသက်ကို စွန့်ရန်ဝန်မလေးဘဲ ဖြစ်လာသည်။ ဤကား ကမ္ဘာဦး လူ့အဖွဲ့အစည်း ပုံသဏ္ဌာန်ဖြစ်သည်။

အောင်ဘော်၊ ညွန့်ခေါင်နှင့် သိန်းမြတို့၏ ပြောပြချက်များ ကို စုပေါင်းသုံးသပ်ကြည့်သောအခါ ထိုသို့ အဓိပ္ပာယ်ရကြောင်း၊ သူတို့ကိုယ်တိုင်လည်း သဘောပေါက်ခဲ့ကြပုံရသည်။ ထိုရဲဘော်ရဲဘက်စိတ် အကျိုးတူ ဘုံစိတ်ဓာတ်ကို နိုင်ငံရေးသဘောတရား နှင့် ပေါင်းစပ်လိုက်သောအခါ ပြည်သူလူထုအား မတရားဖိနှိပ် အုပ်စိုးနေသည့် မဆလ စစ်ဗျူရိုကရက် အစိုးရကို ဆန့်ကျင်သည့် တိုက်ပွဲပုံသဏ္ဌာန်သို့ ပြောင်းလဲသွားသည်ဟု အောင်ဘော်က ပြောပြသည်။

သူတို့သည် သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲ ဆိုသော ရဲသုံးရဲ စိတ်ဓာတ်ဖြင့် ဤအခြေအနေကို ဖြတ်သန်းကျော်လွှားခဲ့သည်ဟု ဆိုသည်။

ပီသုံးလုံးပါတီနှင့် ကိုကိုးကျွန်းပြန်များ

သမိုင်းသည် ပြဿနာအဟောင်းများကို မဖြေရှင်းဘဲ ပြဿနာအသစ်များကိုချည်း တင်ပြနေသည်ဟု မာ့က်စ်က ပြောခဲ့ကြောင်း နေရူး၏ စာထဲတွင်ဖတ်ရသည်။ အမှားတစ်ခုက နောက်ထပ် အမှားတစ်ခုကို ကွယ်ထားသည်ဟု သခင်သန်းထွန်း ကပြောကြောင်း ဘခက်ရေးသော စာထဲတွင် တွေ့ရသည်။ ထိုစကား၊ ထိုပြောဆိုချက်တို့သည် အလွန်လှပပြီး မှတ်သားစရာ ကောင်းသည်ဟု စိတ်မှာစွဲနေမိသည်။

ရှစ်လေးလုံး အရေးအခင်းကြောင့် မဆလပါတီ ပြိုလဲသွား သောအခါ နဝတခေတ်သို့ ရောက်သည်။ နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခွင့်ပြု၍ တင်ကြသည်။ ပြည်သူ့တိုးတက်ရေးပါတီလည်းပါသည်။ ဥက္ကဋ္ဌမှာ ကိုကိုးကျွန်းပြန် ဦးခင်မောင်မြင့် ဖြစ်သည်။ ဦးခင်မောင်မြင့်သည် ဖဆပလခေတ် ယခင် ပြည်သူ့တိုးတက်ရေး ပါတီ အထွေထွေအတွင်းရေးမှူး ဖြစ်ပြီး ပမညတသဘာပတိ အဖွဲ့ဝင်ဖြစ်သည့်ပြင် လေထီးဦးအုန်းမောင်၊ ဆရာရာဂျန်၊ ဆရာ ဗန်းမော်တင်အောင်တို့နဲ့အတူ ကိုကိုးကျွန်း အကျဉ်းထောင်စနစ် ဖျက်သိမ်းရေး အစာငတ်ခံတိုက်ပွဲကို ခေါင်းဆောင်ခဲ့သူ ဖြစ် သည်။ သူသည် နိုင်ငံရေးအတွေးအခေါ် ထက်မြက်၍ အတွေ့အကြုံလည်း များသည့်အပြင် မိမိယုံကြည်ရာကို သတ္တိရှိရှိ လုပ်ရဲသူလည်း ဖြစ်သည်။ ညွန့်ခေါင်သည် ကိုကိုးကျွန်း အကျဉ်းသားများထဲတွင် အသက်အငယ်ဆုံး ကျောင်းသားတစ်ဦး ဖြစ်ခဲ့၍ လူကြီးများက သူ့ကို လေးစားချစ်ခင်ကြပုံရသည်။ သူ့တွင် အားနည်းချက်တချို့ရှိသော်လည်း သူ၏နိုင်ငံရေးရဲဘော်များကို ဆက်ဆံသည့်အခါ အလွန်လောကဝတ်ပြုတတ်သူလည်း ဖြစ်သည်။ ကျွန်တော်သူနှင့်လှည်းတန်းတွင် တက္ကသိုလ်တန်းများကို ကျူရှင်ဖွင့်ထားစဉ်က သူ့ကို အကြောင်းပြု၍ လေထီးဦးအုန်းမောင်၊ ဆရာရာဂျန်၊ ဒေါ်ခင်ကြီး (သခင်သန်းထွန်း ဇနီး)နှင့် သမီးဒေါ်ခင်ခင်သန်း၊ ဒေါ်ခင်မျိုးညွန့် (ဗိုလ်မှူးချစ်ကောင်း ဇနီး) မိသားစုတို့ထိ ရင်းရင်းနှီးနှီး ဝင်ထွက်သွားလာခဲ့ကြသည်ကို တွေ့ရသည်။ ကိုကိုးကျွန်းပြန် ညွန့်ခေါင်သည် သူ့ရဲဘော် အောင်ဘော် ထွက်သွားပြီးနောက် ဤနိုင်ငံရေးအသိုင်းအဝိုင်း မိသားစုများအပေါ် စာနာမှုရှိခဲ့ပုံရသည်။ နိုင်ငံရေးလှုပ်ရှားမှုရှိလျှင် အခြေအနေကို အဆိုပါနိုင်ငံရေးသမားကြီးများနှင့် သွားရောက်ဆွေး နွေးမှုများ ပြုလုပ်ပုံရသည်။ သူသည် ကျွန်တော့်ထံသို့ ရောက်လာပြီး ပြည်သူ့တိုးတက်ရေးပါတီတွင် ပါဝင်ရန်ပြောသည်။ ကျွန်တော်မှာ အရေးအခင်းကာလက လုပ်ဖော်ကိုင်ဖက် ကျူရှင်ဆရာ ကြီးများနှင့်အတူ မြို့နယ်အင်န်အယ်လ်ဒီပါတီ ဖွဲ့စည်းရေးတွင်ပါနေပြီးဖြစ်၍ ငြင်းသော်လည်း မပြန်ဘဲ ကျွန်တော့်အိမ်တွင်ပင် ညအိပ်သည်။ သို့နှင့်ပင် ပြည်သူ့တိုးတက်ရေးပါတီ ဖွဲ့စည်းရေး ပထမဆုံးအစည်းအဝေးကို ရန်ကုန် လွစ္စလမ်း(ဆိပ်ကမ်းသာ လမ်း)ရှိ ကျွန်တော်၏ စာသင်ခန်းတွင် ပြုလုပ်ခဲ့ကြသည်။ ဗဟို ကော်မတီတွင် ဦးခင်မောင်မြင့်အပြင် ကိုကိုးကျွန်းပြန် ဦးမြစိန်၊ ဦးညွန့်ခေါင်နှင့် ဦးမြင့်ဦးသစ်တို့ ပါဝင်ကြသည်။ ရန်ကုန်တိုင်း ကော်မတီတွင် ကိုကိုးကျွန်းပြန် ဦးကျော်နိုင်(ဆရာထက်မြက်)နှင့် ဦးကြည်ညွန့်တို့ ပါဝင်ကြသည်။ ရန်ကုန်ရှိ အခြားသော ကိုကိုး ကျွန်းပြန် လူကြီးများဖြစ်သော ဦးလှချို၊ ဦးလှတင်အောင်၊ ဦးဗိုလ် နီ၊ ဦးကျော်စိုး၊ ကဗျာဆရာအုန်းမြင့်လှိုင်၊ ဦးအောင်ဝင်း၊ ဦးတင် ငွေ၊ ဦးကံမြင့်၊ ဦးဖေအောင်၊ ဦးတင်အောင် (ခေါင်းဖြူ)၊ ဦးသိန်း အောင်၊ ဦးတင်ဝင်းတို့မှာလည်း သူတို့ကိုယ်တိုင် တိုက်ရိုက်ပါဝင် ခြင်း မရှိသည့်တိုင်အောင် ဦးခင်မောင်မြင့်ကို လေးစားယုံကြည်ခဲ့ ကြသည်နှင့်အညီ သူတို့ကိုယ်တိုင် ပါဝင်ဘိသကဲ့သို့ အားပေးခဲ့ ကြသည်။ သို့ဖြင့် ကျွန်တော်သည် နောက်ထပ် ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားကြီးများနှင့် ရင်းနှီးခဲ့ရပြန်သည်။ သူတို့ပြောသော ကိုကိုးကျွန်း နိုင်ငံရေးအကျဉ်းသားဘဝအကြောင်းကို အခါအား လျော်စွာကြားရပြန်သည်။

