ကန်ဒေါ်လာနဲ့ ထိုင်းဘတ် ဈေးအနည်းငယ်ပြန်ဆင်းလာ

ကန်ဒေါ်လာနဲ့ ထိုင်းဘတ် ဈေးအနည်းငယ်ပြန်ဆင်းလာ

ရန်ကုန် – ၂၀၂၄ မေ ၃၀ (မော်ကွန်း)

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ စံချိန်တင်မြင့်တက်ခဲ့တဲ့ အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ် လဲလှယ်နှုန်းတွေဟာ ဒီနေ့ညနေပိုင်းမှာ အနည်းငယ် ပြန်လည်ကျဆင်းခဲ့ပါတယ်။

မနေ့ကတော့ အမေရိကန်တစ်ဒေါ်လာကို ၄,၉၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်ခဲ့ရာကနေ ဒီနေ့ညနေပိုင်းမှာတော့ ၄,၆၀၀ ကျပ်ဝန်းကျင်ကို ပြန်လည်ကျဆင်းခဲ့တာပါ။

အလားတူပဲ ထိုင်းဘတ်လဲလှယ်နှုန်းဟာလည်း တစ်ဘတ်ကို ၁၂၈ ကျပ် ဝန်းကျင်ထိ မြင့်တက်နေရာကနေ ဒီနေ့မှာတော့ ၁၁၅ ကျပ် ဝန်းကျင်ကို ပြန်ရောက်သွားတယ်လို့ ငွေကြေးဈေးကွက်ထဲက သိရပါတယ်။

အခုလို ဒေါ်လာနဲ့ ဘတ်တွေ အတက်အကျ ကြမ်းနေတာကြောင့် အရောင်းအဝယ်တွေလည်း ရပ်ထားရပြီး ပြင်ပမှာဝယ်လို့မရဖြစ်နေတယ်လို့ ငွေကြေးဈေးကွက်လေ့လာသူတစ်ဦးက ပြေပါတယ်။

“အရောင်းအဝယ်လုပ်တဲ့သူတွေ တော်တော်များများကတော့ ဒီအချိန် အရောင်းအဝယ်တွေ ရပ်ထားကြတယ်။ အတက်အကျအရမ်းကြမ်းနေတော့ ဒီအချိန် မဝယ်သေးဘဲ ခဏစောင့်ကြည့်တာပိုကောင်းပါတယ်” လို့ ၎င်းက ပြောပါတယ်။

အခုလို နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ အနည်းငယ်ပြန်လည်ကျဆင်းလာတာကြောင့် ပြည်တွင်းအခေါက်ရွှေ ဈေးနှုန်းဟာလည်း အနည်းငယ်ပြန်ကျဆင်းခဲ့ပြီး မနေ့က တစ်ကျပ်သားကို ၅၈ သိန်း ကျော်ထိ ရောက်ရှိနေရာကနေ ဒီနေ့ညနေပိုင်းမှာတော့ တစ်ကျပ်သားကို ၅၇ သိန်းဝန်းကျင်ကို ပြန်လည်ကျဆင်းခဲ့ပါတယ်။

ဒေါ်လာနဲ့ ရွှေဈေးကွက်မှာ အဖမ်းအဆီးကြမ်းနေပြီး ရွှေနဲ့ ဒေါ်လာအရောင်းအဝယ်သမားတွေဟာ ဒီရက်ပိုင်းအတွင်း အရောင်းအဝယ်တွေကို ရပ်ထားကြတာကြောင့်လည်း ဈေးနှုန်းကျဆင်းလာတာလို့ သုံးသပ်မှုတွေရှိနေပါတယ်။

ထိုင်းဘတ်အပါအဝင် နိုင်ငံခြားငွေကြေး အရောင်းအဝယ်ပြုလုပ်သူတစ်ဦးကတော့ အရောင်းအဝယ်သမားတွေအနေနဲ့ အတက်အကျကြမ်းနေတဲ့ ဈေးနှုန်းရဲ့ အခြေအနေကို စောင့်ကြည့်နေကြပြီး အခြေအနေတည်ငြိမ်မှပဲ အရောင်းအဝယ်တွေ ပြန်ပြုလုပ်ဖွယ်ရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလနောက်ပိုင်းကစပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ အခေါက်ရွှေဈေးနှုန်းတွေဟာ တစ်ရိပ်ရိပ်မြင့်တက်ခဲ့ပြီး အမြင့်ဆုံး စံချိန်တင်ဈေးတန်းတွေကို ရောက်ရှိလာတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၅၅ သိန်းကျော်ကို ရောက်လာပြီးနောက် ရန်ကုန်၊ မန္တလေး စတဲ့မြို့က ရွှေဆိုင်တွေဟာ ရွှေတုံး၊ ရွှေခဲ၊ ရွှေဖြတ်စ ရောင်းဝယ်မှုတွေ အားလုံးကို ရပ်ထားလိုက်ရပါတယ်။

အဲဒီလို ရွှေနဲ့ ဒေါ်လာဈေးတွေ မြင့်တက်လာတဲ့ ရက်ပိုင်းအတွင်းမှာ စစ်ကောင်စီကလည်း ရွှေဆိုင်တွေ၊ ငွေလဲကောင်တာတွေကို စစ်ဆေးတာတွေ ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ငါးရက်အတွင်းမှာ တရားမဝင် ဒီဂျစ်တယ်ငွေကြေးရောင်းဝယ်ခြင်းနဲ့ ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦးရဲ့ ဘဏ်စာရင်း ၃၆ ခုနဲ့ Pay Account ၃၈ ကို အရေးယူထားတယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။

Photo – Mawkun

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."