ကျဆင်းလာသော မြန်မာဘာသာစကား ကျွမ်းကျင်နိုင်နင်းမှု

ကျဆင်းလာသော မြန်မာဘာသာစကား ကျွမ်းကျင်နိုင်နင်းမှု

၂၀၁၆-ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၅) မှ သုံးသပ်ချက် ဆောင်းပါး ဖြစ်ပါသည်။

ထွန်းသိန်းဦး ရေးသည်။

မနှစ်၊ နှစ်ကုန်ပိုင်းလောက်က နယူးယောက် တိုင်း(မ်)သတင်းစာတွင်  မြန်မာဘာသာစကားနှင့် ပတ်သက်သည့် သတင်းဆောင်းပါးတစ်ပုဒ် ဖတ်ရသည်။ ဆောင်းပါးဆိုလိုရင်းက မြန်မာဘာသာစကားသည် အင်္ဂလိပ်ဘာသာစကားထက် နိုင်ငံရေးဝေါဟာရရှားပါးသည်၊ နိုင်ငံရေးဆိုင်ရာ စကားလုံးများ၏ အဓိပ္ပာယ်ကို ပြည့်စုံတိကျအောင် ပြန်ဆိုနိုင်ရန် လုံလောက်သည့် ဝေါဟာရ မရှိ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးအနာဂတ် အရေးကြီး နေချိန်တွင် မြန်မာဝေါဟာရ မလုံလောက်မှုမှာ နိုင်ငံရေးပြောင်းလဲမှုများအတွက် နှောင့်နှေးမှု တစ်ခုဖြစ်သည်ဟူသော (ယခင်)သမ္မတအကြံ ပေး ဦးသန့်မြင့်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဆောင်းပါးရှင် တောမတ်ဖူလာက မြန်မာဘာသာ စကား ဖွံ့ဖြိုးမှုနောက်ကျပုံကို ထောက်ပြရေးသား ထားခြင်းဖြစ်သည်

မြန်မာဝေါဟာရဆင်းရဲမှု

ဆောင်းပါးတွင် မြန်မာနိုင်ငံသည် လွတ်လပ်စွာရေးသား ထုတ်ဝေခွင့်ကို တင်းကျပ်စွာ ချုပ်ကိုင်ထားခြင်း၊ ကမ္ဘာ့မီဒီယာ များနှင့် အဆက်အသွယ်ဖြတ်ထားခြင်းနှင့် အင်တာနက်ဆက် သွယ်မှု ကန့်သတ်ထားခဲ့ခြင်းတို့ကြောင့် ရာစုနှစ်ဝက်စာမျှ ပြင်ပကမ္ဘာနှင့် အဆက်ပြတ်ကျန်ခဲ့ပြီး မြန်မာဘာသာစကားသည် ပြောင်းလဲနေသော ခေတ်နှင့်အညီ အရေးပါသော နိုင်ငံရေးနှင့် နည်းပညာဆိုင်ရာဝေါဟာရတို့ တီထွင်နိုင်ခြင်းမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်နေခဲ့ရသည်ဟု သုံးသပ်ထားသည်။ Racism, Federal, Globalization, Privacy စသော အင်္ဂလိပ်စကား လုံးများ၏ အဓိပ္ပာယ်ကို မြန်မာလို တိကျအောင် ဘာသာပြန်ဆို၍ မရကြောင်း၊ ကွန်ပျူတာအသုံးပြု တစ်ကိုယ်ရေလုံခြုံမှုကို ထိပါး နှောင့်ယှက်မှုမှကာကွယ်ရန် ဥပဒေပြဋ္ဌာန်းဖို့ ပြင်ဆင်ကြသည့် အခါ Privacy ဟူသောစကားလုံးအတွက် တိကျသော မြန်မာ စကားလုံးမရှိသဖြင့် အခက်တွေ့ကြရကြောင်း၊ နိုင်ငံခြားသား များနှင့် နိုင်ငံတော်သမ္မတတို့ တွေ့ဆုံဆွေးနွေးပွဲများတွင် မြန်မာ ဘာသာပြန်ချက်များမှာ မတိကျလှဘဲ ဆိုလိုရင်း၏ ၁ဝ ရာခိုင်နှုန်း ခန့် အမြဲတမ်းဆုံးရှုံးသွားလေ့ရှိကြောင်း၊ (ဗြိတိသျှသံအမတ်ဟောင်း ဗစ်ကီဘိုးမင်းက ၃ဝ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းအထိ ပင် မူလဆိုလိုရင်းမှ လွဲချော်သွားတတ်သည်ဟု ဆိုသည်။) မြန်မာ  ဘာသာစကားတွင် အင်္ဂလိပ်စာလုံး အတော်များများကို အသံ ဖလှယ်၍ မူရင်းအတိုင်း ရေးသားပြောဆိုကြသော်လည်း အဓိပ္ပာယ်များ ပြောင်းလဲသွားကြကြောင်း၊ ဒီမိုကရေစီ ဟူသော စကားလုံးမှာ နိုင်ငံရပ်ခြားမှ ရောက်ရှိလာသော စကားလုံးသဖွယ် ဖြစ်နေပြီး ဝေဝါးသော အဓိပ္ပာယ်ဖြစ်နေကာ မြန်မာဘာသာသို့  လွယ်ကူစွာ ဘာသာပြန်ဆိုနိုင်သော စကားလုံးအချို့မှာလည်း နားလည်မှုလွဲနိုင်စရာ အဓိပ္ပာယ်အမျိုးမျိုး ရှိနေသည်။ ယခုအခါ  လူငယ်များ ခေတ်ပေါ်နည်းပညာများ၊ ပြည်ပအတွေးအခေါ်အယူ အဆများနှင့် ထိတွေ့ မှု များလာမှုကြောင့် လူကြီးနှင့် လူငယ်တို့ ကြား ဝေါဟာရရှားပါးမှု ချောက်ကမ်းပါးကြီး ဖြစ်ပေါ်နေကြောင်း နိဂုံးချုပ်ထားသည်။

