ရန်ကုန်-၂၀၂၃ မေ ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်တကြောက စစ်ဘေးရှောင်တွေ မိုခါမုန်တိုင်းကြောင့် မိုးသက်လေပြင်းဒဏ်အပြင် စစ်ကောင်စီတပ်တွေပါ စစ်ကြောင်းထိုးတာကြောင့် အခက်ခဲကြုံနေတယ်လို့ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
” လေမိုးကျတာကောဆိုတော့ နေရေးထိုင်ရေးအခက်ခဲဖြစ်တာပေါ့ဗျာ။ မိုးကတောက်လျောက်ရွာနေတာ၊ သုံးရက်ရှိပြီ။ အခုက စားစရာ ရိက္ခာလိုတယ်။ ဆေးဝါးအထောက်ပံ့ နေစရာ ခင်းစရာမိုးကာတွေလည်းလိုတယ်။ စစ်ရှောင်အားလုံးပေါင်း နှစ်ထောင်ဝန်းကျင်လောက်ရှိတယ်” လို့ ပြောပါတယ်။
ဒေသခံကာကွယ်ရေးအဖွဲ့တွေအနေနဲ့လည်း စစ်ကောင်စီတပ်တွေနေ့စဉ်စစ်ကြောင်းထိုးတာကြောင့် ကူညီကယ်ဆယ်ရေးတွေလုပ်ပေးဖို့ အခက်ခဲဖြစ်နေတယ်လို့ ကနီမြို့နယ်ထဲက Spring Guerrilla Platoon အဖွဲ့က တာဝန်ရှိသူကပြောပါတယ်။
“ကာကွယ်ရေးအဖွဲ့တွေကတော့ သူတို့(စစ်ဘေးရှောင်တွေ) ကို ဘေးကင်းလုံခြုံတဲ့ဆီပို့ပေးနိုင်တာပဲရှိတယ်ဗျ။ စားနပ်ရိက္ခာတော့ ထောက်ပံ့မပေးနိုင်သေးဘူး။ ခွေးစစ်ကြောင်းနဲ့ တိုက်ရိုက်ထိတွေ့နေရတာမို့။ ဒီကောင်တွေက အခုကိုစစ်ကြောင်းထိုးနေတာ”လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာ မိုးသက်လေပြင်းကျတာ လမ်းရေကျော်တာ၊ ချောင်းရေလျံတာတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်က လူဦးရေကိုးသိန်းကျော်၊ မကွေးတိုင်းက တစ်သိန်းကျော်နဲ့ စစ်ကိုင်းတိုင်းက လေးသိန်းကျော်တို့ဟာ မုန်တိုင်းဝင်ရောက်စဉ် အန္တရာယ်ရှိတဲ့ လေပြင်းတိုက်ခက်မှု ခံရနိုင်တယ်လို့ ကမ္ဘာ့သဘာဝဘေးသတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် GDACS က မေ ၁၁ ရက်က ထုတ်ပြန်ထားပါတယ်။
မိုး/ဇလရဲ့ ဒီကနေ့မနက်ထုတ်ပြန်ချက်အရ အလွန့်အလွန်အားကောင်းတဲ့ ဆိုက်ကလုံးမုန်တိုင်းမိုခါဟာ ရခိုင်ကမ်းရိုးတန်းဒေသကို စတင်ဖြတ်ကျော်ဝင်ရောက်လာနေပြီး ချင်းပြည်နယ်၊မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ – ကနီမြို့နယ်တွင်း စစ်ကြောင်းထိုးလို့ မိုးထဲလေထဲပြည်သူတွေစစ်ရှောင်နေပုံ
Photo – pyaeaungnaingkani
#Dailynews

