ကယ်ရာမဲ့ အသံအကျဉ်းသားများ ဘဝ

ကယ်ရာမဲ့ အသံအကျဉ်းသားများ ဘဝ

၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Feature ဖြစ်ပါသည်။

အိရွှေဖြူ ရေးသည်။

                  မသော်တာဟာ သူတို့လမ်းထဲ အသံချဲ့စက်ကျယ်လောင်စွာဖွင့်တဲ့ အလှူခံတွေ ဝင်လာမှာကို ကြောက်ရွံ့နေသူတစ်ယောက်ပါ။သူ ကြောက်ရွံ့တာက သူ့အတွက်မဟုတ်ပါဘူး။ ခြောက်လသားအရွယ် သမီးငယ်အတွက် စိုးရိမ်ထိတ်လန့်တာပါ။

                   ပြီးခဲ့တဲ့ နိုဝင်ဘာက သူနေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဗဟိုအမျိုးသမီးဆေးရုံ ဝန်ထမ်းအိမ်ရာဝင်းထဲကို  ဆောင်းဘောက်စ်သံအကျယ်ကြီးဖွင့်ပြီး အလှူခံတွေဝင်လာ တုန်းကဆိုရင် သူ့သမီးရဲ့ ရင်ဘတ်ဟာ တဒိန်းဒိန်း လှိုက်ခုန်နေတဲ့ အပြင် မျက်အိမ်လည်း ပြူးကျယ်သွားတယ်လို့ဆိုပါတယ်။

                     သူတို့တွေ ဝေးရာကိုရောက်သွားတဲ့အခါကလေးငယ်ကို အခန်းထဲမှာထားပြီး အခန်းကွယ်နေရာကနေ ချောင်းကြည့်ကာ ““သမီးရေ၊ သမီးရေ”” လို့ အသံပေးလိုက်တယ်။ အသံလာရာကို လိုက်ကြည့်တဲ့ သမီးရဲ့ အမူအရာကို မြင်လိုက်တော့မှ စိတ်အေးရ တော့တယ်လို့ မသော်တာက ဆိုပါတယ်။

                    ဆူညံလွန်းတဲ့အသံတွေကြောင့် ကလေးငယ် နားစည် ထိခိုက်မှာ စိုးရိမ်တဲ့အတွက် သူတတ်နိုင်သလောက် စမ်းသပ် ကြည့်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

                      ပြီးခဲ့တဲ့ ကထိန်ကာလတစ်လျှောက်လုံး ဆောင်းဘောက်စ် တွေနဲ့ အလှူခံတွေလာရင်  ကလေးနိုးနေတဲ့အချိန်ဆို ကလေးကို ချီပွေ့လိုက်၊ ကလေးအိပ်နေတဲ့ အချိန်ဆိုရင် ကလေးရဲ့နားကို လက်နှစ်ဖက်နဲ့ပြေးအုပ်လိုက်နဲ့ သားအမိနှစ်ယောက် ဖြတ်သန်းခဲ့ ကြပါတယ်။

                       မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ဖွင့်နေကြတဲ့ အသံ ခဲျ့စက်သံတွေကို တောရောမြို့ပါ ခံစားနေကြရပြီး နားမခံနိုင်ကြ တဲ့သူတွေဟာ သူတို့ရဲ့ မကျေနပ်ချက်တွေကို ဆိုရှယ်မီဒီယာမှာ ပုံစံမျိုးစုံနဲ့ လှစ်ဟလှောင်ပြောင်လာကြပါတယ်။

                      ကာတွန်းဆရာတချို့လည်း သူထက်ငါ အစွမ်းပြသရော်ခဲ့ ကြပါတယ်။ ကာတွန်းတစ်ကွက်မှာဆိုရင် လူတယောက်ဟာ သူ့ နားရွက်တွေကိုဖြတ်ပြီး အလှူခံမဏ္ဍပ်ကို သွားလှူနေတဲ့ပုံပါ။ သတင်းမီဒီယာတွေကလည်း ဒီပြဿနာကို နှစ်တိုင်း ဆောင်းပါး တွေ ရေးပြကြပါတယ်။

                    စည်းကမ်းမဲ့ အသံချဲ့စက်ဖွင့်တာတွေနဲ့ ပတ်သက်ပြီး ထိ ရောက်စွာ အရေးယူပေးဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း မေးခွန်းမေးမြန်း ခဲ့တာ ရှိပါတယ်။ ဘယ်လိုပဲ လှောင်ပြောင်၊ ရေးသား၊ တိုက်တွန်းမှု တွေပြုကြပေမယ့် အရေးယူတဲ့အပိုင်းမှာ သိသိသာသာ တိုးတက် လာတာ မရှိသေးဘဲ အသံချဲ့စက်ဒဏ်ကို ဆက်လက်ခံနေကြရ ပါတယ်။

                     ရန်ကုန်မှာဆိုရင် အသံချဲ့စက်အသံကို တစ်နှစ်လုံးနီးပါး ကြားရတတ်ပြီး အဆိုးရွားဆုံး အကျယ်လောင်ဆုံးကြားရတဲ့ အချိန်ကတော့ ပွင့်လင်းရာသီမှာဖြစ်ပါတယ်။ အဲဒီလိုအချိန်မျိုး ဆိုရင် ရန်ကုန်မြို့ ပတ်ဝန်းကျင်ဟာ အသံချဲ့စက်တွေက ထွက်ပေါ် လာတဲ့ သီချင်းသံ၊ အလှူခံသံတွေနဲ့  ဆူညံလှောင်ပိတ်နေတတ် ပါတယ်။

                     မြန်မာနိုင်ငံမှာ အသံချဲ့စက်ဖွင့်တာ ကြိုက်နှစ်သက်သူတွေ အဖို့ အသံချဲ့စက်ပြိုင်ပွဲတွေတောင် လုပ်နေကြပေမယ့် တိတ် ဆိတ်မှုကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက်ကတော့ ဆူညံသံ တွေဟာ အဆိုးဆုံးအခြေအနေ၊ အကြီးဆုံး ပြဿနာပဲလို့ ရန်ကုန် တိုင်းဒေသကြီး လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခိုင်မာဌေးက ပြောပါတယ်။

