တီးတိန် – ၂၀၂၃ နိုဝင်ဘာ ၂၁ (မော်ကွန်း)
ချင်းပြည်နယ်၊ တီးတိန်မြို့၊ ကနေဒီတောင်မှာ အထိုင်ချတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့စခန်းကို မနေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အရှင်ဖမ်းဆီးရမိတဲ့ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား ၁၂ ယောက်ကို ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ PDF Zoland ရဲ့ တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေနဲ့ပတ်သက်လို့ “ကျွန်တော်တို့ မူဝါဒအရ ဥပဒေအရ ဆက်လက်ပြီး လုပ်သွားဖို့ရှိပါတယ်၊ အသေးစိတ်တော့ ပြောလို့ရသေးပါဘူး”လို့ PDF Zoland ရဲ့ တာဝန်ရှိသူကပြောပါတယ်။
ကနေဒီတောင်ဟာ ချင်းပြည်နယ်မှာ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခေါနုစုမ်(ဝိတိုရိယတောင်)ပြီးရင် ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး ပေ ၉,၀၀၀ နီးပါးမြင့်ပါတယ်။
ကနေဒီတောင်မှာ အထိုင်ချတဲ့ အာဏာသိမ်းစစ်တပ်စခန်းကို PDF Zoland တပ်ဖွဲ့ဝင်တွေက မနေ့ နံနက် ၄း၀၀ နာရီ ဝန်းကျင်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
“ကျွန်တော်တို့က အစောကြီးတိုက်တာ၊ သူတို့ကို ကျွန်တော်တို့အားလုံးဝိုင်းထားတာ၊ ကြာချိန်ကတော့ တစ်နာရီဝန်းကျင်လောက်ပဲကြာပါတယ်”လို့ PDF Zoland တာဝန်ရှိသူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က သုံးဦးသေဆုံးပြီး ဗိုလ်မှူး(ဒုတပ်ရင်းမှူးအဆင့်)တစ်ဦးအပါ စစ်သား ၁၂ ယောက်ဖမ်းဆီးခံရသလို ထွက်ပြေးသွားကြသူတွေလည်းရှိတယ်လို့ သူကပြောပြပါတယ်။
PDF Zoland ဘက်ကတော့ ရဲဘော် Pau Tawng ဆိုတဲ့ လူငယ်တစ်ဦး ကျဆုံးခဲ့ပါတယ်။
ကနေဒီတောင် အာဏာသိမ်းစစ်တပ်စခန်းကနေ လက်နက်ငယ် ၂၄ လက်၊ ၆၀ မမ လက်နက်ကြီးတစ်လက်နဲ့ ခဲယမ်းတွေကိုလည်း PDF Zoland ဘက်က သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ပုံစာ – ကနေဒီတောင်တိုက်ပွဲမှ တော်လှန်ရေးတပ်ဖွဲ့များ၊ ဖမ်းဆီးမိသော အာဏာသိမ်းစစ်တပ် စစ်သားများ၊ လက်နက်များ
ဓါတ်ပုံ – PDF Zoland

