ကနီ -၂၀၂၃ နိုဝင်ဘာ ၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာမှာ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့သင်္ဘောနှစ်စီးကို မနေ့ကညပိုင်းက ဒေသခံကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကျောက်လုံးကြီးတပ်မဟာ KLG က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို အတည်ပြုပါတယ်။
“မနေ့က ည၁၀ နာရီဝန်းကျင်က ကျွန်တော်တို့အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်ပြီးတော့ သိမ်းပိုက်ခဲ့တယ်။ ကျန်တဲ့အသုံးအဆောင်ပစ္စည်းတွေက သူတို့ကျန်တဲ့စက်လှေနဲ့လာပြီးသယ်ထုတ်သွားတဲ့အတွက် သင်္ဘောနှစ်စီးပဲသိမ်းပိုက်ရရှိခဲ့တယ်” လို့ သူကပြောပါတယ်။
ဒေသခံကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့တဲ့ သင်္ဘောနှစ်စီးဟာ အခုလ ၄ ရက်က ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်လက်နက်ပစ္စည်း၊ ရိက္ခာနဲ့ ကျောက်စိမ်းတင်လာတဲ့ သင်္ဘောခုနစ်စီးအုပ်စုထဲက သင်္ဘောတွေဖြစ်တယ်လို့ KLG က တာဝန်ရှိသူကပြောပါတယ်။
အဲဒီသင်္ဘောခုနစ်စီးထဲက လေးစီးဟာ မြစ်ကြောင်းတနေရာမှာ သောင်တင်နေတာကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေက ယခုလ ၄ ရက်နေ့နေ မနေ့ညအထိ သုံးရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး သင်္ဘောနှစ်စီး သိမ်းပိုက်နိုင်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သားအများအပြားသေဆုံးခဲ့တယ်လို့ KLG တပ်မဟာက တာဝန်ရှိသူကပြောပါတယ်။
“သင်္ဘောက သောင်လည်းတင်တယ်၊ နေလည်းပူတဲ့အတွက် သင်္ဘောဝမ်းဗိုက်ထဲကနေ စစ်ကောင်စီတပ်သားတွေက အပြင်ကိုထွက်တဲ့အချိန်မှာ ကျွန်တော်တို့အဖွဲ့ရဲ့ စနိုက်ပါစာမိပြီးတော့ ၄ ရက်၊ ၅ ရက်၊ ၆ ရက်ပေါ့နော်၊ ၂၀ ကျော်သေတယ်။ ညကတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ငါးယောက်သေတယ်” လို့ သူကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း၂၁၊၂၂၊၂၃ ၊ KLG PDF၊ ယင်းမာပင်ခရိုင် တပ်မဟာ၊ BLDFနဲ့ ဒေသခံအဖွဲ့တွေပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးအဖွဲ့တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ KLG ကထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေက သင်္ဘောတွေပေါ်ကနေ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာကြောင့် မြစ်ကမ်းဘေးနှစ်ဖက်မှာရှိတဲ့ ရှမ်းမြောင်း၊ညောင်ပင်ဝန်၊ မင်းကုန်း၊ တဇယ်ချောင်၊ ငါးဖျက်၊ ပန်းဆိုင်း၊ မုဌော၊ နတ်ကြီး၊ ကနဲ၊ စိန်ကုန်းကျေးရွာတွေက ဒေသခံငါးထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
ပုံစာ-ဒေသခံကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့သင်္ဘော
ဓာတ်ပုံ-KLGတပ်မဟာ