ပြည်သူ့တိုးတက်ရေးပါတီ ဌာနချုပ်ကို ၄၇ လမ်း ဦးခင် မောင်မြင့်အိမ်တွင် ထားရှိသည်။ ဦးခင်မောင်မြင့်သည် သူ၏ ရဲဘော်မိတ်ဆွေများ ဖြစ်သော ဦးညိုဝင်း၊ ဦးမြဟန်တို့လို ရင်းနှီး သောသူများနှင့် ဆုံမိသောအခါတိုင်း ရေနွေးကြမ်းသောက်ရင်း ကိုကိုးကျွန်း ၅၃ ရက် အစာငတ်ခံ တိုက်ပွဲအကြောင်းကို ပြောတတ်သည်။ သူက စစ်အစိုးရအာဏာပိုင်များသည် အလွန် ကောက်ကျစ်သည်။ တိုက်ပွဲလမ်းကြောင်း ပြောင်းသွားအောင် အမြဲကြံစည်နေသည်။ ခြိမ်းခြောက်ခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း စသည့်နည်းပေါင်းစုံဖြင့် ဖျက်ဆီးရန်ကြံခဲ့သည်။ ထို့ကြောင့် တိုက်ပွဲဝင်ရဲဘော်များ၏ စိတ်ဓာတ်ကိုမြှင့်တင်ရေး၊ တိုက်ပွဲအဆင့်တိုင်းတွင် ဆက်တိုက်ရေး၊ မတိုက်ရေးကို ဆုံးဖြတ်ခြင်း၊ ရဲဘော်တစ်ဦးကျဆုံးတိုင်း တိုက်ပွဲကိုအောင်ပွဲရသည်အထိ ဆက်တိုက်နိုင်ရေးကို ဆုံးဖြတ်ရခြင်း၊ နောက်ဆုံးတိုက်ပွဲ အနိုင်ရသည်ဆိုသောအချက်ကို အဆုံးအဖြတ်ပေးခြင်းတို့မှာ နက်နဲခက်ခဲပြီး သဘောထားများမတူဘဲ ဖြစ်တတ်ပုံတို့ကိုပြောပြသည်။

