အစိုးရဝန်ထမ်း ရဲတပ်ဖွဲ့ မှသည် ပြည်သူ့ဝန်ထမ်း ရဲတပ်ဖွဲ့ဆီသို့

 ဤဖော်ပြပါ ဆောင်းပါးမှာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လတွင် ထုတ်ဝေခဲ့သော မော်ကွန်း မဂ္ဂဇင်း အမှတ်စဉ် ၇ တွင် ဖော်ပြခဲ့သည့် မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။

ရန်ကုန်-နေပြည်တော်-ပြင်ဦးလွင်

သြဂုတ် ၂၀၁၃

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းလဲရေးလုပ်ငန်းစဉ် တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် လူထု၏ယုံကြည်ကိုးစားမှု မြင့်မားလာအောင် ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ရေးသည် အရေးတကြီး လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအနက် တစ်ခု အပါအဝင်ဖြစ်သည်ဟု မော်ကွန်းမဂ္ဂဇင်းက  ယုံကြည်ပါသည်။

ယခင်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့သောမူဝါဒများနှင့် ရဲတပ်ဖွဲ့ဝင်အချို့၏ မလျော်မကန်ကျင့်ကြံမှုများကြောင့် ရဲတပ်ဖွဲ့ အပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုမှာ ကျဆင်းလျက်ရှိ ပါသည်။

အစိုးရဝန်ဆောင် ရဲတပ်ဖွဲ့မှသည် ပြည်သူ့ဝန်ဆောင်ရဲ တပ်ဖွဲ့ဖြစ်ရေး ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရာတွင် လူထု က မိမိတို့အပေါ် မည်သို့မည်ပုံရှုမြင်သနည်း၊ မည်သို့သောကိစ္စများ ကြောင့် ထိုကဲ့သို့ရှုမြင်ရသနည်းဟူသောအချက်များကို ဦးစွာ ဆန်းစစ်ကြည့်ဖို့လိုပါလိမ့်မည်။

လူထု၏ စိတ်ဘဝင်ထဲတွင် ရဲတပ်ဖွဲ့အပေါ်ထားရှိသည့် သဘောထားနှင့် အမြင်များကို အနည်းနှင့်အများ မှန်းဆသိရှိနိုင် ရန် ကျွနု်ပ်တို့မော်ကွန်းမဂ္ဂဇင်းအနေနှင့် ဇူလိုင် ဒုတိယပတ် အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၁ မြို့ နယ်မှ ကျား၊ မ စုစုပေါင်း အယောက် ၁၂၀ ကျော်ကို မေးမြန်းခဲ့ ပါသည်။ ၎င်းင်းတို့ထဲမှ စစ်တမ်းကို အပြည့်အစုံဖြေဆိုသူ ၁၀၀ ဦးကို ထုတ်ယူ၍ စစ်တမ်းငယ်ပြုစုခဲ့ပါသည်။

ယင်းစစ်တမ်းအရ လူအများစု လက်ခံထားကြသည်မှာ နယ်မြေအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့သည် မရှိမဖြစ်သော အဖွဲ့အစည်းဟူ၍ဖြစ်သည်။ စစ်တမ်း ဖြေဆိုသူများ၏ ၉၀ ရာခိုင်နှုန်းမှာ သူတို့နေထိုင်ရာနေရာအတွက် ရဲတပ်ဖွဲ့ မဖြစ်မနေလိုအပ်သည်ဟု မှတ်ချက်ပေးကြသလို ဖြေဆို သူ ၉၀ ရာခိုင်နှုန်းကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် လာဘ်ပေး၊ လာဘ်ယူမှု များရှိသည်ဟု ထင်မြင်ကြသည်ကို တွေ့ရပါသည်။

