ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၁၇ (မော်ကွန်း)
ရှမ်းတောင်ပိုင်းက ကလောမြို့မှာ မိုးကြီးပြီး မြေပြိုတဲ့ဖြစ်စဉ်မှာ အိမ်ခြေပေါင်း ၂၀၀ ကျော် ပြိုကျသွားပြီး လူဦးရေ ၉၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမြို့တွေမှာ အခုလ ၁၀ ရက်ကစပြီး ရေကြီးရေလျှံမှုဖြစ်ခဲ့ကာ ကလောမြို့မှာတော့ တောင်ကျချောင်းရေစီးဆင်းတာကြောင့် မြေတွေပြိုကျကာ လူနေအိမ်တွေ အများအပြား ပျက်စီးခဲ့တာပါ။
အထူးသဖြင့် တောင်ပေါ်ခရီးသွားမြို့ရဲ့ အနိမ့်ပိုင်းနေရာတွေဖြစ်တဲ့ ရပ်ကွက် (၂)၊ (၃) နဲ့ (၄) တို့ဟာ အဆိုးဝါးဆုံး ရေကြီးတာနဲ့ မြေပြိုကျတဲ့ ဖြစ်စဉ်တွေ ကြုံတွေ့ခဲ့ရပြီး ဒေသခံတချို့ သေဆုံးခဲ့တယ်လို့ ကလောမြို့နယ် ကြက်ခြေနီအသင်း တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ရေကြီးတာနဲ့ မြေပြိုတာတွေကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့ ကလောမြို့ရဲ့ ရေကြီးမြေပြိုမှုဖြစ်စဉ်ကို လူမှုကွန်ရက်စာမျက်နှာတွေမှာ သေဆုံးသူ ရာနဲ့ချီရှိတယ်လို့ ဖော်ပြနေကြပေမယ့် တကယ်တမ်းသေဆုံးသူဦးရေက စုစုပေါင်း ၁၃ ဦးပဲရှိတယ်လို့ ၎င်း ကြက်ခြေနီအသင်းတာဝန်ရှိသူက ပြောပါတယ်။
“ကျွန်တော်တို့ကိုယ်တိုင် လိုက်ကောက်ပြီး င်္သဂြိုဟ်ခဲ့တာ ပိုင်ရှင်တွေကိုယ်တိုင်က အတည်ပြုပေးတဲ့ အရေအတွက်က ၁၃ ဦးပဲ ရှိပါတယ်။ ပျောက်ဆုံးတာလည်းမရှိပါဘူး၊ ရာကျော်သေဆုံးတယ်ဆိုတာကတော့ မဟုတ်ပါဘူး။ ကောလာဟလတွေပါ” လို့ ၎င်းကပြောပါတယ်။
ကလောမြို့နယ်ကြက်ခြေနီအသင်းက ပြုစုထားတဲ့ စာရင်းတွေအရ လုံးဝပြိုကျပျက်စီးပြီး ရေထဲမျောပါသွားတဲ့ နေအိမ် ၂၃၄ လုံးရှိပြီး၊ ရေနစ်မြုပ်ကာ ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့ နေအိမ်ပေါ်ငး ၅၇၈ လုံး ရှိခဲ့တယ်လို့ ပြောပါတယ်။
လုံးဝပြိုကျသွားတဲ့ နေအိမ် ၂၃၄ လုံးရဲ့ အိမ်ထောင်စု ၂၇၂ စု၊ လူဦးရေ စုစုပေါင်း ၉၈၂ ဦးဟာ အိုးမဲ့အိမ်မဲ့ကြုံတွေ့နေရတာဖြစ်ပြီး ဒီအတွက် ပြန်လည်ထူထောင်ရေးတွေ လိုအပ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဒီနေ့မှာတော့ ကလောမြို့မှာ ရေပြန်လည်ကျသွားပြီဖြစ်ပြီး ရေစီးနဲ့အတူပါလာတဲ့ ရွှံနွံတွေကို သန့်ရှင်းရေးလုပ်နေတယ်လို့ ကလောဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့လည်း တတ်နိုင်သလောက် လုပ်နေကြတယ်။ တခြားမြို့တွေ ရွာတွေကလည်း လာပြီးလုပ်နေကြတယ်။ ပြန်လည်ထူထောင်ရေးမှာ အိမ်တွေဆောက်လုပ်ဖို့ ဝိုင်းပြီးကူညီပေးရင်တော့ ပိုကောင်းပါမယ်” လို့ ၎င်းဒေသခံကပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အဆက်မပြတ်ရွာသွန်းခဲ့တဲ့ မိုးကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းက ကလော၊ တောင်ကြီး၊ အောင်ပန်း၊ ဟိုပုံး၊ ညောင်ရွှေ၊ ရွှေညောင်၊ ရပ်စောက်နဲ့ ရွာငံ အစရှိတဲ့မြို့တွေက မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေဘေးသင့်ခဲ့ပါတယ်။
ရှမ်းတောင်ပိုင်းကို ဆက်သွယ်ထားတဲ့ တောင်ကြီး-ရွာငံ၊ တောင်ကြီး-ပင်လောင်း၊ တောင်ကြီး-ဟိုပုံး လမ်းပိုင်းတွေကလည်း မြေပြိုတာတွေ၊ လမ်းရေကျော်တာတွေကြောင့် လမ်းပိုင်းတွေ ပြတ်တောက်နေပြီး ဒေသတွင်းမှာ ရှင်းလင်းရေးတွေ ပြန်လည်လုပ်ဆောင်နေကြတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကုန်းတွင်းမုန်တိုင်းဖြတ်ကျော်ဝင်ရောက်လာတာကြောင့် တစ်နိုင်ငံလုံး မိုးအဆက်မပြတ်ရွာခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းအပါအဝင်၊ နေပြည်တော်ကောင်စီ၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့မှာလည်း ရေကြီးနစ်မြုပ်ခဲ့ပြီး တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၀၀ ကျော်ထိ ရှိခဲ့တာပါ။
ပုံစာ – ကလောမြို့မှာ ရေပြန်ကျသွားတဲ့မြင်ကွင်း
ဓာတ်ပုံ – Sai Thihan
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
@mawkunmagazine #Chronicle #Dailynews