ကိုကိုးကျွန်းစိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းကြသူများ

ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားများသည် သူတို့ဖြတ်သန်းခဲ့သော ကိုကိုးကျွန်းစိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းကြသည်ကို တွေ့ရသည်။ ပြည်သူလူထုက အလိုအလျောက် ပေးအပ်ခေါ်ဝေါ်သည့် ကိုကိုးကျွန်းပြန်ဆိုသော ဂုဏ်ပုဒ်ကိုလိုလိုလားလား ခံယူခဲ့ကြသည်။ ဆရာမြသန်းတင့်က ကိုကိုးကျွန်းတိုက်ပွဲ အတွေ့ အကြုံကို အခြေခံ၍ “ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်” ဟူသော ဝတ္ထုကြီးတစ်ပုဒ်ကို ရေးခဲ့သည်။ ဆရာဗန်းမော် တင်အောင်က “ညပေါင်းတထောင်” ဆိုသော စာမူကိုရေးခဲ့သော်လည်း ဆရာကွယ်လွန်ချိန်၌ ထိုစာမူသည်မည်သူ့ထံတွင် ကျန်နေခဲ့သည်ကိုမသိရဘဲပျောက်ဆုံးနေသည်ဟု ဦးခင်မောင်မြင့် ပြောသည်ကို ကြားရဖူးသည်။ ထိုစာရေးဆရာကြီးနှစ်ဦးမှာ ကိုကိုးကျွန်းမှ ပြန်လာပြီးနောက် စာအုပ်ပေါင်း မြောက်မြားစွာကို ရေးသား၍ စာပေအမွေကို ချန်ထားခဲ့ကြသည်။ ဦးခင်မောင်မြင့်မှာ ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌအဖြစ်ဖြင့် စစ်ဗျူရိုကရက် အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း အင်းစိန် အကျဉ်းထောင်ထဲတွင် ကျဆုံးခဲ့သည်။ အောင်ဘော်မှာ သူ၏ရဲဘော် ကိုကိုးကျွန်းပြန် ဉာဏ်ဝင်း၊ တင်မောင်ဝင်းတို့နှင့်အတူ သူ့ယုံကြည်ချက်အတိုင်း ဆက်လက်တိုက်ပွဲဝင်ရင်း ပဲခူးရိုးမအရှေ့ခြမ်းတွင် ကျဆုံးခဲ့ကြောင်း သိရသည်။ သိန်းမြမှာလည်း အလားတူ တိုက်ပွဲဝင်ရင်း ရခိုင်ရိုးမအနောက်ခြမ်း မြေပုံမြို့နယ် တွင် ကျဆုံးသည်။ လေထီးဦးအုန်းမောင်၊ ဆရာရာဂျန်တို့မှာ သူတို့၏ နိုင်ငံရေးယုံကြည်ချက်ကို ဆက်လက်ဆုပ်ကိုင်လျက် ကွယ်လွန်ချိန်ထိ အဖိနှိပ်ခံ ပြည်သူများဘက်မှရပ်ကာ ရဲဘော် ရဲဘက် နိုင်ငံရေးသမားများအား အားပေးခြင်း၊ ကူညီရိုင်းပင်းခြင်း၊ လူငယ်နိုင်ငံရေးသမားများနှင့် ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ညွှန်ပြခြင်း၊ အကြံပေးခြင်းတို့ကိုမပြတ် ဆောင်ရွက်ခဲ့ကြသည်။ ညိုကြီးခေါ် ဦးလှတင်အောင်မှာ ကိုကိုးကျွန်း နိုင်ငံရေးအကြောင်း၊ ခေတ်အဆက်ဆက် နိုင်ငံရေးခေါင်းဆောင်ကြီးများနှင့် သူတို့၏ နိုင်ငံရေးလုပ်ဆောင်ချက်များအပြင် သူ၏ခေတ်ပြိုင်နိုင်ငံရေး ရဲဘော်ရဲဘက်များအကြောင်း၊ လက်ရှိ ဗမာပြည်နိုင်ငံရေး အကြောင်းတို့ကို ဟာသနှော၍ အမြဲပြောလေ့ရှိသည်။ သူကွယ်လွန်ခဲ့သော်လည်း နိုင်ငံရေးကို ဟာသနှော၍ပြောတတ်သော သူ့အားလူအများက မမေ့ကြ။ ကိုကိုးကျွန်းပြန် နိုင်ငံရေးသမား ကြီး တစ်ဦးဖြစ်သော ဗိုလ်မင်းခေါ် ဦးလှချိုမှာ ကိုကိုးကျွန်းနိုင်ငံရေးစိတ်ဓာတ်ကို ထိန်းသိမ်းရန် အများဆုံး ကြိုးပမ်းသူတစ်ဦးဟု မြင်နိုင်သည်။ သူသည် သူ့သား ကိုဝဏ္ဏနှင့်အတူ မာ့က်စ်ဝါဒနှင့် ပတ်သက်သော ကျမ်းများ၊ လက်ဝဲနိုင်ငံရေးစာပေများကို အများအပြား ထုတ်ဝေဖြန့်ချိခဲ့ပြီး ဆက်လက်၍လည်း ထုတ်ဝေလျက်ရှိ သည်ကို တွေ့ရသည်။ သူ့ရဲဘော်များက ဗိုလ်မင်းဟုခေါ်ကြသော ဦးလှချိုသည် စစ်အစိုးရမပြောင်းလဲမီကပင် နီးစပ်ရာ မိတ်ဆွေများ၊ ရဲဘော်များနှင့်အတူ ရန်ပုံငွေစုဆောင်းကာ ဆင်းရဲချို့တဲ့သော ကိုကိုးကျွန်း ပြန်ရဲဘော်များကို တတ်နိုင်သလောက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်သည်ကိုလည်းတွေ့ရသည်။ အနည်းငယ် ပွင့်လင်းလာချိန်မှစ၍ နှစ်စဉ် ဇူလိုင်၃၁ ရက်တိုင်းသူ၏ ကိုကိုးကျွန်းပြန်ရဲဘော်များဖြစ်သော ဦးဖေအောင်၊ ဦးကျော်စိုး၊ ဦးမြတ်ထွန်းအောင်(ခင်မောင်အေး၊ ချောက်)၊ ဦးအုန်းမောင်(လေအီး)၊ ဦးချိုကြီးတို့နှင့်အတူ ကိုကိုးကျွန်း ၅၃ ရက် အစာငတ်ခံတိုက်ပွဲတွင် ကျဆုံးခဲ့သော အာဇာနည်ရဲဘော် ရှစ်ဦးအား ဂုဏ်ပြုအခမ်းအနားကို ဦးဆောင်ကျင်းပလာခဲ့သည်ကိုတွေ့ရသည်။ ယခုအခါ ဦးအုန်းမောင် (လေအီး)၊ ဦးချိုကြီးနှင့် ဦးဖေအောင်တို့မှာ ကွယ်လွန်ခဲ့ကြပြီးဖြစ်သည်။

