လွိုင်ကော် – ၂၀၂၃ နိုဝင်ဘာ ၁၄ (မော်ကွန်း)
တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်အတွင်းမှာ အခုလ ၁၁ ရက်ကနေ ၁၃ ရက်အထိ သုံးရက်အတွင်း အရပ်သား ၂၀ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ဒါရိုက်တာ မမေဇင်လတ်က မော်ကွန်းကိုပြောပါတယ်။
သေဆုံးခဲ့သူတွေဟာ ဖယ်ခုံ၊ မိုးဗြဲနဲ့ လွိုင်ကော်မြို့တွေကဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်လို့ သူကပြောပါတယ်။
“လက်ရှိမှာ ထိခိုက်သေဆုံးမှုအများဆုံးက စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီး ထိမှုကြောင့် သေဆုံးတာအများဆုံးဖြစ်ပြီးတော့ စစ်ကောင်စီအနေနဲ့ တချို့ မြို့အဝင်ထွက်လမ်းတွေကို ပိတ်ထားမျိုး လုပ်ပါတယ်။(လွိုင်ကော်မြို့ထဲမှာ ပိတ်မိနေသူ) အများကြီးရှိပါသေးတယ်” လို့ မမေဇင်လတ်က ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသမီးလေးဦး၊ အမျိုးသား ၁၃ ဦးနဲ့ (ကျား/မ)ခွဲခြားမရနိုင်သေးတဲ့ သေဆုံးသူ သုံးဦးပါဝင်ပြီး ထိခိုက်ဒဏ်ရရတဲ့သူ ၁၅ ဦးရှိတယ်လို့ KnHRG ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
တိုက်ပွဲတွေအတွင်းမှာ ဘုန်းတော်ကြီးတစ်ပါးအပါအဝင်အမျိုးသား ၁၁ဦးနဲ့ အမျိုးသမီးလေးဦး စုစုပေါင်း ဒေသခံ ၁၅ ဦး ဖမ်းဆီးခံထားရတယ်လို့ KnHRG ကဆိုပါတယ်။
အဲဒီအပြင် လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ နောင်ယား(တိုက်ခြောက်လုံး)နဲ့ နာနတ်တောမှာ စစ်ကောင်စီတပ်တွေပစ်သတ်တာခံရလို့ သေဆုံးသွားတဲ့ ပြည်သူအလောင်း သုံးလောင်းရှိပြီး လက်ရှိအချိန်ထိ အလောင်းပြန်မကောက်နိုင်သေးဘူးလို့ မမေဇင်လတ်က ပြောပါတယ်။
“နာနတ်တောက တစ်လောင်းတော့ သယ်လို့ရနိုင်တဲ့ အခြေနေရှိတယ်။ တိုက်ခြောက်လုံး နှစ်လောင်းကတော့ ဘယ်သူမှအနားမကပ်ရဲဘူး၊ ထွက်တာနဲ့ပစ်နေတာဆိုတော့” လို့ သူကပြောပါတယ်။
တိုက်ပွဲတွေအတွင်း သေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရသူစာရင်းဟာ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ရရှိထားတဲ့ မှတ်တမ်းသာဖြစ်ပြီး အခြားထိခိုက်သေဆုံးမှုတွေလည်း ရှိနိုင်သေးတယ်လို့ KnHRG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကရင်နီပြည်နယ်ထဲမှာ ၂၀၂၁ ကနေ အခုချိန်ထိ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲကျော်ရှိတဲ့အပြင် လက်ရှိမြို့ပေါ်တိုက်ပွဲတွေကြောင့် မြို့ခံတွေ ထပ်မံရွှေ့ပြောင်းတာတွေရှိလာတဲ့အတွက် စစ်ရှောင်ဦးရေပိုတိုးလာတယ်လို့ မမေဇင်လတ်က ဆိုပါတယ်။
အခုလ ၉ ရက်ကလည်း လွိုင်ကော်မြို့နယ်၊ မထောခူကျေးရွာမှာ စစ်ကောင်စီတပ်တွေ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲလို့ အသက် ၄၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့သေးတယ်လို့ KnHRG က ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်နယ်အတွင်းမှာ အခုလ ၁၁ ရက်ကစပြီး KA ၊ KNDF ၊ KNPLF ၊ DMO Local PDF ၊ မြို့ပြတော်လှန်ရေးတပ်ဦး(URF)၊ အလယ်ပိုင်းတိုင်း ရှမ်းတောင်စစ်ဒေသခွဲနဲ့ ကယား(ကရင်နီ)စစ်ဒေသခွဲ PDF တပ်ရင်းတွေပူးပေါင်းပြီး “၁၁.၁၁ စစ်ဆင်ရေး” ဆင်နွှဲနေပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း ဒီးမော့ဆို၊ မိုးဗြဲနဲ့ လွိုင်ကော်မြို့နယ်တွေထဲက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ စစ်စခန်းခုနစ်ခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားရရှိထားတယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။
KNDF ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့အတူ “၁၀၂၇ စစ်ဆင်ရေး”မှာလည်း ပါဝင်တိုက်ခိုက်နေပြီး စစ်ရေးရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မနေ့ကမနက်ပိုင်းမှာ ကရင်နီပြည်နယ် လွိုင်ကော်တက္ကသိုလ်အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကို ဖြေကြားထားတာတွေ့ရပါတယ်။ ကရင်နီပြည်နယ် တိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ပြောကြားထားတာကိုတော့ မတွေ့ရသေးပါဘူး။
ပုံစာ-စစ်ကောင်စီတပ်တွေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ဒဏ်ရာရတဲ့ ကရင်နီပြည်နယ်ဒေသခံများ။
ဓာတ်ပုံ-KnHRG