ယင်းစစ်တမ်းအရ ရဲဝန်ထမ်းများအပေါ် ယုံကြည်အားကိုး မှုနှုန်းမှာ ၅၀ ရာခိုင်နှုန်း ( နှစ်ဦးလျှင် တစ်ဦးနှုန်း) သာရှိသည်ကို တွေ့ ရှိရပါသည်။ ရဲဝန်ထမ်းများအပေါ် ချစ်ခင်လေးစားသူဦးရေမှာ လည်း ၁၀၀ လျှင် ၄၃ ဦး (၄၃ ရာခိုင်နှုန်း) သာ ရှိသည်ကို တွေ့ ရသည်။

လူထုအနေနှင့် ရဲများကိုမြင်လျှင် လုံခြုံစိတ်ချမှု ခံစားသင့် ပါလျက် အများစုမှာ ထိုသို့မခံစားကြရသည်ကိုလည်း စစ်တမ်း အရတွေ့ရှိရပါသည်။

မော်ကွန်း၏စစ်တမ်းကို ဖြေဆိုသူတို့၏ ၃၀ ရာခိုင်နှုန်း လောက်ကသာ ရဲများကိုမြင်လျှင် လုံခြုံသည်ဟု ခံစားကြရသည်။ ကြောက်ရွံ့သည့်စိတ်ခံစားရသူများနှင့် မည်သို့ခံစားရသည်ကို မပြောတတ်သူရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်းရှိပါသည်။

ဤအချက်က မည်သည်ကိုပြနေသနည်းဟု ဆိုလျှင် ရဲ ဝန်ထမ်းများအနေနှင့် လူထု၏ အားကိုးလိုစိတ်၊ သူတို့ကို မြင် သည်နှင့် လုံခြုံသည့်စိတ် ခံစားလာရအောင် ကြိုးစားကြဖို့ လို အပ်နေသည် ဟူ သော အချက်ကို ထောက်ပြရာရောက်ပါသည်။

မိမိတို့ကို အားကိုးပြီး အကူအညီတောင်းခံလာသည့်အခါ တွင်လည်း စိတ်ကျေနပ်လောက်သည်အထိ အကူအညီပေးဖို့ လို အပ်နေကြောင်းကို နောက်ထပ်အချက်တစ်ခုက လှစ်ဟပြနေ      ပါသည်။

စစ်တမ်းအရ ရဲစခန်းသို့ သွားရောက် အကူအညီတောင်းခံ ခဲ့ဖူးသူ ၅၄ ဦးတွင် စိတ်ကျေနပ်လောက်သည်အထိ အကူအညီ ရခဲ့ဖူးသူဦးရေမှာ ၂၅ ဦး (၅၀ ရာခိုင်နှုန်းအောက်) သာရှိသည်ကို တွေ့ရသည်။

စင်စစ်တွင် ရဲတပ်ဖွဲ့အတွင်း လာဘ်စားမှုပြဿနာသည် အင်မတန်ကြီးမားသော ပြဿသနာ တစ်ခု ဖြစ်နေပြီး ယင်းကြောင့် ပင် ပြည်သူတချို့မှာ ရဲတပ်ဖွဲ့ကို အားကိုးရန် စိုးရွံ့နေကြပါသည်။

စစ်တမ်းတွင်ဖြေဆိုသူအားလုံး၏ ၃၈ ရာခိုင်နှုန်း ခံစားနေရ သည့်အချက်တစ်ခုရှိပါသည်။ ယင်းမှာ ရဲများက ၎င်းတို့ကို နှိပ် စက်သည်ဟူသည့်အချက်ပင်ဖြစ်ပါသည်။

ထို့ပြင်စစ်တမ်းတွင် ဖြေဆိုသူ ၉၀ ရာခိုင်နှုန်းက ရဲတပ်ဖွဲ့ မဖြစ်မနေ လိုအပ်သည်ဟု ဆိုသော်လည်း ၅၄ ရာခိုင်နှုန်းက ရဲများသည် တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်နေသည်ဟု မမြင်ကြကြောင်း ပြောဆိုကြပါသည်။