ယခုနှစ် မေ ၈ ရက်က ကွယ်လွန်သွားရှာသော ကိုကိုးကျွန်း ပြန်တစ်ဦးဖြစ်သည့် ဦးတင်အောင်(ခေါင်းဖြူ) မှာလည်း ငယ်စဉ် ကျောင်းသားဘဝမှစ၍ နိုင်ငံရေးတွင် ပါဝင်ခဲ့ပြီး နောက်ဆုံးအကြိမ် အကျဉ်းထောင်မှ လွတ်လာပြီးနောက်လည်း နိုင်ငံရေးကိုလေ့လာခြင်း၊ ဆွေးနွေးခြင်း၊ ရေးသားခြင်း၊ ဟောပြောခြင်း၊ အကြံပေးခြင်း၊ ကျောင်းသားလှုပ်ရှားမှု၊ အလုပ်သမားလှုပ်ရှားမှုတို့တွင် ကွယ်လွန်ချိန်အထိ တစိုက်မတ်မတ် ပါဝင်ခဲ့သည်။ ကိုကိုး ကျွန်းပြန်တစ်ဦးဖြစ်သော ဦးမြစိန်မှာ ဖဆပလခေတ်ကပင် မြေ ပေါ်အလုပ်သမားလှုပ်ရှားမှု၊ မြေအောက်လက်နက်ကိုင်တော်လှန် မှု၊ မြေအောက်ဆက်သွယ်မှု၊ မြေပေါ်ပီသုံးလုံးဗဟိုကော်မတီတွင်  ပါဝင်မှုတို့ဖြင့် အနည်းဆုံး နှစ်ပေါင်း ၆၀ နိုင်ငံရေးဖြတ်သန်းမှုတွင်ထောင်၊ ကျွန်း အကြိမ်ကြိမ်ကျခံခဲ့ရသူ ဖြစ်သည်။ ဦးမြစိန်သည် လက်လှမ်းမီသမျှ နိုင်ငံရေးစာပေကို မပြတ်ဆည်းပူးလေ့လာခြင်း၊ ဆွေးနွေးခြင်းများကို ပြုလုပ်သူ ဖြစ်သည်။ သူ့ဘဝအတွေ့အကြုံ ကို နိုင်ငံရေးစာအုပ်နှစ်အုပ်ဖြင့် ရေးသားတင်ပြခဲ့ရုံမက ဆောင်းပါးအများအပြားလည်း ရေးသားခဲ့သည်။ ထို့ကြောင့် သူ၏နိုင်ငံ ရေးအမြင်သည် အခြေအနေ အချိန်အခါအလိုက် ပြောင်းလဲမှုရှိ၍ သူ၏ရဲဘော်၊ မိတ်ဆွေတချို့နှင့် နိုင်ငံရေးအယူအဆ ကွဲလွဲမှုရှိသော်လည်း သူသည်နိုင်ငံရေးကို ဗန်းပြပြီး ကိုယ်ကျိုးရှာသူ မဟုတ်ဟူ၍ကား ကျွန်တော်ယုံကြည်သည်။ သူသည် အလုပ်သမားဘဝမှ လာသူဖြစ်၍ တစ်လျှောက်လုံးတွင် စီးပွားရေးချို့ငဲ့ ပြီး သူ့ဇနီးဒေါ်လှမြင့်၏ ဆင်းဆင်းရဲရဲ လုပ်စာကို မှီခိုလျက်နှင့်ပင် သူယုံကြည်သော နိုင်ငံရေးကို အမြဲတမ်း ရှင်သန်နေစေသူဖြစ်သည်။ နိုင်ငံရေးသမားကို လေးစားတန်ဖိုးထားတတ်သော အကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့၊ ဦးဝင်းတင်ဖောင်ဒေး ရှင်းတို့ကဲ့သို့သော အဖွဲ့အစည်းများသည် ဦးမြစိန်ကဲ့သို့သော နိုင်ငံရေးသမားအား အခါအားလျော်စွာ ထောက်ပံ့ကူညီစောင့် ရှောက်ခြင်းဖြင့် ငွေကြေးကို တလွဲအသုံးပြုရာ မရောက်နိုင်ပေ။

ကိုကိုးကျွန်းပြန်တစ်ဦးဖြစ်သော ဦးကျော်နိုင်ကို ယခင်သူ့ရဲဘော်များက ပြည်ထောင်စုဟု ရင်းရင်းနှီးနှီး ခေါ်ခဲ့ကြသည်။ သူ သည် ကိုကိုးကျွန်းမှ ပြန်လာစကပင် စာရေးဆရာဘဝကို ခုံခုံမင်မင် တစိုက်မတ်မတ် ခံယူလာခဲ့သူဖြစ်သည်။ သူသည် ကလောင် နာမည်အမျိုးမျိုးဖြင့် ရေးလာခဲ့ပြီးနောက် ယခုတော့ စာပေ လောကတွင် ဆရာထက်မြက်ဟု လူသိများလျက်ရှိသည်။ သူလည်း ကိုကိုးကျွန်း နိုင်ငံရေးတိုက်ပွဲအကြောင်း ဆောင်းပါးကို အခါအားလျော်စွာ သတင်းစာဂျာနယ်များတွင် ရေးသားသည်ကိုတွေ့ရသည်။ ယခုအချိန်တွင် ဘာသာပြန်လုံးချင်း စာအုပ်များကိုလည်း ထုတ်ဝေထားသည်။ သူသည်ယေဘုယျအားဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဖိနှိပ်ခံပြည်သူများဘက်မှ ရပ်တည်သော စာပေအယူအဆကို ကိုင်စွဲ၍ ရေးသားလျက်ရှိသည်ကို တွေ့ရသည်။ သူသည် စာရေးဆရာသမဂ္ဂ ဥက္ကဋ္ဌ တာဝန်ကို ဆက်လက်ထမ်းဆောင်လျက်ရှိသည်ကိုလည်း တွေ့ရသည်။

ဤကား ကျွန်တော်ထိတွေ့သိရှိခဲ့ရသော ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားများအကြောင်း လျှပ်တစ်ပြက် တွေ့ရှိချက်များ ဖြစ်သည်။

