စည်သူ
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၃ (မော်ကွန်း)
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို နိုင်ငံတော် သမ္မတက ရာထူးမှ ရပ်စဲလိုက် ပြီဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသဲရယ်က မော်ကွန်းကို အတည်ပြုပြောကြားသည်။
“လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံတဲ့သူများတဲ့နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ပြီးခဲ့တဲ့ တမြန်နေ့ (စက်တင်ဘာတစ်ရက်) တုန်းက မဲခွဲဆုံးဖြတ်ပြီး အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးကို ပေးပို့ခဲ့တယ်။ ဒီနေ့မှာပဲ နိုင်ငံတော်သမ္မတရုံးက ပြန်ကျလာပါတယ် ” ဟု ဦးသဲရယ်က ပြောသည်။
လတ်တလော ကယားပြည်နယ် ယာယီဝန်ကြီးချုပ်အဖြစ် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဘော့စ်ကိုက တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဦးသဲရယ်က ပြောသည်။
ဝန်ကြီးချုပ်သည် ကယားပြည်နယ်နေ့ကျင်းပရာ အများပြည်သူပိုင်းကွင်းနှင့် ဆက်စပ်ဧရိယာမြေများအား ပုဂ္ဂလိကပိုင်ပြုလုပ်ပေးခဲ့သည့် ကိစ္စ၊ ယခင်အစိုးရလက်ထက်က ဝယ်ယူထားသည့် စက်ယန္တရားများကို ငှားရမ်းရာရရှိသည့် ငွေကြေးများကို ကိုယ်ပိုင်ငွေစားရင်းဖွင့်လှစ်ကာ သုံးစွဲခဲ့ခြင်းများကြောင့် လွှတ်တော်ဥက္ကဌက တာဝန်ပေးအပ်ကာ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးခဲ့ခြင်းပြီး ကျပ်သိန်းပေါင်း ငါးထောင်နီးပါးအထိ အလွဲသုံးမှုများတွေ့ရှိခဲ့ကြောင်း ဦးသဲရယ်က စက်တင်ဘာ ၁ ရက်က မော်ကွန်းကို ဖြေကြားခဲ့သည်။
သူ့၏ အလွဲသုံးမှုများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးဝင်းထိန်၏ သမီး မင်္ဂလာပွဲတွင် ပြည်သူ့ဘဏ္ဍာငွေမှ ကျပ်ငွေ နှစ်သိန်းအား ဦးအယ်လ်ဖောင်းရှိုက လက်ဖွဲ့ခဲ့သည်ကို ကယားပြည်နယ်စာရင်းစစ်ချုပ်အစီရင်ခံစာတွင် တွေ့ရှိခဲ့ရသည်ဟု ၎င်းကဆိုသည်။
ယင်းစစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်၍ ကယားပြည်နယ်လွှတ်တော်က စက်တင်ဘာ ၁ ရက်တွင် ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်ရာ ၁၆ မဲ၊ ၄ မဲ ဖြင့် စွပ်စွဲ ပြစ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သည့်ဦးအယ်လ်ဖောင်းရှိုသည် လက်ရှိ အစိုးရလက်ထက် လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုကြောင့် ရာထူးမှ ရပ်စဲခံရသည့် ပထမဆုံး ပြည်နယ်ဝန်ကြီးချုပ်လည်းဖြစ်သည်။
ဓါတ်ပုံ – ကယားပြည်နယ်လွှတ်တော် Facebook စာမျက်နှာ
#Dailynews