ဘာသာစကားတို့၏ သဘာဝအရ ဘာသာစကားတစ်ခုမှ တစ်ခုသို့ ရာနှုန်းပြည့် ဘာသာပြန်ဆိုနိုင်ရန် မဖြစ်နိုင်သော ကြောင့် ဤဆောင်းပါးမှာ ငြင်းခုံဆွေးနွေးစရာ အတော်အတန် ရှိပါသည်။ အင်္ဂလိပ်မှ မြန်မာဘာသာသို့သာ မဟုတ်၊ အခြားဘာသာသို့ ပြန်ဆိုလျှင်လည်း မူရင်းဆိုလိုချက်ကို အပြည့်အဝရမည် မထင်ပါ။ သို့သော် ဆောင်းပါးကိုဖတ်ပြီး မြန်မာဘာသာစကား သည် ဝေါဟာရဆင်းရဲနေပြီလား၊ စကားလုံးအသစ်ဖော်ထုတ်မှု  မရှိတော့ဘူးလားဆိုသည့် အချက်ကိုတော့ အလေးအနက်စဉ်း စားမိပါသည်။ တကယ်ပဲ မြန်မာဘာသာစကားသည် အသစ် ဖြစ် ထွန်းနေသော အကြောင်းအရာများနှင့် ဘာသာရပ်များကို မြန်မာလို ပြန်ဆိုရှင်းပြရာတွင် လုံလောက်သော စကားလုံး ဝေါဟာရ အားနည်းနေသည်လား။ နယူးယောက်တိုင်း(မ်) သတင်းထောက် မှာ မြန်မာဘာသာစကားကျွမ်းကျင်သူ ဟုတ်၊ မဟုတ် မသိရသော် လည်း ဆောင်းပါး၏ ဆိုလိုရင်းအာဘော်မှာ အတိုင်းအတာတစ်ခု အထိ မှန်ကန်သည်ဟု ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရပ်ဆိုင်ရာ၊ နည်းပညာဆိုင်ရာ စကားလုံးများ (Technical Terms) အတွက် မြန်မာလို စကားလုံး ရှိ၊ မရှိ ခဏထား၊ ကျွန်တော်တို့ နေ့စဉ်ပြောဆိုနေသည့် မြန်မာဘာသာစကားတွင်ပင် အင်္ဂလိပ်စာလုံးများ ညှပ်သုံးရင်း ကပြားဘာသာစကား ဖြစ်လာနေသည်ကတော့ အသေအချာပင်။ အထူးသဖြင့် မြို့နေလူ တန်းစားတို့ ပြောဆိုကြသည့် စကား။ ဥပမာ-အပွိုင့်မန့် ယူပြီးပြီ လား၊ လက်မှတ်ဘွတ်ကင်း လုပ်ထားလား။ ကွန်ဖမ်း လုပ်ပါမယ်။ အင်္ဂလိပ်စကားလုံးများ နေ့စဉ်သုံးစကားထဲ ရောက်လာတော့ လည်း မူရင်းအင်္ဂလိပ်အသံထွက်အတိုင်း အသံဖလှယ်၍ မွေးစား လိုက်သည်သာ။ ဥပမာ-ခရိုနီ၊ အာဏာရှိသူနှင့်ပေါင်း၍ စီးပွားရေး လုပ်သူဟု ရှည်ရှည်ဝေးဝေး ရေးသားမနေတော့ပါ။ ခရိုနီဟု ဆိုလိုက်လျှင် ဆိုလိုရင်းကို သိသွားပြီ။ စပွန်ဆာကဲ့သို့သော စကား လုံးများကိုလည်း မြန်မာလိုအဓိပ္ပာယ် ပြောစရာမလိုတော့ပါ။ အင်္ဂလိပ်စာမတတ်သူပင် ဆိုလိုရင်းကို နားလည်နေပေပြီ။ ဒီ အတိုင်းပင် တွင်တွင်ကျယ်ကျယ် ပြောဆိုသုံးနှုန်းနေကြပေပြီ။ ထိုကဲ့သို့ နေ့စဉ်သုံးစကားလုံးများတွင် အင်္ဂလိပ်လို ထည့်ညှပ်သုံး သည့်အလေ့ရှိခဲ့ပြီမို့ ဆွေးနွေးပွဲများတွင်လည်း Capacity Building, Empowerment စသော ဖွံ့ဖြိုးရေးနှင့် နိုင်ငံရေးဆိုင် ရာ စကားလုံးများကို အထူးတလည် မြန်မာလိုဝေါဟာရ စဉ်း စားမနေတော့ဘဲ မူရင်းအင်္ဂလိပ်စကားလုံး အသံထွက်များဖြင့် သာ ဆွေးနွေးပြောဆိုကြပါသည်။