                  ““ကျွန်မတို့ အားလုံး မိုးလင်းမိုးချုပ်ခံစားနေရတဲ့ဒုက္ခဖြစ်တယ်။ ဆူညံမှုက ကျွန်မတို့အားလုံး မခံစားနိုင်လောက်အောင် ဖြစ်နေတဲ့ ပြဿနာဖြစ်တယ်””လို့  သူက ပြောပြတယ်။

                   ဒေါ်ခိုင်မာဌေးဟာ အသံချဲ့စက်ဖွင့်တာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ၂၀၁၆ တုန်းက မေးခွန်း မေးမြန်းခဲ့သူဖြစ်ပါတယ်။ အသံချဲ့စက်တွေ ဆူညံကျယ်လောင်စွာ ဖွင့်နေကြတာတွေနဲ့ပတ်သက်ပြီး ဥပဒေလည်းရှိပါလျက်နဲ့ အုပ် ချုပ်ရေးမှူးတွေက ဘာကြောင့်အရေးမယူတာလဲ၊ ထိထိရောက် ရောက် ဘာတွေအရေးယူ ဆောင်ရွက်သွားဖို့ ရှိသလဲဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာပါ။

 

ဘာသာရေးနဲ့ အသံချဲ့စက်

                    မြန်မာနိုင်ငံမှာ ဘာသာရေးပွဲတော်တွေဖြစ်တဲ့ ကထိန်၊ နှစ် ကျိပ်ရှစ်ဆူဘုရားပွဲ၊ တရားပွဲနဲ့ အလှူအတန်းတွေအပြင် မင်္ဂလာ ဆောင်တွေမှာပါ အသံချဲ့စက်တွေကို အသုံးပြုလေ့ရှိကြပါတယ်။  

                        မော်ကွန်းက မေးမြန်းခဲ့တဲ့ အသံချဲ့စက်ဖွင့်တဲ့သူတွေက တော့ ဒီလိုဖွင့်တာဟာ အလှူအတန်းတစ်ခု သို့မဟုတ် အလှူခံ မဏ္ဍပ်ရှိတယ်ဆိုတာကို သိစေလိုတဲ့အပြင် ဘာသာရေးဘက်က ကြည့်မယ်ဆိုရင်လည်း သာသနာပြန့်ပွားရေးအတွက် ဖြစ်တယ် လို့ ဆိုပါတယ်။

                      လှူတဲ့လူတွေအနေနဲ့ သူတို့လှူဒါန်းတဲ့ ငွေနဲ့ပတ်သက်ပြီး သံသယရှိမှာ စိုးရိမ်တဲ့အတွက်ကြောင့် ဘယ်သူက ဘယ် လောက်လှူသွားတယ်ဆိုတာကို သက်သေအနေနဲ့ ပြောပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရားပွဲတွေမှာလည်း အသံချဲ့ စက်မပါဘဲ ဟောကြားရင် လူနည်းစုသာ နာကြားနိုင်မှာဖြစ်ပြီး လူအများစု နာကြားနိုင်ဖို့ဆိုရင်တော့ မဖြစ်မနေသုံးရမှာ ဖြစ် တယ်လို့လည်း ယူဆထားကြပါတယ်။

                      ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းနဲ့ အနော်ရထာလမ်း ထောင့်က အနှေးယာဉ်လုပ်သားများ မဟာဘုံကထိန်မဏ္ဍပ်က တာဝန်ခံကတော့ သူဖွင့်တာဟာ ပတ်ဝန်းကျင် အနှောင့်အယှက် မဖြစ်ဘူးလို့ ယုံကြည်နေသူ ဖြစ်ပါတယ်။ ဒီလိုဖွင့်ဖို့ ခွင့်ပြုချက် လည်း ယူထားတယ်ဆိုပြီး ခွင့်ပြုချက်ပေးထားတဲ့ စာရွက်ကို ထုတ်ပြပါတယ်။

Photo-Ei Shwe Phyu
ကထိန်လှည့်ဖို့ပြင်ဆင်နေကြသူများ

                      ဒါ့ပြင် ဆူညံတယ်လို့ ပြောတဲ့လူလည်း မရှိခဲ့တာကြောင့် ၁၄ ကြိမ်မြောက်ထိ နှစ်စဉ်ဆက်တိုက် မဏ္ဍပ်ထိုးပြီး အလှူခံခဲ့ တာဖြစ်တယ်လို့ အဆိုပါ မဏ္ဍပ်တာဝန်ခံ ဦးဝင်းနိုင်က ပြောပါတယ်။

                      ““မဏ္ဍပ်ကြီးဆောက်ထားပြီးတော့ အသံချဲ့စက်မဖွင့်ရဘူး ဆိုတာက ဒါ ရိုးရာဓလေ့ကိုဖျက်ဆီးတာပဲ။ ဘယ်အလှူခံပဲဖြစ်ဖြစ် တရားပွဲ၊ ပဋ္ဌာန်းပွဲလုပ်လည်း အသံချဲ့စက်ကြီးက ပါနေမှာပဲ။ အသံချဲ့စက်ဆိုတာ ဟိုးတုန်းကတည်းက မိရိုးဖလာဆိုတော့ ဘာမှသွားပြောလို့မရဘူး””လို့ သူက ဆက်ပြောပါတယ်။

                         အလှူခံရာမှာ အသံချဲ့စက် အသုံးပြုတာဟာ ရိုးရာအဖြစ် သတ်မှတ်ထားတာမျိုး မဟုတ်ဘဲ လောကီလူသားအကြိုက်ကို လိုက်ပြီး ဆွဲဆောင်စည်းရုံး အလှူခံကြတာဖြစ်တယ်လို့ မင်္ဂလာဒုံ တပ်ဦးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးသုစိတ္တက မိန့်ပါ တယ်။ နားမခံသာလောက်အောင် ဆူညံလွန်းရင် ကုသိုလ်ရေး လုပ်တယ်ဆိုပေမယ့်ကြားရသူဟာ စိတ်ညစ်ညူးမိပါက အကုသိုလ် ဖြစ်စေတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