ပြောင်းလဲလာသော ခေတ်၊ စနစ်နှင့်အညီ မြန်မာနိုင်ငံရဲ တပ်ဖွဲ့သည်လည်း ပြည်သူ့ဝန်ထမ်းအစစ်အမှန်ဖြစ်ရေးအတွက် ယခုအခါ ပြောင်းလဲမှုအချို့  စတင်ပြုလုပ်နေပြီဖြစ်ပါသည်။

ယင်းသို့ကြိုးစားနေသည့်အခြေအနေနှင့် တိုးတက်မှုများ ကို အများစုက သတိထားမိကြသည်ကို အားတက်ဖွယ်ရာ တွေ့ရ ပါသည်။ ဖြေဆိုသူအားလုံးအနက် ၇၂ ရာခိုင်နှုန်းက အရပ်သား အစိုးရလက်ထက် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ယခင်အစိုးရလက် ထက်မှ ရဲတပ်ဖွဲ့နှင့် နှိုင်းလျှင် ကွာခြားမှုများရှိလာသည်ကို သတိ ထားမိကြောင်း ပြောဆိုပါသည်။

မော်ကွန်း၏ စစ်တမ်းရလဒ်သည် တစ်နိုင်ငံလုံးကို ကိုယ် စားပြုသည်ဟုတော့ ကျွန်ုပ်တို့အနေနှင့် မဆိုလိုပါ။ တစ်နိုင်ငံလုံး ကို လွှမ်းခြုံနိုင်ဖို့ဆိုလျှင် အချိန်ယူပြီး ကျယ်ကျယ်ပြန့်ပြန့် စစ် တမ်းကောက်ယူကြည့်ဖို့ လိုအပ်ပါလိမ့်မည်။

မော်ကွန်း၏ စစ်တမ်းသည် နယ်ပယ်ကျဉ်းသည်ဟု ယူဆ ပြီး လူဦးရေလွှမ်းခြုံမှုအပေါ် မူတည်ကာ ဒေသအလိုက် ကောက် ယူလျှင် မျှတသည်ဟု ယူဆကြောင်း ပြင်ဦးလွင် ဇီးပင်ကြီး ရဲအရာရှိ လေ့ကျင့်ရေးကျောင်းအုပ်ကြီး ရဲမှူးကြီးမိုးမောင်သန်း က မှတ်ချက်ပြုသည်။

သို့သော်လည်း မော်ကွန်းမဂ္ဂဇင်းက ပြုလုပ်ခဲ့သော စစ် တမ်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့ နယ်အနက် မြို့နယ်ပေါင်း ၂၁ မြို့နယ်တွင် ပြုလုပ်ခဲ့သည့် စစ်တမ်း ဖြစ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီး၏ နယ်မြေ ထက်ဝက် နီးပါး ကိုတော့ လွှမ်းခြုံသည်ဟုဆိုနိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ မော်ကွန်းမဂ္ဂဇင်းက ရန်ကုန်၊ နေပြည် တော်နှင့် ပြင်ဦးလွင်တို့တွင် တွေ့ဆုံမေးမြန်းခဲ့သော ရဲမှူးကြီး များကလည်း ပြည်သူလူထုအမှန်တကယ် ယုံကြည်ကိုးစားရသည့် ရဲတပ်ဖွဲ့ဖြစ်ပေါ်လာရေး ရဲတပ်ဖွဲ့အတွင်း ပြုပြင်ပြောင်းလဲစရာ များစွာရှိသည်ဟု သုံးသပ်ကြပါသည်။

“ဒီမိုကရေစီနိုင်ငံဖြစ်သွားပြီ။ ဒီမိုကရေစီနည်းနဲ့ သွား နေတဲ့အခါမှာ တပ်ဖွဲ့တွေကလည်း ဒီမိုကရေစီနိုင်ငံနဲ့ လိုက်လျော ညီထွေရှိတဲ့ ရဲတပ်ဖွဲ့ဖြစ်ဖို့လိုတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံ ဖြတ်ကျော်မှုခင်းများဌာန၊ ဌာနမှူး ရဲမှူးကြီးကျော်ဝင်းသိန်းက သုံးသပ်ပါသည်။