မြန်မာလို စကားလုံးမရှိသေးသော ဝေါဟာရမို့ အင်္ဂလိပ်လို ရေးသား၊ ပြောဆိုရသည်ကို လက်ခံနိုင်စရာရှိသော်လည်း မြန်မာ လိုရှိသည့် ဝေါဟာရများကိုပင် မသုံးတော့ဘဲ အင်္ဂလိပ်လို ညှပ် ကာ ရေးသားပြောဆို နေကြသည်ကတော့ စိတ်မသက်သာဖွယ် ဖြစ်ပါသည်။ အင်္ဂလိပ်စကားလုံးများ ဝင်ရောက်ထိုးဖောက်မှုကို မြန်မာစာပေလောကတွင် အထင်ရှားဆုံး တွေ့ရသည်။ မြန်မာ ဘာသာစကားကို ထိန်းသိမ်းမြှင့်တင်ရမည့်အစား မဂ္ဂဇင်း၊ ဂျာနယ်တို့တွင် အယ်ဒီတာအဖွဲ့၊ ပါဝင်သောကဏ္ဍများကို အင်္ဂလိပ်လိုသာ ရေးသားဖော်ပြနေမှု၊ မြန်မာဆောင်းပါး၊ ဝတ္ထုများတွင် အင်္ဂလိပ်စာလုံးများ ဖောဖောသီသီ တွေ့ရသည်။ ဒါကို ဆရာ မောင်သာချိုကလည်း ထောက်ပြခဲ့ပါပြီ။ ဘာသာစကား စစ်မြေ ပြင်တွင် နောက်ဆုတ်ပေးခဲ့ရသည့် နယ်မြေအချို့တဲ့ ၂ ။ မြန်မာ မဂ္ဂဇင်း၊ စာစောင်၊ ဂျာနယ်များ၏အမည်များမှာ မြန်မာလိုထက် အင်္ဂလိပ်လိုသာ ဖြစ်နေမှု၊ ထို့ပြင် ပါဝင်သောကဏ္ဍများကိုပင် Poem Section, Short Stories, Cartoons, Editorial, Local News, Perspective စသည်ဖြင့် အင်္ဂလိပ်လို ရေးသား ထားမှု။  ‘ဒါတွေဟာ ကောင်းသလား၊ ဆိုးသလား မသိတော့ပြီ’ဟု ဆရာက လိမ္မာပါးနပ်စွာ အသိပေးတင်ပြခဲ့ပြီ။ ထို့ကြောင့် မြန်မာဘာသာစကား ကိုယ်၌က မိမိပြောဆိုလိုသော အဓိပ္ပာယ်ကို တိကျစွာညွှန်းဆိုနိုင်သည့် ဝေါဟာရ ရှားပါး၍ပဲလား၊ ပညာရှင် များက စကားလုံးသစ် မဖော်ထုတ်၍လား၊ ပြောဆိုရေးသားသူ တွေကပဲ အင်္ဂလိပ်စာလုံးကို နှစ်သက်၍ပဲလားဆိုသည်မှာ စဉ်း စားစရာ ကောင်းပါသည်။

စကားလုံးသစ်များ မြန်မာမှုပြုခြင်း

ဘာသာရပ်ဆိုင်ရာ စကားလုံးများကို မြန်မာမှုပြုခြင်းကိစ္စ နှင့်ပတ်သက်၍ တက္ကသိုလ်တွင် ဘာသာရပ်များကို မြန်မာ ဘာသာဖြင့် သင်ကြားရေးစနစ် အကောင်အထည်ဖော်ခဲ့စဉ်က ပညာရှင်များ ဘာသာရပ်ဆိုင်ရာ စကားလုံးများကို မည်ကဲ့သို့ မြန်မာမှုပြုခဲ့ကြပုံကို ဆရာကြီး ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)က အတွေးအမြင်စာစောင်တွင် ဖော်ပြခဲ့ဖူးသည်။