                      ““ဘာသာရေးမို့၊ အလှူမို့ မဖြစ်မနေဖွင့်ရမယ်ဆိုတာမျိုး တော့ မရှိပါဘူး။ လိုအပ်ချက်ဆိုပြီးတော့ ဖွင့်နေကြတာပေါ့။ အသံချဲ့ စက်မပေါ်ခင်ကတည်းက အေးအေးဆေးဆေး အလှူခံ တာတွေက ရှိခဲ့မှာပါ”” လို့ ဦးသုစိတ္တက ဆက်လက် မိန့်ကြား ပါတယ်။

                    ဦးဝင်းနိုင်တို့ အလှူခံမဏ္ဍပ်မှာ နိဗ္ဗာန်ဆော်လုပ်နေတဲ့ အသက် ၇၀ အရွယ် ဦးလှကြွယ်က အသံချဲ့စက်ဖွင့်တာဟာ လှူဒါန်းချင်စိတ်ဖြစ်ပေါ်လာအောင် နှိုးဆော်ပေးတာဖြစ်ပြီး ဒါဟာလည်း ရိုးရာအစဉ်အဆက်လုပ်လာခဲ့တာဖြစ်သလို ဗုဒ္ဓ ဘာသာနိုင်ငံလည်းဖြစ်တာကြောင့် ဒီလိုကိစ္စမျိုးအတွက်နဲ့ ““ဘယ်သူမှ စိတ်ညစ်ညူးမယ့် လူမရှိဘူး”” လို့ သူ့ယူဆချက်ကို ပြောပြပါတယ်။

                    ဦးလှကြွယ်ရဲ့ ယူဆချက်ဟာ ဗဟန်းမြို့နယ် ဦးချစ်မောင် လမ်းမပေါ်မှာနေတဲ့ မသဉ္ဇာထွန်းအတွက်တော့ မမှန်ပါဘူး။ သူ့ အဖို့တော့ အသံချဲ့စက်နဲ့ အလှူခံတာတွေကို ကြားရတာဟာ စိတ်အနှောင့်အယှက်ဖြစ်စေပြီး လှူချင်တန်းချင်စိတ် မဖြစ်မိ သလို  အသံချဲ့စက်ဖွင့်တဲ့အလှူခံတွေကို မလှူဖြစ်ဘူးလို့ ဆိုပါတယ်။

                      ““စိတ်က အနှောင့်အယှက်ဖြစ်သွားတော့ အမြင်ကတ်ပြီး တော့ မလှူတော့ဘူး””လို့ သူကဆိုပါတယ်။

                     သူဟာ ပြီးခဲ့တဲ့ ခြောက်လကမှ ဗဟန်းမြို့နယ်ကို ပြောင်း လာခဲ့သူဖြစ်ပြီး လက်ရှိနေတဲ့အိမ်ကို နောက်ထပ် အိမ်စာချုပ် ခြောက်လ ထပ်ချုပ်ဖြစ်တဲ့အပေါ် နောင်တရနေပါတယ်။ ဘာ ကြောင့်လဲဆိုတော့ သူနေတဲ့နေရာမှာ ကထိန်ကာလအတွင်း မဏ္ဍပ်သုံးခုက အသံချဲ့စက်နဲ့ ကျယ်ကျယ်လောင်လောင် ဖွင့်ကြ တဲ့အတွက်ကြောင့်ပါ။

                     ဒါ့အပြင် နေ့စဉ်မနက်စောစောဆိုရင် အာရုံဆွမ်းလောင်းဖို့ လက်ကိုင်စပီကာနဲ့ နှိုးဆော်တဲ့ဒဏ်၊ နေ့လယ်ဘက်ဆိုရင် အသံ ချဲ့စက်နဲ့ ဈေးအော်ရောင်းတဲ့ ဒဏ်တွေကိုလည်း ခံစားနေရတယ် လို့ သူက ဆိုပါတယ်။

                    ဆူညံသံတွေကို နေ့စဉ်ကြုံတွေ့နေရတာဖြစ်ပေမယ့် နယ်ခံ မဟုတ်တဲ့အတွက် ပြဿနာတက်မှာစိုးရိမ်တာကြောင့် သူ့အနေ နဲ့ ဆူညံသံနဲ့ပတ်သက်လို့ စောဒကမတက်ဖြစ်ဘူးလို့ ဆိုပါတယ်။

                    အသံချဲ့စက်ကထွက်တဲ့ ဆူညံသံတွေကို ကြားနေရတာဟာ အဆင်မပြေကြပေမယ့် မော်ကွန်းကမေးမြန်းခဲ့တဲ့သူတွေဟာ မသဉ္ဇာထွန်းလိုပဲ ပြဿနာဖြစ်မှာ စိုးရိမ်သလို ရန်ပြုခံရမှာကို လည်း စိုးရိမ်ကြတဲ့အတွက် မတိုင်ဖြစ်ခဲ့ကြဘူးလို့ ဆိုပါတယ်။

                         ဘာသာရေးပွဲတော်တွေအတွက် အသံချဲ့စက်ကို အထိုက်အလျောက်သုံးရမှာဖြစ်တဲ့အတွက် အသံချဲ့စက်ဖွင့်တဲ့ အနီး အနားမှာ နေထိုင်သူတွေအနေနဲ့ အဝေးမှာနေတဲ့ လူများထက်စာ လျှင် အနည်းငယ် ဆူညံမှုရှိနိုင်တာမို့  ထိန်းထိန်းသိမ်းသိမ်းဖွင့် သင့်တယ်လို့ အထက်ပုဇွန်တောင်လမ်းမပေါ် ပုဇွန်တောင် ဈေး မှတ်တိုင်အနီးက ကထိန်မဏ္ဍပ်တာဝန်ခံ ဦးဝင်းထိန်က ပြောပါတယ်။

