ကယန်းပြည်သစ်ပါတီဌာနချုပ်ဖြစ်တဲ့ ဆီးဘူးဒေသမှာ ကယန်းအမျိုးသားအာဇာနည်ဗိမာန်ကိုတွေ့နိုင်ပါတယ်။ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ထဲမှာရှိပြီး တောင်ငူ၊ သံတောင်၊ လိပ်သို၊သောက် ရေခပ်၊ ယာဒို ကနေ လွိုင်ကော် သွားတဲ့လမ်းမှာရှိပါတယ်။ လွိုင်ကော်မရောက်ခင် မိုင်၄ဝ လောက်အလိုမှာ တည်ရှိတာပါ။
၁၉၆၄ မှာ ဖယ်ခုံမြို့နယ်က ရွာလူကြီး ဗိုလ်ပျံက ကယန်းစစ်တပ်ကို စတင်ဖွဲ့စည်းခဲ့တယ်။ဆဲဗင်းဇူလိုင် အရေးအခင်းမှာပါဝင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် လူမျိုးစု ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ငိန်းကယန်းထန်(ခေါ်) ဦးရွှေအေး ခေါင်းဆောင်ကာ ကယန်းပြည်သစ်ပါတီကို ထူထောင်ခဲ့တယ်။ ၁၉၇ဝ နှောင်းပိုင်းကာလတွေမှာ မဆလ တစ်ပါတီ အာဏာရှင်စနစ်ကိုလက်နက်ကိုင် တော်လှန်ခဲ့တယ်။ ၂၆၊ ၇၊ ၁၉၉၄မှာ နအဖအစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့တယ်။
၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင်မှာ နအဖအစိုးရက အပစ်ရပ်အဖွဲ့အစည်းတိုင်းကို နိုင်ငံရေးအရ၊ စစ်ရေးအရ၊ စီးပွားရေးအရ ဖိအားပေးပြီး နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းပစ်ပါတယ်။ ကယန်းပြည်သစ်ပါတီက အသွင်မပြောင်းဘဲ ဆက်လက် ရပ်တည်ခဲ့ပေမယ့် အင်န်စီအေ အပစ်ရပ်စာချုပ်မှာ ပါဝင်ခွင့် မရခဲ့တော့ ၂၁ ပင်လုံ ညီလာခံလည်း တက်ခွင့်မရပါဘူး။
ကယန်းအမျိုးသားအာဇာနည်ဗိမာန်မှာ ကယန်းဒေသကို ကာကွယ်ရင်း ကျဆုံးခဲ့ကြတဲ့ ကယန်းပြည်သစ်ပါတီနဲ့ မဟာမိတ် အဖွဲ့အစည်းအသီးသီးက ရဲဘော်တို့ရဲ့ အမှတ်တရ ဂူတွေကိုတွေ့နိုင်ပါတယ်။ ၂၅၊ ၄၊ ၂ဝ၁၇ က ကွယ်လွန်သွားတဲ့ ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်ရဲ့ ရုပ်ကြွင်းအိုး မြှုပ်နှံသြင်္ဂိုဟ်တဲ့ အခမ်းအနားမြင်ကွင်းတွေကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

ကွယ်လွန်သူ ဗိုလ်မှူးကြီးစောလွင်အတွက် ဓမ္မကျမ်းစာများ ရွတ်ဖတ်

ကယန်းအာဇာနည်တို့၏ ဂူဗိမာန် ညဘက်မြင်ကွင်း

ကယန်းပြည်သစ်ပါတီဂုဏ်ပြုတပ်ဖွဲ့မှ လိုက်ပါပို့ဆောင်စဉ်
ရုပ်ကြွင်းအရိုးအိုးအား မြှုပ်နှံမည့်ဂူဗိမာန်သို့ သယ်ဆောင်စဉ်
ကယန်းပြည်သစ်ပါတီဂုဏ်ပြုတပ်ဖွဲ့မှ လိုက်ပါပို့ဆောင်စဉ်

ကယန်းလူငယ်များမှ နောက်ဆုံးဂါရဝ အလေးပြု