၃။ ဆရာကြီးက အင်္ဂလိပ်ဝေါဟာရအားလုံးကို မြန်မာဝေါ ဟာရများဖြစ်အောင် ပြောင်းသင့်သည်ဟူသော အမြင်နှင့် မြန်မာမှုမပြုဘဲ အသံဖလှယ်ခြင်းသာ ပြုလုပ်သင့်သည်ဟူသော အမြင်နှစ်ခုကို တင်ပြထားရာ ဒုတိယအမြင်က အသံဖလှယ်လိုက် ခြင်းဖြင့် စကားလုံးအသစ် ရရှိလာပြီး မြန်မာဘာသာစကားသည် ပို၍ ကြွယ်ဝလာမည်ဟု ရှင်းလင်းတင်ပြပါသည်။ ထိုစဉ်က ဘာ သာရပ်ဌာနများနှင့် ဘာသာပြန်ဌာနတို့ ပူးပေါင်း၍ အင်္ဂလိပ် ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုရာတွင် ကြုံရသည့် အတွေ့ အကြုံတို့ကို ဖော်ပြထားရာ ဝေါဟာရများ၏ဆိုလိုရင်းအဓိပ္ပာယ် လည်းပေါ်အောင်၊ မြန်မာလိုသင့်တော်သည့် ဝေါဟာရလည်း ဖြစ်အောင် မြန်မာမှုပြုရန် ကြိုးစားကြပုံ၊ ဆွေးနွေးကြပုံတို့ကို ဖတ်ရသည်မှာ ဘာသာရပ်ဆိုင်ရာ ဝေါဟာရတစ်ခုကို မြန်မာလို ရရှိရန် ပညာရှင်တို့ မည်မျှအချိန်ကုန်၊ လူပန်းခံ၍ ကြိုးစားကြ သည်ကို သိနားလည်ရပါသည်။

ဘာသာစကားပညာရှင် ဆရာမောင်သာနိုးကတော့ ဗမာ စကားသည် စံချိန်မီဘာသာစကားတို့၏ ကြွယ်ဝမှုအဆင့်မျိုး ရောက်မလာသေး၊ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးဘူးဟု ဆိုပါသည်။၄။  စိတ္တဇနာမ်များ ခေါင်းပါးခြင်း၊ ယေဘုယျသဘော ပြောနိုင်စွမ်း အားနည်းမှု စသည့် ဘာသာစကားဖွံ့ဖြိုးတိုးတက်ခြင်း ကောင်း စွာမရှိသေးသည့် လက္ခဏာတို့ကို ဖော်ထုတ်ပြပါသည်။ ဆရာက ဗမာဘာသာစကားတွင် စကားလုံးသစ်ဖန်တီးရာတွင် အရေးပါ သော ရှေ့ဆက် (Prefix) ရှားပါးမှုကြောင့် နိုင်ငံတကာဝေါဟာရ များကို အနက်မပြန်ဘဲ အသံထွက်အတိုင်းဖလှယ်ယူသင့်သည်၊ အတတ်ပညာဆိုင်ရာ ဝေါဟာရများတင်မက နေ့စဉ်သုံးစကား လုံးများအတွက်ပါ နိုင်ငံခြားဘာသာစကားမှ စကားလုံးများကို ဘာသာပြန်မနေဘဲ တိုက်ရိုက်မွေးစားပြီး ဗမာဘာသာစကားကို ကြွယ်ဝအောင် လုပ်သင့်သည်ဟု မြင်ပါသည်။

ဆိုခဲ့သလိုပင် မြန်မာဘာသာစကားတွင် အခြားဘာသာ များမှစကားလုံးများကို မွေးစားယူခြင်းဖြင့်လည်းကောင်း၊ မှီငြမ်း ပြု၍လည်းကောင်း ဖြစ်ပေါ်လာသည့် စကားလုံးသစ်များ ရှိပါ သည်။ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့က ထုတ်ဝေသော မြန်မာအဘိဓာန်က အနက်ပေးထားသော စကားလုံးများအနက် အခြားဘာသာမှ မွေးစားယူထားသော စကားလုံးများ အများ အပြား ပါရှိသည်ကို တွေ့ရသည်။ သက္ကတ၊ ပါဠိ၊ မွန်၊ ရှမ်း၊ ကယား စသည်တို့အပြင် အင်္ဂလိပ်၊ ပြင်သစ်၊ ဟင်ဒီ၊ တရုတ်၊ ထိုင်း၊ အာရပ်၊ မလေးရှား၊ ဒတ်(ချ) ဂျပန် စသော နိုင်ငံခြားဘာသာများမှ စကားလုံးများလည်း ပါဝင်ပါသည်။ အဘိဓာန်ပါ မြန်မာစကား လုံးများတွင် နိုင်ငံခြားဘာသာစကားများအနက် အင်္ဂလိပ်ဘာ သာစကားမှ မွေးစား၊ မှီငြမ်းပြုကာ ဖော်ထုတ်ထားသည့် စကား လုံးက အများဆုံးဖြစ်ပါသည်။ ဘာသာရပ်အသစ်များစွာ ပေါ် ပေါက်နေသော ၂၁ ရာစုကမ္ဘာကြီးတွင် ပြောင်းလဲနေသော ခေတ်ကို အမီလိုက်ရန် စကားလုံးတိုင်းကို မြန်မာမှု ပြုနိုင်လိမ့်မည် ဟု မမျှော်လင့်ပါ။ သို့သော် စကားလုံးအသစ်များကို တတ်နိုင် သမျှ မြန်မာလို မွေးစားသင့်က မွေးစား၊ ဘာသာပြန်သင့်က ဘာ သာပြန်၊ စသည်ဖြင့် မလုပ်နိုင်တော့ဘူးလားဟု စဉ်းစားမိပါ သည်။ ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်၊ ဧပြီလက ဖွဲ့စည်းလိုက်သော မြန်မာစာနှင့် ဘာသာစကား ဦးစီးဌာန (ယခင် မြန်မာစာအဖွဲ့ ဦးစီးဌာန) ၏ လုပ်ငန်းတာဝန် ၁၈ ချက်တွင်တော့ အဘိဓာန်များ ပြုစုခြင်း၊ အင်္ဂလိပ်မြန်မာဘာသာ ပြန်ဆိုခြင်းနှင့် မြန်မာစကား ဘာသာပြန်စက် တီထွင်ခြင်းတို့ ပါဝင်သည်ကို တွေ့ရပါသည်။ ၅ (အတိတ်တစ်ချိန် ၁၉၄၇ ခုနှစ်တုန်းကတော့ မြန်မာနိုင်ငံ ဘာ သာပြန်စာပေအသင်း (နောင်တွင် စာပေဗိမာန် စာပေလုပ်ငန်း ဆိုင်ရာဌာန) က ကျောင်းသုံးစာအုပ်များ ဘာသာပြန် ပြုစုရေး နှင့် ဝေါဟာရဘာသာပြန်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပါသည်။)