“ရဲတပ်ဖွဲ့ဘက်မှာ တော်တော်ကြီးကို အားနည်းတာတွေ ရှိပါတယ်။ တချို့ဆိုရင် ကိုယ်တိုင်ဝင်ပြီးတော့မှ ဒုစရိုက်မှုကျူး လွန်တာတွေလည်း ရှိတယ်။ ကိုယ်တိုင် ချဲရောင်းတာ၊ ချဲရောင်းတဲ့ သူနဲ့ ပေါင်းတာတွေပေါ့။ ပြည့်တန်ဆာထောင်တဲ့သူနဲ့ ပူးပေါင်း တာတွေ လည်းရှိပါတယ်” ဟု ရဲမှူးကြီးကျော်ဝင်းသိန်းက ဆို      ပါသည်။

“ဒါကို ဖြည်းဖြည်းချင်း သုတ်သင်သွားရမယ်။ နောက်ထပ် မျိုးဆက်တွေကို ကောင်းကောင်းလေ့ကျင့်ပေးသွားမယ်”ဟု လည်း ရဲမှူးကြီးကဆိုသည်။

ယခင်စစ်အစိုးရခေတ်ကထက် ပိုမိုပွင့်လင်းလာသည့် ယနေ့ခေတ်တွင် ရဲတပ်ဖွဲ့ဝင်အချို့နှင့် ပတ်သက်ပြီး တိုင်ကြားမှု များလည်း ယခင်ကာလများထက် ပိုများလာသည်ဟု ရဲမှူးကြီး များက ဆိုပါသည်။ အများဆုံးတိုင်ချက်ဖွင့်သည့် အမှုများထဲတွင် အမိန့်အာဏာကို လိုအပ်သည်ထက် ပိုမိုသုံးစွဲခြင်းနှင့် အာဏာ တလွဲအသုံးချခြင်းများပါဝင်သလို လူတွေကို ညှဉ်းပန်းနှိပ်စက် ခြင်းနှင့် အပြစ်ကို အတင်းအကျပ် ဝန်ခံခိုင်းခြင်း၊ ရိုက်နှက်စစ် ဆေးခြင်းတို့လည်း ပါဝင်သည်ဟု ဆိုပါသည်။

ထို့အပြင် အကျင့်ပျက်လာဘ်စားခြင်း၊ ငွေကြေးဥစ္စာကို မျှော်လင့်ပြီး မမျှမတဆောင်ရွက်ခြင်း၊ မလွှတ်သင့်သူကို လွှတ် ခြင်း၊ မဖမ်းသင့်သူကို ဖမ်းခြင်းစသည့် အမှုကိစ္စများပါဝင်သလို စီးပွားရေးသမားများနှင့် ပေါင်းကာ ဖဲဝိုင်းများ၊ အနှိပ်ခန်းများ၊ ပြည့်တန်ဆာအိမ်များကို လုပ်ခွင့်ပြုခြင်း စသည့် အမှုကိစ္စများနှင့် ပတ်သက်ပြီး တိုင်တန်းခြင်းများလည်း ရှိခဲ့သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံရေးနှင့် လေ့ကျင့်ရေးဌာနမှ ညွှန် ကြားရေးမှူး ရဲမှူးကြီးဝင်းခေါင် အဆိုအရ ၂၀၁၃ ခုနှစ် ပထမ ခြောက်လ (ဇန်နဝါရီမှ ဇွန်)အတွင်း ရဲတပ်ဖွဲ့ဝန်ထမ်းများကို အပြစ်ပေးအရေးယူခဲ့ရသည့်အမှုပေါင်း ၇၆၂ မှု (တစ်လလျှင် အမှုပေါင်း ၁၂၇ မှုနှုန်း) ရှိခဲ့သည်ဟု ဆိုပါသည်။ အပြစ်ပေးပုံများ မှာ ရာထူးလျှော့ခြင်း၊ ထောင်ချခြင်း၊ တာဝန်မှ ရပ်စဲခြင်း စသည် တို့ ပါဝင်သည်ဟုဆိုပါသည်။