Photo-Ei Shwe Phyuအသံချဲ့စက်ဖွင့်ပြီးလှည့်လည်နေသည့်ကားတစ်စီး

                      သူတာဝန်ခံတဲ့ မဏ္ဍပ်မှာဆိုရင် အများပြည်သူ ကြားသိရုံ သာဖွင့်ပြီး လှည့်လည်အလှူခံသူတွေ လာတဲ့အခါ အသံလျှော့ ပေးတာနဲ့ ပိတ်ပေးတာတွေအထိပါ လုပ်တယ်လို့ သူက ဆိုပါ တယ်။ အသံချဲ့စက်ဖွင့်ရာမှာ အတိုင်းအဆ မကျော်လွန်တဲ့ လူ တွေလည်းရှိသလို အတိုင်းအဆမရှိ ကျယ်ကျယ်လောင်လောင် ဖွင့်နေသူတွေလည်းရှိတာကြောင့် ““ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ပေါ့”” လို့ သူက ဆက်ပြောပါတယ်။

                       ဒါပေမဲ့ အတိုင်းအဆမရှိ ဖွင့်တဲ့သူများတာကြောင့် အသံချဲ့ စက်ဘေးကို မြို့ပြနေထိုင်သူအများစုဟာ မပြေးသာ ကျိတ်မှိတ် လို့သာ ခံနေကြရပါတယ်။ သူတို့အတွက်တော့အသံချဲ့စက်ဆီက ထွက်လာတဲ့အသံတွေဟာ ဆူညံသံလိုဖြစ်နေပါတယ်။

 

နားမခံသာတဲ့အသံ

                    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization)  ရဲ့ အဆိုအရ မလိုချင်သော၊ မနှစ်မြို့ဖွယ်အသံကို ဆူညံသံလို့ အဓိပ်္ပာယ်ဖွင့်ဆိုထားပါတယ်။ အသံကျယ်နှုန်း ဘယ်လောက် ရှိသလဲ ဆိုတာကို အသံကျယ်နှုန်းတိုင်းမီတာနဲ့ တိုင်းတာနိုင်ကာ သူ့ရဲ့ယူနစ်ကတော့ (Decibel-dB)  ဖြစ်ပြီး အသံကြောင့် နားကို ထိခိုက်နိုင်ဖို့ဆိုရင် ကြားရတဲ့အသံကျယ်နှုန်း၊ အကွာအဝေးနဲ့ အချိန်ပေါ်လည်း မူတည်ပါတယ်။

                      ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၅ မှာ ထုတ်ပြန်ထားတဲ့ အပန်းဖြေရေးနဲ့ဆိုင်တဲ့ ဆူညံသံတွေကြောင့် အကြားအာရုံ ပျောက်ဆုံးခြင်း(Hearing loss due to recreational exposure to loud sounds)  အစီရင်ခံစာအဆိုအရ လူတစ်ဦးနဲ့ တစ်ဦးပုံမှန် စကားပြောရာကထွက်တဲ့ အသံကျယ်နှုန်းက ၆၀dBရှိပါတယ်။ အမြင့်ဆုံးနားထောင်ဖို့ သင့်လျော်တဲ့ အသံကျယ် နှုန်းဟာ ၈၅dBဖြစ်ပြီး အချိန်အားဖြင့် ရှစ်နာရီထိပဲအများဆုံး နားထောင်သင့်တယ်လို့ အကြံပြုထားပါတယ်။

                      အသံကျယ်နှုန်းမြင့်လာတာနဲ့အမျှ နားထောင်သင့်တဲ့ အချိန်နည်းရမှာ ဖြစ်ပြီး ၉၅dBကျယ်တဲ့အသံဆိုရင်တော့ ၄၇ မိနစ်ထိ သာ ခွင့်ပြုသင့်တယ်လို့ ဖော်ပြထားပါတယ်။

                    သာမန်လူတစ်ယောက်အနေနဲ့ မိမိကြားနေရတဲ့အသံဟာ ဘယ်လောက်ကျယ်နေသလဲဆိုတာကို မသိနိုင်ပေမယ့် ၉၅dBကျော်ရင် စိတ်တိုတာတွေ ဖြစ်ကိုဖြစ်တယ်လို့ အသံချဲ့စက်ပစ်္စည်း တွေကို ရောင်းနေတဲ့သူလည်းဖြစ်၊ အသံပိုင်းဆိုင်ရာ အင်ဂျင်နီ ယာလည်းဖြစ်တဲ့ ကိုသက်က ပြောပါတယ်။

                      ““၉၅dBထက်ကျော်တဲ့အသံကိုတော့ အချိန်အကြာကြီး ကြားနေရမယ်ဆိုရင်တော့ အ်္တရာယ်ဖြစ်တာပေါ့။ ကြာရင် နားတဖြည်းဖြည်းနဲ့ လေးလေးလာမယ်။ ပုံမှန်ပြောတာကိုတောင် မကြားတော့တာမျိုး ဖြစ်လာနိုင်မယ်””လို့ သူက ဆိုပါတယ်။

                       ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ၈၅dBရှိတဲ့အသံဆိုတာဟာ လမ်းပေါ်ကယာဉ်တွေရဲ့ အင်ဂျင်သံကျယ် နှုန်း ဖြစ်ပြီး ၉၅dBကျယ်တဲ့အသံကတော့ မော်တော်ဆိုင်ကယ် အသံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ကထိန် ကာလ အတွင်း အလှူခံမဏ္ဍပ်တွေက ဖွင့်တဲ့အသံတွေဆိုရင် ၁၀၀dB ကျော်လွန်တယ်လို့ ကိုသက်က ပြောပါတယ်။

                          ဆူညံသံတွေဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေ တာကြောင့် အသံချဲ့စက်ဖွင့်တာတွေနဲ့ပတ်သက်လို့ အသိပညာ ပေးလုပ်ငန်းတွေ လုပ်ဆောင်ရမှာဖြစ်တယ်လို့ဆေးတက္ကသိုလ် ၁ ရန်ကုန်၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနဲ့ လည်ပင်း ခွဲစိတ်ကုဌာန ပါမောက္ခ ဒေါက်တာခင်လှလှက ပြောပါတယ်။  