အသုံးအနှုန်းနှင့် သတ်ပုံ

ဆက်စပ်နေသောကြောင့် လက်ရှိ မြင်တွေ့ဖတ်ရှုနေရသော မြန်မာဘာသာစကား အမှားအယွင်းများနှင့် ပတ်သက်၍လည်း ရေးလိုက်ပါတော့မည်။ တကယ်တော့ ယနေ့ မြန်မာစကားပြေ အရေးအသားနှင့် အပြောအဆိုများတွင် အင်္ဂလိပ်စာလုံးများ အလွန်အကျွံ အသုံးပြုခြင်းသာမကပါ၊ မိမိတို့၏ မြန်မာဘာသာ စကားကို တန်ဖိုးမထားကြတော့ဘဲ ပေါ့ပေါ့တန်တန် သဘော ထားနေသည့် လက္ခဏာများကို ဝမ်းနည်းစရာတွေ့မြင်နေရ သည်။ နေ့စဉ်ထုတ်သတင်းစာ၊ အပတ်စဉ်ထုတ် စာစောင်များ၊ နှင့် လစဉ်ထုတ်မဂ္ဂဇင်းများတွင် စာလုံးပေါင်းသတ်ပုံအမှား၊ သဒ္ဒါ အမှား၊ အသုံးအနှုန်း အမှားများစွာတို့ကို  တွေ့မြင်ဖတ်ရှုနေရ သည်။ အစိုးရဌာနများ၊ အဖွဲ့အစည်းများက ထုတ်ပြန်ကြေညာ ချက်များ၊ ရုပ်သံကြော်ငြာများ၊ သတိပေးဆိုင်းဘုတ်များကအစ ဖေ့စ်ဘွတ်ခ်စသော လူမှုဝက်ဘ်ဆိုက်များတွင် ရေးသားချက် များတွင် ရေးထုံးအမှားများစွာကို တွေ့နေရသည်။ (အထူးသဖြင့် အမြဲလိုလို တွေ့ရသည့် က နှင့် မှ၊ ကို နှင့် အား ကို လွဲမှားစွာ သုံးထားခြင်းနှင့် စာလုံးပေါင်းသတ်ပုံများ) အမှတ်မဲ့သော်လည်း ကောင်း၊ အမှတ်မှား၍သော်လည်းကောင်း၊ အမှားအမှန် မကွဲ ပြား၍သော်လည်းကောင်း အမှားများရေးသား၊ ဖတ်ရသည့် သူက အမှားကိုအမှန်ထင်ကာ အမှားတွေပဲထပ်ရေးကာ အမှား သံသရာလည်နေပါသည်။ နောက်ဆုံး စာမေးပွဲမေးခွန်းစာရွက် များတွင်ပါ ရှက်ဖွယ်လိလိ မမှားသင့်သောအမှားများ တွေ့လာ ခြင်းက မိမိတို့၏ ဘာသာစကား၊ မိမိတို့၏ အလုပ်ကို လေးလေး နက်နက် သဘောမထားတော့ဘူး ဆိုသည်ကို ပြသနေသည်။