ရဲမှူးကြီးဝင်းခေါင်ကတော့ ယခုလို တိုင်ကြားချက်များ အပေါ်သို့တက်လာပြီး အပြစ်ပေးအရေးယူနေရသည့် ကိစ္စများ ဖြစ်ပေါ်လာရသည်မှာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေများနှင့် ရဲကျင့်ဝတ်များကို ချိုးဖောက်ကြသောကြောင့် ဖြစ်ပေါ်လာရ သည့် ကိစ္စဟု သူက ရှုမြင်သည်။

“ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြုမူထိန်းသိမ်းရမယ်ဆိုတဲ့ ရဲ ကျင့်ဝတ်တွေကလည်း ရှိနေပြီးသား။ ဒီကျင့်ဝတ်နဲ့သာ ညီညွတ် နေမယ်ဆိုရင်တော့ ရဲတွေကို လူတိုင်းချစ်နေမှာပေါ့။ လူတိုင်း ကြိုက်နေမှာပေါ့။ အခုဖြစ်ပေါ်နေတယ်ဆိုတဲ့ဟာက အဲဒီကျင့် ဝတ်နဲ့ကို မညီလို့ အရေးယူနေရတာ”

ရဲမှူးကြီးဝင်းခေါင်ကတော့ “ပြုပြင်ပြောင်းလဲရေး”ဆို သည့် စကားလုံးထက် “ပြုပြင်မှုပြု ရေး”ဟူသော အသုံးအနှုန်းကိုပဲ သုံးချင်သည်ဟုဆိုသည်။

“ကောင်းနေတဲ့ အခြေခံအုတ်မြစ်တွေကို ဒီအတိုင်းထား မယ်။ လက်ရှိဖွဲ့စည်းမှုပုံစံထဲမှာလည်း ကောင်းတဲ့အခြေခံအချက် အလက်တွေရှိတယ်လေ။ ကျင့်သုံးရမယ့်ပုံစံတွေ ကောင်းနေ တယ်။ လိုက်ပါဆောင်ရွက်မှုညံ့ဖျင်းတာကြောင့် လူထုရဲ့ အထင် မြင်လွဲမှားမှုတွေ ဖြစ်ပေါ်လာရတွေလည်းရှိတယ်” ဟု ရဲမှူးကြီး ဝင်းခေါင်က ဆိုသည်။

Photo - Zayar Hlaing
Photo – Zayar Hlaing

ဘာကြောင့် နာမည်ပျက်

ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာရှိ ရဲအရာရှိလေ့ကျင့် ရေးကျောင်းမှ ကျောင်းအုပ်ကြီး ရဲမှူးကြီးမိုးမောင်သန်းကတော့ ရဲတပ်ဖွဲ့အတွင်း ဥပဒေလုပ်ထုံးလုပ်နည်းများကို လိုက်နာမှုမရှိ သည့် “စုန်းပြူး”များကြောင့် ရဲတပ်ဖွဲ့တစ်ဖွဲ့လုံး နာမည် ပျက်ရခြင်း ဖြစ်သည်ဟု ပြောပါသည်။

“လူမှုအဖွဲ့အစည်းတိုင်းမှာ စုန်းပြူးတွေဆိုတာရှိပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေမှာမှ မဟုတ်ပါဘူး။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုတဲ့ ဆိုရိုးစကားတွေလည်း ရှိတာပဲ။ တစ်ဦးတစ် ယောက်တစ်ဖွဲ့ မကောင်းတာနဲ့ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့ကြီး နာမည်ပျက်ရတဲ့ အနေထားမျိုး” ဟု ရဲမှူးကြီးမိုးမောင်သန်းက ဝေဖန်သည်။

ရဲတချို့၏ မလျော်မကန်ပြုမူမှုများကြောင့် ရဲနှင့်ပတ်သက် လျှင် “ရဲကျင့်ရဲကြံ”ကဲ့သို့သော အသုံးအနှုန်းများကို လူထုကြား၌ တွင်တွင် သုံးနှုန်းလာသည်များရှိပါသည်။