ဗမာ့လူ့အဖွဲ့အစည်းထဲမှ ဂူရော့လို လူများ

ရုရှားစာရေးဆရာကြီး ချက်ကော့က လူတိုင်းလူတိုင်းသည် သူတို့၏ ဘဝတွင် အပိုင်းနှစ်ပိုင်းဖြင့် လှုပ်ရှားရှင်သန်နေကြသည် ဟုဆိုသည်။ တစ်ပိုင်းမှာ မိသားစုများ၊ ဆွေမျိုးများ၊ မိတ်ဆွေ အပေါင်းအသင်းများ၊ အလုပ်ခွင်မှ လုပ်ဖော်ကိုင်ဖက်များနှင့် နေ့စဉ် ဆက်ဆံပေါင်းသင်း သွားလာနေထိုင်သော ဘဝဖြစ်သည်။ ယင်းမှာ အပေါ်ယံမြင်နေရသော အပိုင်းဖြစ်သည်ဟုဆိုသည်။ နောက်တစ်ပိုင်းမှာ လျှို့ဝှက်ဖုံးကွယ်ထားသည့် မမြင်ရသော အပိုင်းဖြစ်သည်။ ချက်ကော့က သူ၏ ဝတ္ထုတစ်ပုဒ်ထဲမှ ဇာတ် လိုက်ဂူရော့သည် အပေါ်ယံ နေ့စဉ်မြင်နေရသော အပိုင်း၌ သူ၏ မိတ်ဆွေ အပေါင်းအသင်းများထဲတွင် တက္ကသိုလ်ပါမောက္ခနှင့် အစိုးရအရာရှိများလည်း ပါဝင်၍ လူကြီးလူကောင်းဟု မြင်တွေ့ နေရသော်လည်း မမြင်ရသော လျှို့ဝှက်ဖုံးကွယ်ထားသော အပိုင်း၌ ကိုယ်ကျိုးရှာ အကျင့်ပျက်ဖောက်ပြန် ပျက်စီးနေပုံကို သရုပ်ဖော်ရေးပြ၍ စာဖတ်ပရိသတ်အား မီးမောင်းထိုးပြခဲ့လေသည်။

ယခုအခါ တိုင်းပြည်တွင် လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးအမှုတို့ကဲ့သို့သော ပြစ်မှုကြီးများမှ လူထုကို အကာအကွယ်ပေးရန် ပြဋ္ဌာန်းထားသော ဥပဒေများက ပြစ်မှုကျူးလွန်သူကို အလျင်အမြန်နှင့် ထိထိရောက်ရောက် အရေးယူအပြစ်ပေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရန် နှောင့်နှေးပျက်ကွက်နေခြင်းများအား စိတ်ပျက်ဖွယ်ရာ တွေ့မြင်နေရသည့် တစ်ချိန်တည်းတွင် လူထုအကျိုးကို ပျက်စီး စေသော မတရားသည့် ၂၀ဝ၈ အခြေခံဥပဒေနှင့် ထိုဥပဒေပါ ပုဒ်မများကို ပယ်ဖျက်ပြင်ဆင် ပြောင်းလဲရန် စွမ်းအားမရှိဘဲဖြစ်နေသော အစိုးရတစ်ရပ်အောက်ရှိ အားအင်ချည့်နဲ့သော အုပ်ချုပ်ရေးယန္တရား၏ အတွင်းအပြင်မှ တွယ်ကပ်ခိုစီး၍ လိုက်ပါနေကြသည့် ဂူရော့လို လူများ မည်မျှရှိနေမည်ကို မပြောနိုင်ပေ။ ဤကဲ့သို့ တရားဥပဒေစနစ် ပျက်ယွင်အားနည်းသော အခြေအနေများတွင် ဂူရော့လို လူများအူမြူးတတ်ကြသည်ဟု ဆိုသည်။ ယနေ့ စာပေနှင့် နိုင်ငံရေးလောကတွင်လည်း ဂူရော့လိုလူများ မရှိဟု မပြောနိုင်ပေ။ စစ်ဗျူရိုကရက် အာဏာရှင်စနစ်ကို အသက်ပေးကိုယ်ကျိုးစွန့်၍ တိုက်ပွဲဝင်ခဲ့ကြသော ကိုကိုးကျွန်း ပြန် နိုင်ငံရေးသမားကြီးများထဲတွင်ကား ဂူရော့လို လူများ မရှိဟု ကျွန်တော် ယုံကြည်ပေသည်။ ယနေ့ ဗမာ့လူ့အဖွဲ့အစည်းထဲမှ ဂူရော့လိုလူများသည် စစ်အာဏာရှင်စနစ်က စွန့်ထုတ်လိုက်သည့် အညစ်အကြေးများ ဖြစ်လေသည်။

အရေးကြီးသော တိုက်ပွဲစံနမူနာ

မြန်မာ့လွတ်လပ်ရေးတိုက်ပွဲသမိုင်းတွင် အရှိန်အဝါကြီးခဲ့သော ရဲဘော်သုံးကျိပ်သည် ယခုအခါ သမိုင်းထဲတွင် ကျန်ရစ်ခဲ့လေပြီ။ ရဲဘော်သုံးကျိပ်၏ ဂုဏ်ယူစရာ အခန်းကဏ္ဍသည် ဗြိတိသျှ ကိုလိုနီစနစ်နှင့် ဂျပန်ဖက်ဆစ်ဝါဒတို့ကို ဆန့်ကျင်တိုက် ခိုက်၍ လွတ်လပ်ရေးကို ရယူပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရဲဘော်သုံးကျိပ်တို့ ခေါင်းဆောင်၍ ရရှိခဲ့သော ဂုဏ်ယူဖွယ်ရာ လွတ်လပ်ရေးအမွေသည် မကြာမီ ဆယ်စုနှစ်တစ်ခုသာသာ အကြာမှာပင် မှေးမှိန်ညှိုးနွမ်းခဲ့ရပြီး တိုင်းပြည်သည် ဂျပန်ဖက် ဆစ်စနစ်မှ စီးမျောလာသော နေဝင်းစစ်အာဏာရှင်စနစ်အောက်၌ ဒုက္ခဆင်းရဲတွင်းသို့ နစ်မွန်းကျရောက်နေသည်ကို တွေ့ကြရပေ သည်။ ဤသို့ ဖြစ်ရသည်ကို ယူကျုံးမရဖြစ်ကြရသော ရဲဘော်သုံး ကျိပ်ဝင် အထင်ကရ သူရဲကောင်းများ ဖြစ်ခဲ့ကြသည့် ဗိုလ်လကျာ်၊ ဗိုလ်ရန်နိုင်၊ ဗိုလ်စကြာတို့သည် ထိုင်းနယ်စပ်တွင် လက်နက်စွဲကိုင် တိုက်ခိုက်ရင်း အသက်ပေးသွားကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို လက်ဦးမဆွကပင် သွေးမြေကျခံ၍ ဆန့်ကျင်ခဲ့ကြသော ၇ ရက်ဇူလိုင် အရေးတော်ပုံ ကျောင်းသားများကဲသို့ပင် ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားများ  ပါဝင်ခဲ့သည့် စစ်အာဏာရှင်စနစ်ကို အသက်ပေး၍ ဆန့်ကျင်ခဲ့ ကြသည့် တိုက်ပွဲသည် မပြီးဆုံးသေးသော စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲအတွက် စံနမူနာတစ်ရပ်အဖြစ် အရေးကြီး ပေသည်။ မတရားဖိနှိပ်မှုကို ဆန့်ကျင်၍ တရားမျှတမှုကို တောင်း ဆိုသည့် မြန်မာပြည်သူတို့၏ သမိုင်းတွင်ထာဝရတည်ရှိနေရမည် ဖြစ်သည်။

