ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၁၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ဇီးကုန်းမြို့ ရဲစခန်းကို ဒေသတွင်းတော်လှန်ရေးတပ်တွေ မနေ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
မနေ့က မွန်းလွဲသုံးနာရီခန့်မှာ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မရဲစခန်းကို ကန့်ဘလူခရိုင် ပကဖရဲ့ အထူးလှုပ်ရှားတပ်ဖွဲ့က လျှပ်တပြက်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲနဲ့ ပျူစောထီးတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်းသေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရဲအရာရှိ နှစ်ဦးအပါအဝင် ခြောက်ဦးကိုလည်း လက်ရဖမ်းမိခဲ့ပြီး ၎င်းတို့ကိုင်ဆောင်တဲ့ G-3 သေနတ် ကိုးလက်၊ MA-1 တစ်လက် တို့ကိုလည်း သိမ်းဆည်းကာ ရဲစခန်းကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကန့်ဘလူ ပကဖက ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ်။
ကန့်ဘလူမြို့နယ်ရဲ့ တောင်ပိုင်း၊ ရွှေဘို-မြစ်ကြီးနား ကားလမ်းအနောက်ဘက်နဲ့ မူးမြစ်ကမ်းရဲ့ အရှေ့ဘက်မှာတည်ရှိတဲ့ ဇီးကုန်းမြို့ဟာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံး၊ တိုက်နယ်ပြည်သူ့ဆေးရုံတွေ တည်ရှိတဲ့ မြို့ငယ်တစ်ခုပါ။
၎င်းကန့်ဘလူတောင်ပိုင်းဒေသတွေနဲ့ ရွှေဘို-မြစ်ကြီးနား ကားလမ်းတစ်လျှောက်မှာ စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးတပ်တွေရဲ့ လှုပ်ရှားနယ်မြေတွေ အများအပြားတည်ရှိတဲ့အပြင် အာဏာသိမ်းတပ်ကလည်း မြို့ပေါ်တွေနဲ့ ကျေးရွာတချို့မှာ တပ်စွဲထားတာပါ။
ပြီးခဲ့တဲ့ လပိုင်းတုန်းကတော့ စစ်ကော်မရှင်တပ်ဟာ ရွှေဘို-မြစ်ကြီးနား ကားလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ဖို့ ကန့်ဘလူမြို့နယ်ထဲမှာ စစ်ကြောင်းထိုးတာ လေကြောင်းကနေ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
ကန့်ဘလူတောင်ပိုင်းကို အာဏာသိမ်းတပ်က မကြာခဏ စစ်ကြောင်းထိုးပေမယ့် ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေကြောင့် ဒီနယ်မြေတွေကို ထိထိရောက်ရောက် စိုးမိုးနိုင်တာမရှိသေးဘူးလို့ ကန့်ဘလူက ဒေသခံ စစ်ဘေးရှောင်တချို့က ပြောပါတယ်။
ဒါ့ပြင် ၎င်းကန့်ဘလူမြို့နယ်တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့နှစ်တွေထဲက နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေလည်း ထောင်နဲ့ချီပြီး ရှိနေပါတယ်။

ပုံစာ – ဇီးကုန်းရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့ မှတ်တမ်း
ဓါတ်ပုံ – စစ်ကိုင်း ပကဖ