ရဲမှူးကြီးကျော်ဝင်းသိန်းကတော့ “ကောင်းတယ်၊ ဆိုး တယ်ဆိုတာကတော့ အဖွဲ့အစည်းတိုင်းမှာရှိတယ်။ Custom (အကောက်ခွန်)မှာလည်း ရှိတာပဲ၊ လဝကမှာလည်း ရှိတာပဲ၊ ထောက်လှမ်းရေးလည်း ညစ်တာပဲ။ ကောင်းတဲ့လူတွေလည်း ရှိပါတယ်။ ပြောင်းဖို့လိုတယ်ဆိုတာတော့ မှန်တယ်”ဟု ဆိုသည်။

မလျော်မကန်ကျင့်ကြံသော ရဲဝန်ထမ်းများကို ရှုတ်ချနေကြသလို တစ်ချိန်တည်းတွင် ဥပဒေနှင့်အညီလုပ်ကိုင်ဆောင်ရွက်သော ရဲ ဝန်ထမ်းများကိုလည်း ထောက်ခံအားပေးသင့်သည်ဟု ရဲမှူးကြီး ကျော်ဝင်းသိန်းက တိုက်တွန်းသည်။

“အရင်ခေတ်ကတော့ ဥပဒေနဲ့အညီ လုပ်ရဲ့သားနဲ့ ဒီလို မလုပ်နဲ့၊ ဟိုလိုလုပ်လိုက်ဆိုတာမျိုးတွေက များနေတယ်။ တရား သူကြီးတွေလည်း ဒီအတိုင်းပဲ ဝင်စွက်ဖက်ခံရတာတွေရှိတယ်” ဟု ရဲမှူးကြီးက ထောက်ပြသည်။

တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းရေးတို့ အတွက် အရေးပါသော အခန်းဏ္ဍမှ တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့မှာ ခေတ်အဆက်ဆက်အုပ်ချုပ်သူများ၏ အသုံးချခံခဲ့ရ မှုကြောင့် လူမုန်းများနေရခြင်းဖြစ်သည်ဟု ရဲမှူးကြီးကျော်ဝင်း သိန်းက ဆိုပါသည်။

ကိုလိုနီခေတ်က ဖွဲ့စည်းခဲ့သည့် ရဲတပ်ဖွဲ့သည် ကိုလိုနီ အစိုးရကို အမှုထမ်းရန်၊ မျိုးချစ်ခေါင်းဆောင်များကို ဖမ်းဆီး၊ ထောင်ချရန် ဖွဲ့ခဲ့ခြင်းဖြစ်သလို လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့သော ရဲတပ်ဖွဲ့မှာလည်း ထိုခေတ်ထိုအခါက အစိုးရများ ကို အမှုထမ်းဖို့သာဖြစ်လာခဲ့သည်ဟု ရဲမှူးကြီးကျော်ဝင်းသိန်းက ယခုလိုသုံးသပ်ပြပါသည်။

“ဆိုရှယ်လစ်ခေတ်ကို ရောက်တော့လဲ ရဲဆိုတာ ခိုင်းဖတ် ပဲ။ အစိုးရက ဘာသွားလုပ်လိုက်ဆိုတာမျိုးပေါ့။ အမတော်ကြေး ကောက်တာက အစပေါ့။ ပါတီ၊ ကောင်စီတွေရဲ့ အလိုကျပဲ လိုက် လုပ်ခဲ့ရတယ်။ အဲတုန်းကလည်း (ပြည်သူတွေက) ရဲတွေကို မုန်း တာပဲ” ဟု ရဲမှူးကြီးကျော်ဝင်းသိန်းက ပြောပြသည်။