                      ““ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့၊ မရလို့ရှိရင် Policy Maker (မူဝါဒရေးဆွဲသူ) တွေ လုပ်ရမှာပေါ့။ ဒါတွေကို မဖွင့်ရဘူး၊ ဖွင့်မယ်ဆိုရင် ဒဏ်ဘယ် လောက်တပ်မယ်ဆိုပြီး Law Enforcement  (ဥပဒေလိုက်နာ အောင်လုပ်ဖို့) လိုရင်လည်းလုပ်ရမှာပေါ့””လို့ သူက ဆက်ပြော ပါတယ်။

                       ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာဆိုရင် အသံချဲ့စက်တွေ ဖွင့်ပြီး ကခုန်တာကို သက်ဆိုင်ရာက စာထုတ်ပြီး ပိတ်ပင် ဟန့် တားရတဲ့ဖြစ်စဉ် မကြာသေးခင်က ဖြစ်ပွားခဲ့ပါတယ်။

                        ပြီးခဲ့တဲ့ နှစ်လအတွင်း ကျောက်ဖြူမြို့ပေါ်မှာ ဆောင်း ဘောက်စ်တွေတပ်ဆင်ထားတဲ့ မော်တော်ယာဉ်တွေနဲ့ မြို့တွင်း လှည့်လည် ကခုန်တာတွေဟာ နေ့စဉ်နဲ့အမျှဖြစ်လာခဲ့ပါတယ်။ မြို့ပတ်ပြီး ကနေတဲ့ ကားတွေပေါ်မှာ လူ ၂၀ ကနေ ၃၀ နီးပါးထိ ပါတတ်ပြီး ကားတွေပေါ်မှာ ဆောင်းဘောက်စ်နှစ်လုံးကနေ ခြောက်လုံးထိ တပ်ဆင်ထားကြပါတယ်။

                       ဒီလိုလှည့်လည် သွားလာတာဟာ အရပ်အခေါ် ““ပျော်ပွဲ စားထွက်တယ်””လို့ဆိုပါတယ်။ ပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေ လို နေ့မျိုးမှာဆိုရင်တော့ မနက် ၇ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပြီး ကားအရေအတွက် ၂၀ လောက်အထိ ရှိခဲ့ပါတယ်။

                       ကျောက်ဖြူမြို့နယ်၊ မဲဆန္ဒနယ် အမှတ်၂ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးဖိုးစံက ““တော်တော်နဲ့လည်း ကားက မထွက်ဘူး။ ကားနောက်မှာ မီးစက်နဲ့ နှိုးထားသေးတယ်။ မီး စက်ကလည်း ဆူညံတယ်။ ဆောင်း(ဘောက်စ်) ကလည်း ဆူညံ တယ်ဆိုတော့ အိမ်တစ်အိမ်ရှေ့မှာ လာရပ်နေတယ်ဆိုရင်ကိုပဲ တော်တော်လေးကို ဆူညံနေတာ”” လို့ သူ့မြို့က အခြေအနေကို ပြောပြပါတယ်။

                       အဲဒီလို လှည့်လှည်နေတာတွေဟာ ဆူညံပြီး အများပြည် သူ အနှောင့်အယှက်ဖြစ်ရတာကြောင့် ဒီဇင်ဘာလ ဒုတိယပတ် မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဆောင်းဘောက်စ်ဖွင့်ပြီး လှည့်လည် ကခုန်ခြင်းမပြုဖို့ ဩန်ကြားချက်တစ်စောင် ထုတ် ပြန်ခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ကို ယာဉ်ပိုင်ရှင်နဲ့ ဆောင်း ဘောက်စ်ပိုင်ရှင်တွေအနေနဲ့ သိရှိကြောင်း လက်မှတ်ထိုးခိုင်းခဲ့ရ ပါတယ်။

 

ဆူညံသံက ပေးတဲ့ ရောဂါ

                       မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ကျေး လက်ဒေသတွေမှာ အသံချဲ့စက်တွေ ဖွင့်တာဟာ ရပ်ရွာဓလေ့ ထုံးတမ်းလို ဖြစ်နေပေမယ့် အချို့သူတွေကတော့ နားမခံနိုင်ကြ ပါဘူး။

                       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်းကျေး ရွာမှာ နေထိုင်ပြီး လယ်ယာလုပ်ကိုင်တဲ့ အသက် ၄၄ နှစ်အရွယ် ဦးကျော်မိုးဆိုရင် အသံချဲ့စက်က ဆူညံတဲ့ သီချင်းသံတွေ ကြား တိုင်း စိတ်တိုကာ ဒေါသဖြစ်ရတယ်လို့ ဆိုပါတယ်။

                       သူဟာနားပြည်ယိုတဲ့ရောဂါကို နှစ် ၂၀ ကျော်ကြာ ခံစား နေရတာဖြစ်တာကြောင့် ဆူညံသံတွေရဲ့ဒဏ်ကို တခြားလူတွေ ထက် ပိုခံစားရတယ်လို့ ဆိုပါတယ်။

                       အိမ်ခြေ ၆၀၀ ရှိတဲ့ သူတို့ကျေးရွာမှာဆိုရင် အသံချဲ့စက် ငှားတဲ့ လုပ်ငန်းလုပ်ကိုင်သူဟာ သူ့အစ်မအပါအဝင် သုံးဦးရှိပြီး ရွာတွေမှာ အသံချဲ့စက်တွေကို မိုးတွင်းတောင်မနားနိုင်ဘဲ ဆယ့် နှစ်ရာသီပါတ်လုံး သီချင်းတွေဖွင့်ကြတယ်လို့ ဆိုပါတယ်။ တစ်ခါ တလေဆို မိုးလင်းပေါက် ဖွင့်တာမျိုးတွေ ရှိတယ်လို့ သူက ဆက် ပြောပါတယ်။