mawkun-68-diary-jpg

နောက်ဆုံးကျန်သူများ၏ သမိုင်းတာဝန်

ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားများသည် ယခုအခါ ရန် ကုန်မြို့နှင့် အနယ်နယ်အရပ်ရပ်တွင် ပြန့်ကျဲနေထိုင်လျက်ရှိကြ ပြီး အတော်အတန်များပြားသော အရေအတွက် ရှိနေကြဦးမည် ဖြစ်သည်။ သူတို့ ပါဝင်ခဲ့ကြသော ဂုဏ်ယူဖွယ်ရာတိုက်ပွဲအတွင်း၌ သူတို့နဲ့အတူ ပါဝင်ခဲ့ကြပြီး အချိန်ကာလအမျိုးမျိုးတွင် ကြွေလွင့်သွားခဲ့ကြပြီးသည့် ထင်ရှားသော ပုဂ္ဂိုလ်များနှင့် မထင်ရှားသော ပုဂ္ဂိုလ်များအပြင် ယခုထိ ကျန်ရှိနေသေးသော ပုဂ္ဂိုလ်များ အားလုံးပင် မကြာတော့သော ဆယ်စုနှစ်တစ်ခု သို့မဟုတ် နှစ်ခုအကြာမှာပင် အတိတ်သမိုင်းထဲ၌ ကျန်ရစ်ခဲ့တော့မည် ဖြစ်သည်။ ယခုထိ သက်ရှိထင်ရှား ကျန်ရှိနေကြသေးသော ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားများသည် နေထိုင်ရာဒေသ၊ လူမှုပတ်ဝန်းကျင်။ အသက်မွေးမှုအလုပ်အကိုင်၊ လေ့လာဖတ်ရှုသောစာပေ စသဖြင့် မတူကွဲပြားခြားနားသော အခြေအနေများကြောင့် မတူခြားနားသော အမြင်အယူအဆ သဘောထားများ ရှိကြပေလိမ့် မည်။ သို့တိုင်အောင် မတူကွဲပြားခြားနားမှုသည် သဘာဝဖြစ်၍ ထိုမတူ ကွဲပြားခြားနားမှုထဲတွင် တူညီမှုကို ရှာဖွေ၍ ရနိုင်ပေသည်။ အားလုံးသည် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆိုသော မူလတိုက်ပွဲလမ်းကြောင်းပေါ်၌ ရှိနေကြသည် ဆိုသောအချက်တွင် ကွဲလွဲမှုမရှိဟု ယူဆပါသည်။

ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားများသည် ယင်းသို့ တကွဲ တပြားစီ ရှိနေခြင်းဖြင့် အင်အားဖြစ်မလာပါ။ တစ်စုတစ်စည်းတည်းရှိမှသာ အင်အားဖြစ်ပြီး ကိုကိုးကျွန်း တိုက်ပွဲဝင်စိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းရာ ရောက်ပါလိမ့်မည်။ ယနေ့စစ် အာဏာရှင်များသည် ဒီမိုကရေစီအရေကို ခြုံ၍ ဖုံးကွယ်ရန် ကြိုး စားသော်လည်း မလုံမလဲနဲ့ပင် နေရာတကာတွင် ပွဲရှင်မှန်းသိ အောင် မဏ္ဍပ်တိုင် တက်ပြလျက်ရှိသည်။ သူတို့သည် ပြည်သူ တို့၏ တိုက်ပွဲလမ်းကြောင်းကို တမင်ရှုပ်ထွေးအောင် လုပ်နေကြသည်။ မည်သို့ဖြစ်စေ တရားမျှတမှုကို လိုလားကြသော ပြည်သူလူထုသည် စစ်အာဏာရှင်များ အကာအကွယ်ယူထားသည့် ၂၀ဝ၈ အခြေခံဥပဒေကို ချိုးဖျက်၍ တရားမျှတသော ဥပဒေတစ်ရပ်ဖြင့် အစားထိုးရန် မဖြစ်မနေ ကြိုးပမ်းလာကြမည်သာဖြစ်သည်။ ဤအခြေအနေတွင် ကျန်ရှိနေသေးသော ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားများအနေဖြင့် မတူကွဲလွဲချက်များကို ဘေးဖယ်လျက် တစ်စုတစ်စည်းတည်း စည်းလုံးညီညွတ်စွာ ရပ်တည်လျက် မိမိတို့သည် စစ်အာဏာရှင်စနစ်အား အသက်ပေး၍ ဆန့်ကျင်ခဲ့ ကြသော ကိုကိုးကျွန်းတိုက်ပွဲဝင် ရဲဘော်များ၏ အစဉ်အလာ စိတ်ဓာတ်ကို ထိန်းသိမ်းလျက် စစ်အာဏာရှင်စနစ်အား နောက်ဆုံး အချိန်အထိ အခိုင်အမာ ဆန့်ကျင်ခဲ့ကြသည် ဟူသော အထိမ်း အမှတ်သင်္ကေတကို သမိုင်းတွင် ချန်ထားခဲ့ခြင်းဖြင့် ရှေ့ကအသက်ပေး၍ တိုက်ပွဲဝင်သွားကြသော မိမိတို့၏ ရဲဘော်များ အပေါ် သစ္စာစောင့်သိ တာဝန်ကျေပွန်ခဲ့ကြသည် ဟူ၍ နောင်လာ နောက်သားများက ပြောစမှတ်ကျန်ခဲ့အောင် တိုက်ပွဲဝင်စိတ် ဓာတ်ဖြင့် ကြံ့ကြံ့ခိုင်ခိုင် ရပ်တည် လုပ်ဆောင်သွားကြရန် လိုအပ်ပေသည်။