တကယ်တော့ အရေးအသားတင်မက မြန်မာစကား အပြောအဆို မှားယွင်းချွတ်ချော်မှုများကိုလည်း ရေဒီယိုအသံ လွှင့်ချက်များနှင့် ရုပ်သံအစီအစဉ်တင်ဆက်မှုများတွင် နား မချမ်းသာစရာ ကြားသိနေရပြီ။ မြန်မာမဆန်၊ မြန်မာမပီသသော အပြောအဆို၊ အသုံးအနှုန်း၊ လေယူလေသိမ်းများအပြင် မမှန် ကန်သော စကားလုံးအဖြတ်အတောက်နှင့်  မြန်မာစကား မပီ သမှုများက မြန်မာစကားကို မှန်မှန်ကန်ကန်ပြောဆိုနိုင်မှု အလွန် နည်းပါးလာပြီကို ညွှန်ပြနေသည်။ ဤသို့ မှားယွင်းချွတ်ချော်မှု များကို ခေတ်အဆက်ဆက် ပညာရှင်များကလည်း ထောက်ပြ ရေးသားခဲ့ပေါင်း များပါပြီ။ ဆရာမောင်ခင်မင်(ဓနုဖြူ)၊ ဆရာဆူး ငှက် ၆ စသူတို့၏ ထောက်ပြ၊ ဝေဖန်၊ လမ်းညွှန်မှုများ ဖတ်ရသည်။ သို့သော် အမှားတွေကိုတော့ တွေ့နေရဆဲပင်။  ဆရာဇော်ဇော် အောင်ကလည်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် တွေ့ရ သည့် သဒ္ဒါနှင့် ဝါကျဖွဲ့ထုံး မှားနေသော ဝါကျများ၊ ရှည်လျားလွန်း ကာ ဆိုလိုရင်းပျောက်နေသော ဝါကျများ၊ စကားလုံးဖောင်းပွ နေသော အရေးအသားများ၊  စကားလုံးအခက်များ သုံးထား၍ ဟိတ်ဟန်များသော စကားပြေများ၊ အင်္ဂလိပ်မှ ဘာသာပြန်ထား သော နားမလည်နိုင်စရာ ဗလုံးဗထွေး အရေးအသား စသည်တို့ ကို တတိယတန်းစား ခပ်ညံ့ညံ့ စကားပြေအရေးအသားများဟု ဝေဖန်ထောက်ပြထားသည်။၇ ဒါတွေအတွက် မည်သူတို့တွင် တာ ဝန်ရှိသနည်း။ မြန်မာဖြစ်ပါလျက် မိမိတို့၏ ရုံးသုံးဘာသာစကား မြန်မာစာကို ကျွမ်းကျင်နိုင်နင်းမှု မရှိသည်မှာ ရှက်စရာကောင်း လှသည်။ စိတ်ပျက် ဝမ်းနည်းစရာပင်။

 

ဖြစ်နိုင်သော ဖြေရှင်းမှုအချို့

မြန်မာဘာသာစကား အားနည်းမှုကြောင့် ဖြစ်ရသည့် အမှားအယွင်းများအတွက် မြန်မာစကားပြေကို စနစ်တကျ၊ မှန် မှန်ကန်ကန်နှင့် အများနားလည်အောင် ရေးသားတတ်စေရန် (အင်္ဂလိပ်စာရေးနည်းစာအုပ်များ ထုတ်သလို) မြန်မာစကားပြေ အရေးအသား လေ့ကျင့်ဖို့ စာအုပ်စာတမ်းတွေ လိုအပ်နေပြီဟု ဆရာစောထွန်းက အကြံပြုရေးသားဖူးသည်။ ၈ လူထုအပေါ် သြဇာကြီးသည့် သတင်းမီဒီယာလုပ်ငန်းများနှင့် စာရေးဆရာ များ၊ စာအုပ်တိုက်များက မှန်ကန်သည့် အရေးအသားများဖြင့် ဦးဆောင်လိုက်လျှင် အမှားများသည့် အရေးအသားပြဿနာမှာ ပြေလည်သင့်သလောက် ပြေလည်သွားနိုင်သည်ဟု ထင်ပါသည်။ မီဒီယာဆိုသည်မှာ ဘာသာစကားကိုအသုံးပြုပြီး လုပ်ရသော လုပ်ငန်းတစ်ခုလည်း ဖြစ်သည်နှင့်အညီ မိခင်ဘာသာစကားကို ကျွမ်းကျင်အောင် လေ့လာဖို့လိုအပ်သလို မိမိဘာသာစကားကို ထိန်းသိမ်းမြှင့်တင်ဖို့လည်း တာဝန်ရှိပါသည်။ စာရေးဆရာများ နှင့် စာနယ်ဇင်းမီဒီယာများကသာ မိမိတို့၏ အရေးအသားများကို မှန်ကန်စွာ ရေးသား၊ စိစစ်တည်းဖြတ်မည်ဆိုလျှင် တဖြည်းဖြည်း မှန်ကန်သည့်အရေးအသားများ တွင်ကျယ်လာပြီး အမှားအယွင်း များ နည်းသွားနိုင်မည်ဟု မျှော်လင့်မိပါသည်။ တကယ်တော့ မြန်မာအက္ခရာ ရေးဆွဲနည်း၊ စာလုံးပေါင်း၊ သဒ္ဒါအသုံးအနှုန်း၊ အထားအသို၊ အသံထွက်တို့နှင့် ပတ်သက်၍ မှားလေ့မှားထရှိ သော အမှားများကို တိုတိုနှင့် လိုရင်း ရှင်းလင်းတင်ပြထားသည့် မြန်မာစာအဖွဲ့ကထုတ်ဝေသော  မြန်မာစာ၊ မြန်မာစကားစာ အုပ်နှင့် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတို့တွင် အလွယ်တကူ လေ့လာနိုင်ကြသည်ပဲ ဖြစ်ပါသည်။

