ရန်ကုန်- ၂၀၂၃ နိုဝင်ဘာ ၇ (မော်ကွန်း)
စစ်ကောင်စီဗုံးကြဲလို့ အမျိုးသမီးနဲ့ကလေးတွေအပါအဝင် ရာနဲ့ချီတဲ့လူတွေ အစုအပြုံလိုက်သေဆုံးခဲ့ရတဲ့ ပဇီကြီးရွာသားတွေ အပါအဝင် စစ်ကောင်စီဘေးကနေ လွတ်အောင်ပြေးနေကြရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက စစ်ဘေးရှောင် သုံးသောင်းကျော်ဟာ အခုအခါ ဆေးဝါး၊ အမိုးအကာ၊ အဝတ်အထည်နဲ့ ရိက္ခာတွေ လိုအပ်နေပြီလို့ သူတို့အရေး ကူညီပေးနေတဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
စစ်ကြောင်းရန်ကို တိမ်းရှောင်နေရတာ တစ်နှစ်ခွဲကျော်ကြာနေပြီဖြစ်တဲ့ ဒီဒုက္ခသည်သုံးသောင်းကျော်ဟာ ကန့်ဘလူမြို့နယ်အတွင်းက ပဇီကြီး၊ ရီဒွေးရွာတွေအပြင် ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်တွေထဲက ဒေသခံတွေဖြစ်တယ်လို့ သူကပြောပါတယ်။
“ စစ်ရှောင်ရတာလည်း တစ်နှစ်ခွဲကျော်လာပြီဆိုတော့ သူတို့စားရေးသောက်ရေးကိစ္စတွေ ခက်ခဲလာတာရှိတယ်။ ကျန်းမာရေး ကိစ္စတွေ၊ ဆောင်းတွင်းဝင်တော့မှာဆိုတော့ အနွေးထည်တွေ၊ စောင်တွေလိုအပ်တာတွေရှိတာပေါ့။ အခုကတော့ အကူအညီမရှိသလောက်ကို ဖြစ်နေတာ။ နီးစပ်ရာရွာတွေကနေအလှူခံပြီး သူတို့ကိုပြန်ပြီးကျွေးနေရတာပေါ့” လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)က တာဝန်ရှိသူက ပြောပါတယ်။
ဒုက္ခသည်တွေ ရွာမပြန်နိုင်တာက တချို့သူတွေရဲ့ ရွာတွေမှာ စစ်တပ်ကတပ်စွဲထားသလို တစ်ချို့ သူတွေရဲ့ရွာတွေကို မီးရှိုးဖျက်ဆီးလိုက်တဲ့အတွက် ပြန်စရာမရှိဖြစ်နေကြတာလို့ အကူအညီပေးနေသူတွေက ရှင်းပြပါတယ်။
ချပ်သင်းတိုက်နယ်ထဲက စစ်ဘေးဒုက္ခသည်တစ်ဦးကတော့ စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးတဲ့အခါ ရွာတွေကို မီးရှိုး သလို စစ်ဘေးရှောင်တွေ တောထဲမှာ ထိုးထားတဲ့ ယာယီတဲတွေကိုပါ တွေ့ရင် မီးရှို့ ဖျက်ဆီးတာတွေ လုပ်တာကြောင့် ဒုက္ခပို ရောက်ကြရတယ်လို့ ပြောပြပါတယ်။
စစ်ကိုင်းတိုင်းထဲက စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတချို့ကလည်း စစ်ကောင်စီစစ်ကြောင်းတွေရဲ့ စစ်ဆေးရေး ဂိတ်တွေကြောင့် စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ရတာ အခက်အခဲ ဖြစ်ကြရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက ကန့်ဘလူနယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးခဲ့တာရှိသလို ထိုဖြစ်စဉ်အတွင်း အင်းလယ်ကြီးနဲ့ပုဏ္ဏားကြီးရွာက ဒေသခံသုံးဦးကို သတ်သွားသေးတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန် ထားပါတယ်။
ကန့်ဘလူနဲ့ နယ်ချင်းဆက်နေတဲ့ ကောလင်းမြို့နယ်မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အရက်သားသေဆုံးမှုတွေ ရှိခဲ့သလို ကောလင်းမြို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက မနေ့ကတည်းက သိမ်းလိုက်နိုင် ပြီးလို့ ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA)ကတော့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ နှစ်သန်းနီးပါးအထိရှိလာပြီး အနောက် မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ-ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလို့ နီးစပ်ရာတောတွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်က စစ်ဘေးရှောင်များ။
ဓာတ်ပုံ-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)

