ဂေထော
မုဒုံ – ၂၀၂၀ ဧပြီ ၆ (မော်ကွန်း)
COVID-19 ကာကွယ်ရေးအဖြစ် သီးခြားကန့်သတ်စောင့်ကြည့်ခံရသူတွေ သတ်မှတ်ကာလ ၁၄ရက် ပြည့်တဲ့အခါ အသိအမှတ်ပြုလက်မှတ်( certificate ) ထုတ်ပေးနေပေမယ့် ဒီလက်မှတ်ဟာ ရောဂါပိုးမရှိဘူးလို့ အာမခံချက်ပေးတာ မဟုတ် ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။
“ Certificate က Quarantine မှာ ၁၄ ရက် ပြည့်အောင်နေခဲ့တယ်လို့ပဲ ပြောတာပါ၊ ရောဂါပိုး မရှိဘူးလို့လည်း Certificate မှာ မရေးထားပါဘူး” လို့ ဒေါက်တာသာထွန်းကျော်က မော်ကွန်းကို ပြောပါတယ်။
၁၄ ရက်ပြည့်လို့ ကိုယ့်နေရပ်ကို ပြန်ရသူတွေအနေနဲ့ နေထိုင်မကောင်းဖြစ်ခဲ့ရင် နီးစပ်ရာ ကျန်းမာရေးဌာန တွေမှာ ကုသနိုင်ကြောင်းလည်း သူက ရှင်းပြပါတယ်။
သီးခြားခွဲကန့်သတ်စောင့်ကြည့်သူတိုင်းကို ဓါတ်ခွဲနမူနာယူကာ ရောဂါ ရှာဖွေတာမျိုး မလုပ်ထားပေမယ့် ဒီလူတွေထဲက ဖြစ်နိုင်ချေရှိတဲ့သူတွေကိုတော့ ဓါတ်ခွဲနမူနာရယူစစ်ဆေးပေးနေတယ်လို့ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။
“ Contact (ထိတွေ့ဆက်ဆံခဲ့သူတွေ) ထဲက ဖြစ်နိုင်ချေရှိတဲ့ လူတွေကို ရွေးချယ်ပြီးတော့ ဓာတ်ခွဲနမူနာတွေ ရယူပြီး ကျွန်တော်တို့ စစ်ပါတယ်။ အဲဒီလို အစီအစဉ်ကြောင့် တစ်ချို့သော Contact တွေက ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးတာ မရှိဘူး” လို့ ဒေါက်တာသာထွန်းကျော်က ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၃၁ ကနေ ဧပြီ ၄ အထိ COVID-19 စောင့်ကြည့်လူနာ ၇၃၈ ဦးအထိ ရှိပြီး ရန်ကုန်တိုင်းမှာ ၂၅၈ ဦးအထိ အများဆုံးရှိနေကာ ပြည်တွင်းမှာပဲကူးစက်မှုအဖြစ် ပိုးတွေ့လူနာ ရှစ်ဦး ရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ဧပြီ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒီနေ့အထိ COVID-19 ရောဂါကူးစက်ခံလူနာ ၂၁ ဦးအထိ ရှိနေပြီး ရန်ကုန်က ၁၂ ဦးနဲ့အများဆုံးဖြစ်ကာ ဒီအထဲက လူနာ အမှတ်-၅ ဟာ သေဆုံးခဲ့ပြီဖြစ်ပါတယ်။
ပုံစာ။ သိမ်ဖြူလက်ဝှေ့ရုံရှိအခန်းများ၌ ပြည်ပမှ ပြန်လာသူများကို ၁၄ ရက်တာ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိရန် စည်ပင်မှ ပိုးသတ်ဆေးဖြန်းနေစဥ်
#Dailynews