ကရင်ပြည်နယ်က ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ဖို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ခွင့်မပြု 

ကရင်ပြည်နယ်က ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ဖို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ခွင့်မပြု 

ကျော်ဇေယျ 
ဖေဖော်ဝါရီ-၈

ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုတို့ ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ ကရင်ပြည်နယ်က ကျောက်မီးသွေး သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်းကို ခွင့်ပြုပေးဖို့မရှိဘူးလို့ ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောတင်ဝင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြိုးပမ်း ဆောင်ရွက်ခဲ့သော (၁,၂၈၀) မီဂါဝပ် ထွက်ရှိမယ့် USC (Ultra Super Critical) နည်းပညာသုံး ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အစီအစဉ် ရှိ၊ မရှိနဲ့ စပ်လျဉ်းတဲ့ မေးခွန်းကို ငြင်း ဆိုရာမှာ အထက်ပါအတိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ရှင်းလင်းပြခဲ့တာဖြစ်ပါတယ်။

ဒေါက်တာထွန်းနိုင်က ဒီစက်ရုံရဲ့လောင်စာအတွက် ပြည်ပကနေ ကျောက်မီးသွေးတန်ချိန် သိန်းနဲ့ချီသယ်ဆောင်လာမယ့် ပင်လယ် ကူးသင်္ဘောတွေအတွက် ဆိပ်ကမ်းနေရာ အခက်အခဲရှိသလို အဲ့ဒီသင်္ဘောတွေ စက်ရုံထိ ဝင်ရောက်လို့ မရတဲ့အတွက် အဲ့ဒီက ကျောက်မီးသွေးတွေကို မြစ်တွင်းသွားသင်္ဘောတွေနဲ့ တင်ဆောင်ပြီး သံလွင်မြစ်ကြောင်းအတိုင်း စက်ရုံထိ သယ်ယူပို့ဆောင် ပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။

အဲ့ဒီလို ပို့ဆောင်တဲ့အခါ သံလွင်မြစ်ကြောင်းတစ်လျှောက် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုဆိုင်ရာ ပြသနာတွေ အပါ အဝင် အခြားမြစ်ကြောင်းဆိုင်ရာ အခက်အခဲတွေရှိနေကြောင်း တခြားဝန်ကြီးဌာနတွေကလည်း အကြံပြုထားလို့ ဒီစီမံကိန်း ကို ခွင့်ပြုပေးဖို့အဖြစ်နိုင်ဘူးလို့ သူကဆက်ပြောပါတယ်။

“ ကျောက်မီးသွေး အတင်အချပြုလုပ်ရာမှာ ရေရှည်မှာပင်လယ်ပြင်နှင့် ကျိုက္ခမီကမ်းခြေ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု များ ဖြစ်စေနိုင်ခြင်းကြောင့် ဆောင်ရွက်ရန်မသင့်” လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အကြံပြုထားတာကို ဒုတိယဝန်ကြီးက ရှင်းပြပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်မှာ လက်ရှိရရှိနေတဲ့ လျှပ်စစ်ဓါတ်အားထက် ပိုမိုရရှိစေဖို့အတွက် ဧပြီလမှာ ပြီးစီးမယ့် မြဝတီ- မော်လမြိုင် 230 kv ဓါတ်အားလိုင်းတည်ဆောက်ပြီးပါက လျှပ်စစ်ဓါတ်အားကို ပိုမိုဖြန့်ဖြူးပေးမယ်လို့ ဒေါက်တာထွန်းနိုင် က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ဆန်းပိုင်းမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က ထိုင်းနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုနှင့်ပူးပေါင်းပြီး ဘားအံမြို့ နယ်၊ ဝက်ကြီး ဒေသက မြေဧက ၈၀၀ ကျော်ပေါ်မှာ ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ခုကို ဖော်ဆောင် ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

အစိုးရနဲ့ ပြည်သူကြား လွန်ဆွဲနေတဲ့ ကရင်ပြည်နယ်က ကျောက်မီးသွေးစီမံကိန်း

 

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."