ရသစာပေ ရေးသားသည့်စာရေးဆရာဖြစ်စေ၊ အချက် အလက်ကိုတင်ပြရသည့် သတင်းထောက်ဖြစ်စေ၊ အသုံးအနှုန်း နှင့် သတ်ပုံတို့ကို မမှားအောင် ဂရုစိုက်ရသည့်အခါ ရသဖန်တီးမှု စွမ်းအားထိခိုက်သွားခြင်း၊ အချိန်နှင့် အပြိုင် အလုပ်လုပ်ရသည့် သတင်းကိစ္စများ နှောင့်နှေးသွားနိုင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ထို့ ကြောင့် မှားယွင်းသည့် အသုံးအနှုန်းများ လျော့ပါးရေးအတွက် ဖြစ်နိုင်ခြေရှိ၍ လက်တွေ့ကျသော ဖြေရှင်းချက်တစ်ခုမှာ မဂ္ဂဇင်း၊ ဂျာနယ်၊ စာအုပ်တိုက်တို့တွင် အရည်အချင်းပြည့်ဝသော စာပြင် အရာရှိများခန့်၍ အရေးအသားအားလုံးကို စက်တင်ပုံနှိပ်ခြင်း မပြုမီ အသေအချာဖတ်ရှုစိစစ်စေခြင်း ဖြစ်ပါသည်။ အသံလွှင့် နှင့် ရုပ်သံအစီအစဉ်များတွင်လည်း စာမူများကို ဖတ်ကြား အသံ လွှင့်ခြင်းမပြုမီ နားလည်တတ်ကျွမ်းသော ပညာရှင်များက သေချာစွာစိစစ်ကာ အသံလွှင့်ဝန်ထမ်းများကို မှန်ကန်စွာ ပြောဆို တတ်အောင် လေ့ကျင့်ပေးလျှင် မှန်ကန်သော အရေးအသား များကို  ဖတ်ရှု၊ နားထောင်ကျင့် ရလာကာ အမှားများ လျော့ပါး၍ အမှန်တွေ တွင်ကျယ်လာနိုင်ပါသည်။ ယနေ့ သတင်းရေးသား ချက်များတွင် တွင်ကျယ်နေသည့် ‘ချပြ’ဟူသည့် မယဉ်ကျေး သည့် အသုံးအနှုန်းအစား ‘တင်ပြ’ကို ပြောင်းလဲသုံးသင့်ကြောင်း ထောက်ပြရေးသားခဲ့ဖူးသည့် ယခု ပြန်ကြားရေးဝန်ကြီး စာရေး ဆရာဖေမြင့်လက်ထက်တွင် မြန်မာစာအသုံးအနှုန်းမှန်များ ပြန် လည်ထွန်းကားရေးကို ပိုမို အလေးထားဆောင်ရွက်စေရန် ဆန္ဒ ပြုမိပါသည်။

တကယ်တော့ မြန်မာစာပါမောက္ခဟောင်း ဆရာမောင်ခင် မင် (ဓနုဖြူ) အကြံပြုရေးသားဖူးသလို ‘သူငယ်တန်းကတည်းက သင်ကြားခဲ့ရသည့် ငယ်ပေါင်းကြီးဖော် မြန်မာစာကို ခပ်ပေါ့ပေါ့ မထားဘဲ ကျောင်းသားဘဝကတည်းကပင် အလေးထားသည့် စိတ်ဓာတ် ကိန်းအောင်းနေအောင် ထိန်းကွပ်ပျိုးထောင်ပေးရပါ လိမ့်မည်၊ ကိုယ့်လူမျိုး၊ ကိုယ့်စာပေကို လေးစားမြတ်နိုး တန်ဖိုး ထားစိတ်များ ရင်ထဲမှာ စွဲမြဲနေအောင် လမ်းညွှန်ပေးရပါလိမ့် မည်’ ဟု ဆိုရပါမည်။ ၉

 