                     ဒီလိုအသံတွေကြားရရင် နားတွေအူလာပြီး စိတ်တိုဒေါသ ထွက်ရတယ်လို့ ဦးကျော်မိုးက ဆိုပါတယ်။ အဲဒီအသံတွေ နား ထောင်နေရတာကြောင့် နားထဲမှာ ထင်ယောင်ထင်မှား ကြား တာတွေ နားထဲက လေထွက်တာတွေအထိပါ ခံစားရတယ်လို့ သူက ဆိုပါတယ်။

                    ““ကြာရင် ရောဂါဖြစ်မှာပေါ့။ ကိုယ်ကလည်း ရောဂါအခံရှိ နေတာကိုး”” လို့ ဦးကျော်မိုးက ဆိုပါတယ်။

                      ဒီလိုတွေ ခံစားနေရပေမယ့် အသံချဲ့စက်ဖွင့်တဲ့သူတွေဟာ တစ်ရွာတည်းသားတွေ၊ အမျိုးတွေဖြစ်တာကြောင့် မိတ်ပျက်မှာ စိုးတဲ့အတွက် မပြောဖြစ်၊ မတိုင်ဖြစ်ဘူးလို့ သူက ဆက်ပြောပါတယ်။

                          ဆူညံသံကြောင့် နောက်ဆက်တွဲဖြစ်တဲ့အထဲမှာ စိတ်ကျ တာနဲ့ စိုးရိမ်စိတ်ဖြစ်တာတွေက အဆိုးဆုံးဖြစ်တယ်လို့ ရန်ကုန် တက္ကသိုလ်၊ စိတ်ပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာနီလာ ကြူက ပြောပါတယ်။

                      စိတ်ကျတာကို ကောင်းမွန်စွာ မတွန်းလှန်နိုင်ပါက မိမိ ကိုယ်ကိုယ် အဆုံးစီရင်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင်စိတ်ဂနာမငြိမ်ဖြစ်ပြီး အာရုံစူးစိုက်လို့ မရတာတွေ ကြောင့် စွမ်းဆောင်ရည်ကျလာနိုင်ကာ စိတ်တိုဒေါသထွက်တာ တွေကိုလည်း ဖြစ်စေတယ်လို့ သူက ဆက်ပြောပါတယ်။

                    ဆူညံသံတွေဟာ သဘာဝဘေးသင့်သူတွေ၊ ညှဉ်းပန်းနှိပ် စက်ခံရသူတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေ၊ စစ်ပွဲ တွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားသူရသူတွေရဲ့ စိတ်ပိုင်း ဆိုင်ရာကို ပိုပြီးဆိုးရွားစေတယ်လို့လည်းဆိုပါတယ်။

                      ဆေးတက္ကသိုလ် ၁ က ဒေါက်တာခင်လှလှကလည်း ဆူညံ တဲ့အသံတွေဟာ နားကျန်းမာရေးတစ်ခုကိုသာ ထိခိုက်စေတာ မဟုတ်ဘဲ နောက်ဆက်တွဲအနေနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေ အပြင် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေကို လည်း ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

                   ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဆူညံသံ တွေ ကြားနေရတယ်ဆိုရင် ကလေးရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပြီး မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဖြစ်နိုင်တဲ့အပြင် ပေါင်မပြည့် ဘဲ မွေးတာတွေထိ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

                     ၂၀၁၈ နိုဝင်ဘာ ၅ ရက် မှာထုတ်ပြန်တဲ့ အမေရိကန် နှလုံးအသင်း (ဗာနမငခညေ ံနမေအ ဗျျသခငအေငသည)ရဲ့ ထုတ်ပြန် ချက်အရ ပတ်ဝန်းကျင်က ဆူညံသံတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေဟာ နှလုံးရောဂါဖြစ်ပွားတာနဲ့ လေဖြတ်တာတွေ မြင့်မားလာမှုနဲ့ စပ်ဆက်နေတယ်လို့ ဖော်ပြထားပါတယ်။

                    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၁၈ မတ်လအတွင်း ဖော် ပြချက်အရ ကမ္ဘာပေါ်မှာ အသက် ၁၂ ကနေ ၃၅ နှစ်အတွင်း လူငယ် ၁ ဒဿမ ၁ ဘီလီလံကျော်ဟာ အပန်းဖြေရေးနှင့် ဆိုင်တဲ့ ဆူညံသံတွေကြောင့် အကြားအာရုံ ပျောက်ဆုံးနေတယ်လို့ ဖော် ပြထားပါတယ်။

Photo-Ei Shwe Phyu ကမာကြည်လမ်းပေါ်က ကထိန်လှည့်နေသည့်ကားတစ်စီးကို တွေ့ရစဉ်

                   ဒေါက်တာခင်လှလှကတော့ ဆူညံသံတွေကြောင့်သာ နား ထိခိုက်ရပြီး ဆူညံသံသာ မရှိခဲ့ဘူးဆိုရင် နားလေးစရာအကြောင်း လည်း မရှိတာကြောင့် ရှောင်လွှဲကာကွယ်နိုင်ဖို့ ဆူညံသံဖန်တီးသူ တွေကို  အသိပညာပေးတာတွေ လုပ်ရမယ်လို့ ဆိုပါတယ်။

 

ပညာပေးပါ  လော်စပီကာ

                   လက်ရှိမှာတော့ အသံချဲ့စက်နဲ့ ပတ်သက်ပြီး ကျန်းမာရေး အသိ မရှိတာကြောင့် သူတို့ဆိုင်ကို အသံချဲ့စက် လာဝယ်သူတွေ ထဲက ၁၀ ဦးမှာ ခုနစ်ဦးလောက်ဟာ အသံကျယ်ကျယ်ဖွင့်နိုင်တဲ့ စက်တွေကိုပဲ ရွေးချယ်ဝယ်ယူကြတယ်လို့ ကိုသက်က ဆိုပါတယ်။

