ရန်ကုန်-၂၀၂၃ ဇန်နဝါရီ ၉ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ MNDAA စစ်ယူနီဖောင်းဝတ်ပြီး စေတီတစ်ဆူကို တူနဲ့ထုရိုက်ဖျက်ဆီးခဲ့တဲ့သူကို အရေးယူသွားမယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA စစ်ရေးကော်မတီက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ ဘုရားစေတီတွေကို စတင်ဖျက်ဆီးနေတဲ့ MNDAA အဖွဲ့ဆိုပြီး စေတီတစ်ဆူကို တူနဲ့ထုရိုက်ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်ဟာ မနေ့ကတည်းက ပျံ့နှံ့နေတာပါ။
အဲဒီဖြစ်ရပ်ကြောင့် ပြည်သူတွေအနေနဲ့ MNDAA အပေါ် နားလည်မှုလွဲမှားခြင်းနဲ့ ပြစ်တင်ရှုတ်ချခြင်းတွေဖြစ်ပေါ်ခဲ့တာကြောင့် လက်အောက်ငယ်သားရဲ့ တပ်စည်းမျဉ်းစည်းကမ်း ညံ့ဖျင်းမှုနဲ့ အရည်အချင်းမရှိတဲ့ လုပ်ဆောင်မှုအတွက် လွန်စွာတောင်းပန်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စေတီတော်ကို တူနဲ့ထုရိုက်တာဟာ MNDAAက အမိန့်ပေးတာမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရလုပ်ရပ်သာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ဒါက MNDAAအတွက် ပုံရိပ်ကျစေတယ်။ အခုလို အရေးယူဆောင်ရွက်မယ်ဆိုတာ ကြိုဆိုပါတယ်။ နို့မို့ဆို သူတို့(စစ်ကောင်စီ) အတွက် ဝါဒဖြန့်စရာတစ်ခုဖြစ်သွားမယ်။ ဘာသာရေးအသုံးချ တိုက်ခိုက်တာမျိုးတွေရှိလာနိုင်တယ်။ နောက်ကိုဒီလိုဖြစ်စဉ်တွေကို ပိုသတိထားဆင်ခြင်နိုင်ဖို့လိုပါတယ်” လို့ လားရှိုးမြို့မှာ နေထိုင်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပက်သက်ပြီး MNDAA စစ်ရေးကော်မတီက သက်ဆိုင်ရာဌာနကို တာဝန်ပေးထားပြီး စေတီကို တူနဲ့ထုခဲ့တဲ့သူကို အရေးယူအပြစ်ပေးဖို့ ညွှန်ကြားထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
MNDAA ဟာ လွတ်လပ်တဲ့ ဘာသာရေးကိုးကွယ်မှုကို လေးစားလိုက်နာပြီး ဘာသာရေးဆန့်ကျင်ခြင်းနဲ့ ဘာသာရေးအဆောက်အဦတွေကိုဖျက်ဆီးဖို့ အမိန့်ပေးတာမရှိသလို အရာရှိ၊ စစ်သည်အားလုံးကို ဘာသာရေးလွတ်လပ်မှုကို လေးစားဖို့နဲ့ အဆောက်အဦတွေကို အကာအကွယ်ပေးဖို့ ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပက်သက်ပြီး ဘယ်လိုအရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်နေတယ်ဆိုတာ သိရဖို့ မော်ကွန်းအနေနဲ့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။
ပုံစာ-MNDAA ယူနီဖောင်းဝတ်ထားသူတစ်ဦး စေတီကိုတူနဲ့ထုနေတဲ့ ရုပ်သံဖိုင်။
Video- စစ်ကောင်စီဝါဒဖြန့်ချန်နယ်”မှိုင်းဝေ”