mawkun-68-diary-jpg

ညပေါင်းတထောင် ဂုဏ်ရောင် အသင်္ချေစာအုပ်ဝေဖန်ချက်

လွန်ခဲ့သော သြင်္ကန်ကာလအတွင်းက ကျွန်တော်သည် ရန်ကုန်မြို့အတွင်း လှည့်လည်သွားလာရင်း ကိုကိုးကျွန်းပြန် ရဲဘော်ကြီးများ ဖြစ်သော ဦးလှချို၊ ဦးကျော်စိုး၊ ဦးမြတ်ထွန်း အောင်(ခင်မောင်အေး၊ ချောက်) တို့နှင့် တွေ့ ၍ သူတို့က “မတွေ့ တာကြာပြီ”ဟု ဝမ်းသာအားရ ပြောပြီးလျှင် လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ဝင်ထိုင်ရင်း စကားပြောဖြစ်ကြသည်။ ပြန်ခါနီးတွင် ဦးမြတ်ထွန်းအောင်က သူ့လွယ်အိတ်ထဲမှ စာအုပ်တစ်အုပ်ကို ဆွဲ ထုတ်၍ အမှတ်တရ လက်မှတ်ရေးထိုးပြီးနောက် “ရော့၊ ခင်ဗျား ဖတ်ဖို့” ဟု ပြောကာ ပေးလိုက်သည်။ ကျွန်တော်လည်း စာအုပ် ကို ဖွင့်မကြည့်ဘဲ လွယ်အိတ်တွင် ထည့်၍ ယူလာပြီးနောက် ညကျမှ မီးရောင်ဖြင့် ဖွင့်၍ ကြည့်မိသည်။

ကိုကိုးကျွန်းမှာ ညပေါင်းတစ်ထောင် ဂုဏ်ရောင်အသင်္ချေ (ခင်မောင်အေး၊ ချောက်) ဟု တွေ့ရသည်။ ကိုကိုးကျွန်းနိုင်ငံရေး တိုက်ပွဲအကြောင်းဆိုတော့ ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားများ နှင့် စတင် သိကျွမ်းခဲ့သည်မှာ နှစ်ပေါင်းလေးဆယ်ခန့် ကြာခဲ့ပြီဖြစ်၍ ထိုကာလအတွင်း နောက်ထပ် ကိုကိုးကျွန်းပြန် နိုင်ငံရေး သမားအများအပြားနှင့်လည်း သိကျွမ်းခဲ့ရပြန်သဖြင့် သူတို့က အခါအားလျော်စွာ ပြောပြသော ကိုကိုးကျွန်းနိုင်ငံရေးတိုက်ပွဲ အကြောင်းများမှာ ထပ်ဖန်တလဲလဲ ဖြစ်ခဲ့ပြီဖြစ်၍ ကိုမြတ်ထွန်း အောင်၏ စာအုပ်မှာ သိပ်ပြီးထူးခြားတော့မှာ မဟုတ်ဟု ခပ်ပေါ့ပေါ့ပင် စိတ်မှာဖြစ်ပေါ်ခဲ့သည်။ ထိုနေ့များက ကျွန်တော်သည် ဒဂုန်တာရာ ရာပြည့်နှင့် နီးနေချိန်ဖြစ်၍ ထိုအကြောင်းကို ပြော ကြ၊ ဆိုကြ၊ ရေးကြသည်ကို ကြားနေ၊ တွေ့နေ၊ မြင်နေ၊ ဖတ်နေရ ၍ ဒဂုန်တာရာစာအုပ်များကို ပြန်လည်ဖတ်ရှုလေ့လာနေချိန်ဖြစ်သည်။ သို့သော်လည်း ထိုညက အိပ်ရာမဝင်မီ ကိုမြတ်ထွန်း အောင်၏ စာအုပ်ကို ပြန်ကိုင်ပြီး စာမြည်းသဘောလောက်ပဲ ဖတ်ကြည့်ဦးမည်ဟု မာတိကာကို ကြည့်ရင်း အစီအစဉ်တချို့ကို ဖတ်ကြည့်ရာမှ စိတ်ဝင်စားသွားပြီး တစ်ခန်း၊ နှစ်ခန်း ဖတ်ကြည့်သည်။ ထိုသို့ ဖတ်ကြည့်ရင်းနှင့်ပင် ယခင်ကကိုကိုးကျွန်းပြန် မိတ်ဆွေများပြောကြားခဲ့သော ဟိုတစ်ခု ဒီတစ်ခု ပြောထားသော အကြောင်းအရာများသည် ယခု ကိုမြတ်ထွန်းအောင် စာအုပ်တွင် စီကာစဉ်ကာ နိုင်ငံရေးနောက်ခံဖြင့် ရှင်းလင်းပီပြင်စွာ တစ်ကန့် စီတစ်ကန့်စီ အတော်စိတ်ဝင်စားဖွယ် ကောင်းအောင်တင်ပြထား သည်ကိုတွေ့ရသည်။ နိုင်ငံရေး အဓိပ္ပာယ် အချိတ်အဆက်လည်း မိပြီး တင်ပြထားသော အချက်အလက်များမှာလည်း ဖောင်းပွမနေဘဲ လိုသလောက်ကိုသာ ထိထိမိမိ ရေးသားထားသည်ကို တွေ့ရ၍ ကျွန်တော်သည် စောစောက စာအုပ်ကို ခေတ္တလောက်သာဖတ်၍ ရပ်နားထားပြီးလျှင် နောက်မှ ဆက်ဖတ်မည်ဟု စဉ်း စားထားခဲ့ရာမှ ထိုစိတ်ကူးကို ဖျက်ပြီး စာအုပ်ဆုံးသွားသည်ထိ ဖတ်မိအောင် အကြောင်းအရာနှင့် တင်ပြပုံကဆွဲခေါ်သွားခဲ့သည်။ စာအုပ်ဆုံး သွားသောအခါ အရင်က သိထားသော ဟိုတစ်စ ဒီတစ်စအကြောင်းအရာတို့သည် ကျွန်တော့်ခေါင်းထဲတွင် စီကာ စဉ်ကာ သူ့နေရာ နှင့်သူ နေရာတကျ အစီအစဉ်တကျ ဖြစ်သွား၍ ကိုကိုးကျွန်းအကျဉ်းစခန်းနှင့် အကျဉ်းစခန်း ဖျက်သိမ်းရေး နိုင်ငံ ရေး တိုက်ပွဲဆိုသည်မှာ ဤသို့ပါတကားဟု ရှင်းရှင်းလင်းလင်း ပီပီပြင်ပြင် သိရှိသွားရသလို ခံစားသွားမိသည်။ ယခင်က ကိုကိုး ကျွန်းပြန် မိတ်ဆွေများက အထပ်ထပ် ပြောသည်ကို ကြားခဲ့ရ သော်လည်း ထိုအကြောင်းအရာများမှာ တစ်ခုနှင့် တစ်ခု ရော ထွေးနေ၍ အစီအစဉ်တကျ မမြင်မိဘဲ “ဆင်ဆိုသည်မှာ ယပ် တောင်နှင့် တူသည်၊ နံရံနှင့် တူသည်၊ သစ်ပင်နှင့် တူသည်” ဟု တစ်မျိုးစီ ဖြစ် နေကြသော မျက်မမြင်ပုဏ္ဏားခြောက်ယောက်ကဲ့ သို့ ဖြစ်နေရာမှ ယခုအခါ “ဆင်ဆိုသည်မှာ ဤသို့ပါတကား” ဟု တစ်ကောင်လုံးကိုရော တစ်ခုစီကိုပါ သူ့နေရာနှင့်သူ  မြင်မိသကဲ့ သို့ သိရှိခံစားလိုက်ရ၍ စာရေးသူ ခင်မောင်အေး-ချောက် အမည်ခံ ကိုမြတ်ထွန်းအောင်ကို လေးစားကျေးဇူးတင်မိသည်။