                    ““အသံချဲ့စက်ဖွင့်တဲ့လူတိုင်းမှာ အသံနဲ့ပတ်သက်ပြီး ဗဟု သုတ ရှိကိုရှိရမယ်။ သူတို့ကိုယ်၌မှာကိုက ဒီအသိရှိရင် ဒီပြဿနာ က တော်တော်ကြီးကို ငြိမ်းသွားမှာ””လို့ သူက ဆက်ရှင်းပြပါ တယ်။ ““ဘာမှမသိတဲ့လူတွေက မြည် (အသံ ပိုကျယ်) ချင်တာပဲ သိတော့တယ်””လို့ ကိုသက်က ဆိုပါတယ်။

                    ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညို သင်းကလည်း ပညာပေး အစီအစဉ် လုပ်ဆောင်ဖို့ကို ထောက်ခံ သူ ဖြစ်ပါတယ်။

                     သက်ဆိုင်ရာမြို့နယ်တွေမှာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်အစည်းအဝေးခေါ်ကာ ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေး မှူးတွေကို ဆရာဝန်၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်တွေနဲ့ တွေ့ဆုံစေပြီး အသံချဲ့ စက်အသံက လူတွေရဲ့ကျန်းမာရေးကို ဘယ်လို ထိခိုက်စေ သလဲဆိုတာတွေကို ရှင်းပြပေးခြင်းအားဖြင့် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ရေးမှူးတွေက အသံချဲ့စက်ဖွင့်တာတွေကို ထိန်းချုပ်လာမှာ ဖြစ်တယ်လို့ ဒေါ်ညိုညိုသင်းက ဆိုပါတယ်။

                     ထိုသို့ အသိပညာပေးမှုတွေအပြင် ““လျော်ကြေး မြင့်မြင့် မားမားနဲ့ တရားစွဲတာတွေကို စံပြလုပ်ပေးမှပဲ ဒါမျိုးတွေက အသိ ဝင်လာမယ်””လို့ သူက အကြံပြုပါတယ်။

                      အသံချဲ့စက်ဖွင့်ဖို့ ကြာချိန်၊ နေရာနဲ့အသံကျယ်နှုန်းတွေကို သက်ဆိုင်ရာရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ လက်ရှိအတည်ပြုပြီးသား ဥပဒေမှာပဲ နောက်ထပ်ထုတ်ပြန်ချက် များ၊ အမိန့်များ ထုတ်ပြန်ပေးသင့်တယ်လို့ မော်ကွန်းက မေးမြန်း ခဲ့တဲ့သူတွေက ဆိုပါတယ်။

                      ဒေါ်ခိုင်မာဌေးက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ သူမေးခဲ့တဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် အရေး ယူဆောင်ရွက်တာမျိုး မရှိတာကြောင့် ဆူညံသံတွေဟာ ယခု နှစ်မှာ ပိုဆိုးလာတယ်လို့တောင် ဆိုပါတယ်။

                      ““အုပ်ချုပ်ရေးအပိုင်း ကိုယ့်တာဝန်ကိုယ်မကျေတာ ကြောင့်  အခုထိက ဒုံရင်းဖြစ်နေတာ””လို့ သူက ဆက်ပြောပါတယ်။

 

ထိထိရောက်ရောက် အရေးယူူပါ

                    ဥပဒေအရ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးတွေဟာ အသံချဲ့စက်ဖွင့်တာတွေကို ဆုံးဖြတ်ပေးနိုင်သူ တွေပဲ ဖြစ်ပါတယ်။

                     အသံချဲ့စက်ဖွင့်ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ ဥပဒေက သာ မန်အားဖြင့် နံနက်ခြောက်နာရီမှ ညကိုးနာရီအထိသာ ခွင့်ပြု ထားပြီး အများပြည်သူအနှောင့်အယှက် မဖြစ်စေရေး ခွင့်ပြု ထားတဲ့ ဥပစာအတွင်းမှာ  အများပြည်သူ ကြားသိနိုင်ရုံလောက် ပဲ ဖွင့်ခွင့်ပြုထားပါတယ်။

Photo-Ei Shwe Phyu အသံချဲ့စက်ဖွင့်ပြီး အသံစမ်းနေစဉ်

                        အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာ ကိုသက်က ရပ်ကွက် သို့ မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်မှုဥပဒေမှာ အသံချဲ့စက်ဖွင့်တဲ့ အချိန်ကိုသာ ကန့်သတ်ထားတာဖြစ်ပြီး ဘယ်လောက်ကျယ် နှုန်းအထိသာ ဖွင့်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မပါတာကြောင့် ““ကျယ်နိုင်သမျှ ကျယ်ကျယ်ဖွင့်နေတာဖြစ်တယ်””လို့ ထောက်ပြ ပါတယ်။

                       ဒေါ်ညိုညိုသင်းက အသံချဲ့စက်ဖွင့်တဲ့ ကိစ္စမှာ ဥပဒေကို တစ်နိုင်ငံလုံး တစ်ပြေးတည်း သတ်မှတ်ပြီး ဘယ်အချိန်ကနေ ဘယ်အချိန်ဖွင့်ပါဆိုကာ ကျင့်သုံးလို့မရဘူးလို့ ဆိုပါတယ်။

                       ဘာကြောင့်လဲဆိုတော့ နယ်တွေမှာဆိုရင် ရွာဓလေ့အရ အသံချဲ့စက်ကို ကြိုက်နှစ်သက်သူများတာကြောင့် သူတို့အတွက် သိပ်ပြဿနာမရှိပေမယ့် တိုက်ခန်းတွေနဲ့ ကျပ်ကျပ်တည်းတည်း နေရတဲ့ မြို့ပြတွေမှာတော့ စိတ်ဖိစီးမှုတွေ များတာကြောင့် ဆူ ညံသံတွေကြားရတဲ့အခါ စိတ်ဒုက္ခရောက်ရတယ်လို့ ဆိုပါတယ်။