“ပိုဆိုးတာက အုပ်ချုပ်သူလူတန်းစားအဆင့်ဆင့်က ရဲကို အသုံးချခဲ့တာ။ ရဲတပ်ဖွဲ့ကြီးကို သူတို့ရဲ့ အုပ်ချုပ်မှုယန္တရားတည် တံ့ခိုင်မြဲရေးအတွက် အုပ်ချုပ်လို့ကောင်းအောင်လုပ်တယ်။ ရဲကလည်း သူ့စကားကို နားထောင်ရတယ်။ သူ(ရဲ)က ဥပဒေနဲ့ အညီ သွားလုပ်လိုက်တာနဲ့ အဲဒီခေတ်အဲဒီအခါက အစိုးရက သူ့ကို အကာအကွယ်မပေးဘူး ”

အစိုးရအဆက်ဆက်၏ ခိုင်းစေရာလုပ်ခဲ့ကြရသည့်ကိစ္စ နှင့်ပတ်သက်ပြီးတော့ ရဲမှူးကြီးက ယခုလိုလည်း ပြောပြ  သေးသည်။

“အစိုးရက ဒီကောင့်ကိုတော့ လွှတ်လိုက်၊ ဒီကောင့်ကို တော့ ဖမ်းလိုက်၊ ဒီမြေတော့သိမ်းလိုက်၊ စိုက်ပျိုးရေးက ပိုက်ဆံ တွေ ထုတ်ချေးထားတယ်၊ ကောက်လို့မရဘူးဆိုရင် ရဲကလိုက်ပြီး တော့ တောင်သူလယ်သမားတွေနဲ့ ရန်ဖြစ်ပေးရတယ်။ သေနတ် ကြီးတွေကိုင်ပြီးတော့ မပေးရင် ဖမ်းချုပ်မယ်ဆိုပြီး လုပ်တာတွေ က ကြာလာတော့ ပြည်သူက မုန်းတာပေါ့”

ကြာလာသည့်အခါ ရဲများ၏ စိတ်ထဲတွင်လည်း အစွဲတစ်ခု ကပ်ငြိသွားကြကြောင်း ရဲမှူးကြီးကျော်ဝင်းသိန်းက ယခုလို လည်း သုံးသပ်ပြပါသည်။

“သူတို့(ရဲတွေ)စိတ်ထဲမှာစွဲသွားတာက ငါဒီလိုလုပ်ရမယ် ဆိုတဲ့ Concept (အယူအဆ)က နှစ်ပေါင်း ၁၅၀ လောက်လုပ် လာတဲ့အခါကျတော့ သူတို့ကိုယ်တိုင်က ပြည်သူဆိုတာ ငါတို့ရဲ့ မိဘလို့မမြင်တော့ဘဲ ဒီပြည်သူဆိုတာ ငါတို့ရဲ့အပေါ်က အစိုးရ အလိုကျလုပ်ပေးရမယ့်သူတွေလို့ မြင်သွားကြတယ်။

“ပြည်သူကလည်း အဲဒီကတည်းကကို မုန်းနေတာ။ အစဉ် အဆက်က ပြည်သူတွေက ရဲကိုမယုံကြည်ရဲတော့ဘူး”

၁၉၉၄ တွင်တော့ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးများ ပြု လုပ်ခဲ့ပါသည်။ ရဲလက်စွဲစာအုပ်ပြုစုခဲ့သလို “ကိုလိုနီစရိုက်တွေ ဖျောက်၊ ပြည်သူ့အကျိုးကို စောင့်ရှောက်”ဆိုသည့် ဆောင်ပုဒ် တွေလည်း ပြုလုပ်ခဲ့သည်။

“ဒါပေမဲ့ လက်တွေ့တော့မဖြစ်ဘူး”ဟု ရဲမှူးကြီးကျော်ဝင်း သိန်းက ဆိုသည်။

“ရဲတပ်ဖွဲ့ရဲ့ ရာခိုင်နှုန်းတော်တော်များများက ပြည်သူဆို တာ ငါတို့အလုပ်အကျွေးပြုရမယ့်သူဆိုတဲ့ Concept မရှိဘူး။ အနိုင်ကျင့်မှုတွေရှိနေတယ်။ ပြည်သူတွေဆိုတာ ငါတို့နှိပ်ကွပ်ရ မယ့်သူတွေလို့ပဲ မြင်ကြတယ်”