mawkun-68-diary-jpg

သို့သော်လည်း ကျွန်တော်သည် ကိုကိုးကျွန်းတိုက်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ မဟုတ်၍ စာအုပ်တွင် ဖော်ပြချက် များသည် ကိုကိုးကျွန်းတိုက်ပွဲ၏ နက်ရှိုင်းသော နိုင်ငံရေးအဓိပ္ပာယ် ကို မည်မျှ ထင်ဟပ်ပြနိုင်သည်ဆိုသော အချက်ကိုကား အကဲ ဖြတ်ခြင်း မပြုပါ။ ထိုအချက်ကို ကိုကိုးကျွန်းတိုက်ပွဲတွင် ပါဝင်ခဲ့ ကြသော နိုင်ငံရေးသမားများကပင် အပြုသဘောဖြင့် ဝေဖန် ဆန်းစစ် အကြံပြုကြရမည် ဖြစ်ပါသည်။ ထိုအချက်သည် အရေး ကြီးဆုံးအချက်လည်း ဖြစ်ပါသည်။

မည်သို့ဖြစ်စေ ဤစာအုပ်ငယ်သည် ကိုကိုးကျွန်းနိုင်ငံရေး တိုက်ပွဲအကြောင်းကို နှောင်းခေတ်လူတို့ အချက်အလက် တိတိ ကျကျ မှန်မှန်ကန်ကန်ဖြင့် သိရှိနိုင်ရန် အတိုဆုံး အရှင်းဆုံး တစ် နေရာတည်းတွင် အပြည့်စုံဆုံး ရေးသားတင်ပြထားသော စာအုပ် ဖြစ်လိမ့်မည်ဟု အသွင်သဏ္ဌာန် (Form) အရ ပြောကြား လိုပါသည်။ ကျွန်တော်သည် စာအုပ်ပါ အကြောင်းအရာများကို ဤနေရာတွင် အကျယ်ချဲ့ ၍ မပြောလိုတော့ပါ။ ကိုကိုးကျွန်းနိုင်ငံ ရေးတိုက်ပွဲအကြောင်း စိတ်ဝင်စား၍ သိရှိလေ့လာလိုသူတို့သည် ထိုစာအုပ်ကို ရှာဖွေ၍ ဖတ်ရှုရန်ကိုသာ အလေးအနက် တိုက် တွန်းလိုပါသည်။ အကယ်၍ ထိုစာအုပ်အား လူငယ်များကို ဖတ်ရှု လေ့လာစေလို၍ စာကြည့်တိုက် သို့မဟုတ် စာအုပ်စင်တွင် ထား ရှိလိုပါကလည်း ဆက်သွယ်နိုင်သော နေရာကို မြနန္ဒာစာအုပ် တိုက်၊ ဖုန်း-ဝ၉၄၃၀၈၇၁၉၃ ဟု ဖော်ပြထားကြောင်း တွေ့ရပါသည်။

ဤကဲ့သို့သော သမိုင်းဝင်ဖြစ်ရပ်အကြောင်း မှတ်တမ်း အဖြစ် ရေးသားထုတ်ဝေသောအခါ ပထမတစ်ကြိမ်နှင့် ပြီးပြည့် စုံရန် ခက်ခဲ၍ ဒုတိယ၊ တတိယအကြိမ်တို့တွင် တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ထပ်မံလေ့လာသုတေသနပြု၍ ဖြည့်စွက် ပြင်ဆင် မွမ်းမံတည်းဖြတ်ချက်များဖြင့် ကောင်းသထက် ကောင်း ၍ အကောင်းဆုံးဖြစ်အောင် ထုတ်ဝေသွားရန်ကိုမူကား စာရေး သူ ခင်မောင်အေး(ချောက်)နှင့် မြနန္ဒာစာအုပ်တိုက်တို့ကို အကြံပြုလိုပါသည်။


#mawkun #magazine #chronicle #diary #no68


 

အမျိုးအစား - ဒိုင်ယာရီ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."