                      ““တိုက်တွေက တအားကပ်နေတော့ လမ်းမက စပီကာဖွင့် ရင်ကိုပဲ တိုက်ခန်းမှာ နေထိုင်သူတွေက နိုးရတယ်။ ဒါက မဖြစ် သင့်ဘူး””လို့ သူကဆိုပါတယ်။

                   အသံချဲ့စက်ဖွင့်တဲ့အခါ ဘာအတွက်ကြောင့်ပဲဖြစ်ဖြစ် နား မခံနိုင်လောက်အောင် ဆူညံနေတာမျိုး ဆိုရင်တော့ တရားမနစ် နာမှု ဥပဒေနဲ့ တရားစွဲနိုင်ပြီး တရားစွဲဖို့ကိုလည်း သူက တိုက်တွန်း ပါတယ်။

                  တရားမနစ်နာမှု ဥပဒေဆိုတာဟာ မိမိရဲ့နစ်နာမှုဟာ အာဏာပိုင်ကြောင့် သို့မဟုတ် တစ်ဦးတစ်ယောက်ကြောင့် ဖြစ် ပါက အဆိုပါနစ်နာမှုအတွက် တရားစွဲဆိုနိုင်တဲ့ ဥပဒေဖြစ်ပြီး နစ်နာကြေးအနေနဲ့ လျော်ကြေးငွေကြိုက်သလောက် တောင်း နိုင်တာကြောင့် စံပြအနေနဲ့ လုပ်သင့်တယ်လို့ သူက ဆိုပါတယ်။

                  ““တရားစွဲခြင်းအားဖြင့် သူတို့အနေနဲ့ ငါတို့သူများရဲ့အခွင့် အရေးကို ချိုးဖောက်လို့ မရဘူး။ ငါတို့ဖွင့်နေတာဟာ တရား ရင် ဆိုင်ရပါလား။ လျော်ကြေးပေးရတာပါလားဆိုပြီးတော့ သိမယ်”” လို့ သူက ဆက်ပြောပါတယ်။

                    တိုင်ကြားမည်ဆိုပါက ပထမဦးစွာ ရပ်ကွက်အုပ်ချုပ်ရေး မှူးကို အကြောင်းကြားတိုင်ကြားနိုင်ပြီး ရပ်ကွက်အုပ်ချုပ်ရေး မှူးက မဖြေရှင်းပါက ရဲစခန်းကို တိုင်ကြားဖို့ ဒေါ်ညိုညိုသင်း ကအကြံပြုပါတယ်။  

                   ရဲစခန်းက အရေးယူဆောင်ရွက်တာမျိုး မရှိပါက မိမိ ရပ်ကွက်ထဲက မိမိကဲ့သို့ တက်ကြွသူတွေ စုပေါင်းပြီး ဆူညံသံတွေ ပြုလုပ်ဖန်တီးသူများအပြင် တာဝန်ရှိသူတွေပါ တစ်ပါတည်း တရားစွဲဖို့ သူက ဆက်ပြောပါတယ်။

                 ““ဒါဆိုရင်တာဝန်ရှိသူတွေက နည်းနည်းလန့်လာမယ်””လို့ ဒေါ်ညိုညိုသင်းက ဆက်ပြောပါတယ်။

                  ဒါပေမဲ့ တိုင်တန်းတိုင်းလည်း အရေးယူတာမျိုးမရှိတာကို သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ ကိုမောင်မောင် (အမည်လွှဲ) ရဲ့အဖြစ်အပျက်က သက်သေထူနေပါတယ်။

                     မဏ္ဍပ်သုံးခုကနေ ကြားနေရတဲ့ အသံတွေဟာ တိုက်ခန်း တောင်တုန်တဲ့အထိ ကျယ်လောင်နေတာဖြစ်တဲ့အတွက် မနှစ်က ရဲစခန်းကိုဖုန်းဆက်ပြီး ကိုမောင်မောင် တိုင်ခဲ့ပါတယ်။  ဒါပေမဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိတာကြောင့် ဒီနှစ်မှာတော့ မတိုင်ဖြစ်ခဲ့ဘူးလို့ သူက ဆိုပါတယ်။

                  သူ့လုံခြုံရေးအရ ဖုန်းဆက်တိုင်ခဲ့တာဖြစ်ပြီး ကိုယ်တိုင် လည်း လိုက်မကြည့်ဖြစ်ခဲ့ပေမယ့် နာရီဝက်လောက်အကြာမှာ အသံအနည်းငယ်သာ တိုးသွားပြီး နောက်ပိုင်းမှာတော့ ““ဒုံးရင်းပဲ””လို့ မနှစ်ကတိုင်တုန်းက ကြုံခဲ့ရပုံကို သူက ဆက်ပြော ပါတယ်။

                  လက်ရှိမှာတော့ ဥပဒေကအားနည်း၊ တိုင်ကြားသူတွေ လည်း သိပ်မရှိတာကြောင့် အသံချဲ့စက်တွေဟာ အတားအဆီးမရှိ ဖွင့်နေကြပြီး အသံချဲ့စက် မကြိုက်တဲ့သူတွေအဖို့ နားဒုက္ခကို ဆက်လက်ခံစားနေကြရပါတယ်။

                   ယခုဆောင်းပါး ဖောင်ပိတ်တဲ့ရက်မှာ မသော်တာကို ဆက်သွယ်မေးမြန်းရာမှာတော့ ရပ်ကွက်ထဲ တရားပွဲရှိနေတာ ကြောင့် အခုတောင် ဆူညံနေတယ်လို့ ဆိုပါတယ်။

                      ဖြစ်နိုင်မယ်ဆိုရင် အိမ်ပြောင်းချင်ပေမယ့် လက်ရှိမှာ အခြေအနေမပေးသေးတာကြောင့် ဆုတောင်းတိုင်းသာ ပြည့် မယ်ဆိုရင် ယခုလိုဆုမျိုး တောင်းချင်တယ်လို့ သူကပြောပါတယ်။

                         ““ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင် လော်မရှိတဲ့အရပ်မှာ နေ ချင်တယ်””

  • #Ei_Shwe_Phyu
  • #mawkun
  • #magazine
  • #chronicle



 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."