ကန့်ဘလူ-၂၀၂၃ ဇူလိုင် ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းက ညောင်ပင်ရွာမရွာကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူခရိုင်က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“အသေးစိတ်အချက်အလက်တော့ ကျွန်တော်တို့ မသိရသေးဘူး။ လတ်တလောတော့ (စစ်ကောင်စီတပ်တွေ) ရွာထဲကနေမှ ပြန်ပြီးထွက်သွားပြီလို့ သိထားတယ်။ အကြောင်းမဲ့ သက်သက်ဝင်ပြီးတော့ရှို့သွားတာမျိုးပါခင်ဗျ။ ဒေသခံတွေ ဖမ်းဆီးခံရတာမျိုးတွေတော့ မကြားမိသေးဘူး။ လက်ရှိတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေက ငါးထောင်လောက်တော့ ကျွန်တော်တို့ခန့်မှန်းတာပေါ့” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေ ရွာထဲကပြန်ထွက်သွားပေမယ့် ဒေသခံတွေကတော့ လက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာထဲပြန်မဝင်နိုင်သေးဘူးလို့ သူကဆိုပါတယ်။
စစ်ကောင်စီတပ်တွေ ညောင်ပင်ရွာမရွာကို မီးရှို့ဖျက်ဆီးတာကြောင့် အနီးကရွာတွေဖြစ်တဲ့ ဉာဏ်အင်း၊ ရွာသစ်စတဲ့ရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ဒီနေ့မီးရှို့ခဲ့တဲ့ ညောင်ပင်ရွာမရွာဟာ ၂၀၂၂ အောက်တိုဘာတုန်းကလည်း ပထမအကြိမ်မီးရှို့ခံခဲ့ရပြီး ပြည်သူပိုင်အိမ် ၁၁ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့တွေဟာ ၂၀၂၁ မေလကနေ ၂၀၂၃ မေလကုန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေအိမ်ပေါင်း ခုနစ်သောင်းကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းဟာ နေအိမ်ပေါင်း ငါးသောင်းကျော်အထိ အများဆုံးဖျက်ဆီးခံထားရပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေ ရွာတွေကို မီးရှို့ဖျက်ဆီးတာကြောင့် ထွက်ပြေးနေကြရတဲ့ ကန့်ဘလူဒေသခံများ
Photo : ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူခရိုင်
#Dailynews

