အောင်ပိုင်၊ ဒီဇင်ဘာ ၂၇
အလုပ်နှင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရသည့် ကရင်နီလူငယ်ခြောက်ဦးအမှုနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရက ပြစ်ဒဏ်နည်းပါးသဖြင့် ပြစ်ဒဏ်တိုးမြှင့်ပေးရန် ပြင်ဆင်ချက်ကို လွိုင်ကော်ခရိုင်တရားရုံးက ယနေ့ရုံးချိန်းတွင် ပလပ်လိုက်သည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ရေးဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ချမှတ်ခံရသည့် ကရင်နီလူငယ်ခြောက်ဦးကို ပြစ်ဒဏ်ထပ်တိုးပေးရန် ကယားပြည်နယ်အစိုးရက ခရိုင်တရားရုံးသို့ နိုဝင်ဘာ ၂၂ ရက်က ပြင်ဆင်ချက်တင်သွင်းခဲ့ခြင်းဖြစ်သည်။
အပြီးသတ် အမိန့်ချမှတ်သည့် ယနေ့ရုံးချိန်း၌ ခရိုင်တရားရုံးက အစိုးရ၏ ပြင်ဆင်ချက်ကို ပလပ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး မြို့နယ်တရားရုံးက ချခဲ့သောအမိန့်ကိုသာ အတည်ပြုခဲ့ပြီး ကရင်နီလူငယ်တွေက မြို့နယ်တရားရုံးကချမှတ်ခဲ့သည့် ထောင်ဒဏ်ကို မကျေနပ်သောကြောင့် အယူခံတင်ထားသည်ကိုလည်း ခရိုင်တရားရုံးက ပလပ်လိုက်ပြီဖြစ်ကြောင်း တရားရင်ဆိုင်ခဲ့ရသည့် ကရင်နီလူငယ်ဂျွန်ပေါက ပြောသည်။
“အစိုးရဘက်က ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြင်ဆင်ချက်ကို ရုပ်သိမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ ခရိုင်တရားရုံးက ပြင်ဆင်ချက်ကို ရုပ်သိမ်းလို့မရဘူးတဲ့။ ကျနော်တို့ အယူခံတက်တော့ ပြင်ဆင်ချက်နဲ့ အယူခံကို ပလပ်ဆိုတဲ့သဘော ခရိုင်တရားရုံးက အမိန့်ချခဲ့ပြီး မူလက အောက်တရားရုံး (မြို့နယ်တရားရုံး) ဆုံးဖြတ်ချက်အတိုင်း အတည်ပြုခဲ့ကြောင်း ခရိုင်တရားရုံးမှာ အမိန့်ချခဲ့ပါတယ်။” ဟု ကိုဂျွန်ပေါက မော်ကွန်းကို ပြောသည်။
ကရင်နီလူငယ်များသည် ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးကို ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်စိုက်ထူခြင်း နှင့်ပတ်သက်၍ အမျိုးသားသစ္စာဖောက်ဟု ဖေ့စ်ဘုတ်အင်တာနက်စာမျက်နှာပေါ်တွင် မတ်လက ကြေညာခဲ့ပြီးနောက် တရားစွဲဆိုခံခဲ့ရကာ ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရပြီး ဒီဇင်ဘာ ၁၃ ရက်နေ့တွင် အကျဉ်းထောင်မှ ပြန်လွတ်မြောက်ခဲ့ပြီးဖြစ်သည်။
Photo – PKPF Fb Page
#dailynews