လူမျိုးတစ်မျိုး၏ ဂုဏ်အရည်အချင်း

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးဟု ဖြစ်လာလျှင် ကိုယ်ပိုင် ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုရှိမှသာ အဆင့်အတန်း မြင့်သည်ဟု သတ်မှတ်ပါသည်။ ထို့ပြင် ဘာသာစကားဆိုသည်မှာ လူမျိုးတစ်မျိုး တည်ရှိနေခြင်း၏ သက်သေခံ ဂုဏ်ရည်တစ်ရပ် လည်း ဖြစ်သည်။ မိမိတို့၏ ရုံးသုံးစာဖြစ်သည့် မြန်မာဘာသာ စကားကို အလေးအနက်မထားဘဲ အမှားမှားအယွင်းယွင်း ရေး သားနေကြသည်များနှင့်ပတ်သက်ပြီး ဆရာမောင်ခင်မင် (ဓနုဖြူ) က ‘မြန်မာဖြစ်ပါလျက် မြန်မာစာကို ပေါ့ပေါ့တန်တန် သဘော ထားခြင်းသည် လိုလားအပ်သောကိစ္စ မဟုတ်ပါ။ မြန်မာဖြစ်ပါ လျက် မြန်မာစာကို ဖြောင့်အောင် မရေးတတ်ခြင်းသည် ကြီးမား သော ချို့ယွင်းချက်’၉ ဟု ဆိုပါသည်။ ရန်ကုန်တက္ကသိုလ်၊ မြန်မာ စာဌာနမှ တွဲဖက်ပါမောက္ခတစ်ဦးလည်းဖြစ်သူ ဆရာမောင်သာ ချိုက ‘အခုဟာက ကိုယ့်စာနဲ့ ကိုယ့်စကားကို ကိုယ့်လူတွေက မလေးမစားမလုပ်အောင်ကို မနည်းဆွဲဆောင်နေရတဲ့ အနေ အထား’၁ဝ ဟု မှတ်ချက်ချသည်။ စာပေနှင့် ဘာသာစကားပညာ ရှင် ဆရာမြင့်သန်းကတော့ ဆောင်းပါးတစ်ခုတွင် ‘ဘာသာ စကားဆိုတာက လူမျိုးတစ်မျိုး ဖြစ်ရှိနေခြင်းရဲ့ ဂုဏ်ရည်တစ်ရပ် ပဲ။ ဘာသာစကားကို တန်ဖိုးထားရမှန်းမသိတဲ့ အနေအထား ရောက်လာပြီ ဆိုရင်တော့လည်း ဘဝကို ကျေကျေနပ်နပ်နဲ့ အရှုံး ပေးလိုက်တဲ့ လူတွေ ပြောလေ့ရှိတတ်သလို အရာရာဟာ အနိစ္စပဲ ရယ်လို့ ပြောဖို့ပဲ ကျန်တော့တယ် မဟုတ်လား’ဟု ရေးဖူးသည်။၁၁

မြန်မာစာ၊ မြန်မာစကားကို မှန်ကန်စွာ ရေးသားပြောဆို ခြင်းဖြင့် မိမိတို့၏ မိခင်ဘာသာစကားကို ထိန်းသိမ်းမြှင့်တင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

မှတ်ချက်။  ။ဤဆောင်းပါးကို မြန်မာနိုင်ငံ၏ ရုံးသုံးစာဖြစ်သည့် မြန်မာ စာအတွက်  အဓိကထား ရေးသားထားပါသည်။ တိုင်းရင်းသားလူ မျိုးများအနေနှင့် မိမိတို့၏ မိခင်ဘာသာစကားကိုပါ ထိန်းသိမ်း စောင့်ရှောက်သင့်သည် ဖြစ်ပါသည်။ ဆရာမောင်သာနိုး၏ ကိုး ကားချက်တွင် ဆရာ့အသုံးအနှုန်းအတိုင်း ဗမာဟု ဖော်ပြထား ပါသည်။ မြန်မာ/ ဗမာ ပြဿနာမှာ သီးခြားဆွေးနွေးရမည့် ကိစ္စ ဖြစ်ပါသည်။

ရည်ညွှန်း။  ။

၁။ Those Who would Remake Myanmar Find that Words Fail them  (New York Times, July 19, 2015)

၂။ မောင်သာချို – ဘာသာစကား စစ်မြေပြင်တွင် နောက်ဆုတ်ပေးခဲ့ရသည့် နယ်မြေအချို့ (7Day အပတ်စဉ်ထုတ် သတင်းစာစောင် (အတွဲ၁၁၊ အမှတ် ၃၇)

၃။ ဒေါက်တာ ခင်မောင်ဝင်း – ၁၉၆၅-၈၅ ရန်ကုန်တက္ကသိုလ် (အတွေးအမြင် စာစောင်၊ ၁၉၉၇ ခုနှစ်၊ မေလ)

၄။ မောင်သာနိုး – ဘာသာစကားနဲ့ အမျိုးသားစိတ် (ဗမာစာ၊ ဗမာစကား)

၅။ မြန်မာစာနှင့် ဘာသာစကားပညာရေး ဦးစီးဌာန  လုပ်ငန်းတာဝန်များ  (http://www.mlc.gov.mm )

၆။ ဆူးငှက် – သိကြရဲ့လား၊ မြန်မာသံ၊ မြန်မာစကား

၇။ ဇော်ဇော်အောင် – ရိုမန်တစ်အလွမ်း

၈။ စောထွန်း – မြန်မာစကားပြေအရေးအသား လေ့ကျင့်စာ (စတိုင်သစ် မဂ္ဂဇင်း၊ ၂ဝဝ၅ ခုနှစ်၊ သြဂုတ်လ)

၉။ မောင်ခင်မင် (ဓနုဖြူ) – ငယ်ပေါင်းကြီးဖော် မြန်မာစာနှင့် အရေးအသား ပြဿနာများ

၁ဝ။ မောင်သာချို – ဗျည်းတောင့်တောင့်၊ သရတင်းတင်း (7Day အပတ်စဉ် ထုတ် သတင်းစာ၊ အမှတ် ၇၆၉၊ ၂ဝ၁၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်)

၁၁။ မြင့်သန်း – စာပေဝေဖန်ရေးရဲ့ ကိစ္စ (ရနံ့သစ်၊ ၂ဝ၁ဝ ပြည့်နှစ်၊ စက်တင် ဘာလ)

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."