ထိုသို့ထင်ရအောင်လည်း ဖြစ်ပျက်ခဲ့သည်များရှိပါသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စုအတွင်းရှိ အသိမ်းခံရ သော လယ်မြေများကို ပြန်လည်ရရှိရေးနှင့် ပတ်သက်၍ ရဲတပ် ဖွဲ့ဝင်များနှင့် ဒေသခံတောင်သူလယ်သမားများ အပြန်အလှန် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးတွင် ဒဏ်ရာရသူနှင့် သေ ဆုံးသူများရှိခဲ့သည်။

၎င်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက် စာမျက်နှာများတွင် ရဲများက အမျိုးသမီးများကိုပါ ရိုက်နှက် သည့် ဗီဒီယိုဖိုင်ပျံ့နှံ့သွားပြီး ရဲတပ်ဖွဲ့၏ နှိမ်နင်းမှုများကို အများက ပြစ်တင်ပြောဆိုခဲ့ကြသည်။

လက်ပံတောင်းတောင် ကိစ္စတွင်လည်း ဒေသခံများနှင့် သံဃာတော်များ မီးလောင်ကျွမ်းသည်အထိ အဓိကရုဏ်း နှိမ် နင်းခဲ့ပုံများကလည်း မြန်မာနိုင်ငံတွင်းသာမက နိုင်ငံတကာ သတင်းမီဒီယာများကပါ ဖော်ပြခဲ့ကြသည်။

ဇူလိုင်ပထမပတ်အတွင်းကလည်း မ္တလေးကျုံးဘေးတွင် မိန်းမလျာများကို ဖမ်းဆီးရာမှာ လုပ်ထုံးလုပ်နည်းထက်ပိုပြီး ရုပ် ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာများ ကျူးလွန်နှိပ် စက်သည်ဟုဆိုကာ ရဲတပ်ဖွဲ့ကိုတရားစွဲဆိုသွားရန် လူ့အခွင့်အ ရေးတက်ကြွလှုပ်ရှားသူများက ပြင်ဆင်လျက်ရှိသည်။

လူအများသွားလာအပန်းဖြေသည့်နေရာများတွင် လိင် ကိစ္စမြှူဆွယ်ခြင်းများနှင့် အမျိုးသမီးကဲ့သို့ဝတ်စားပြီး အကြမ်း ဖက် လုယက်မှုများလုပ်ဆောင်နေသည့်အတွက် ဖမ်းဆီးရခြင်း ဖြစ်ကြောင်း မ္တလေးတိုင်းရဲမှူးက ပြန်လည်ဖြေရှင်းခဲ့သည်။ လူအများစု၏ ရင်ထဲမှာလည်း ရဲများသည် သူတို့ကို ကူညီပြီး အလုပ်အကျွေးပြုသည့်အလုပ်ထက် အစိုးရအလိုကျ လိုက်ပါ ဆောင်ရွက်နေသော အဖွဲ့အဖြစ် မြင်နေကြသည်။

လူအများစု၏ ရင်ထဲမှ နောက်ထပ်တွေးထင်စရာဖြစ်နေ သော အချက်မှာ ရဲအချို့သည် ၎င်းင်းတို့၏ နေရာနှင့် အာဏာကို အသုံးချကာ ငွေရှာနေကြသည်ဟု မြင်နေကြသည်။

စင်စစ်တွင် ရဲတပ်ဖွဲ့ထဲသို့ ဝင်လာသူတိုင်း အာဏာအလွဲ သုံးစားလုပ်ဖို့၊ မသမာသောနည်းဖြင့် ငွေရှာဖို့ ဝင်လာခဲ့ကြသည် တော့ မဟုတ်ပါ။ ပြည်သူလူထု၏ အကျိုးစီးပွားကို ထိန်းသိမ်း စောင့်ရှောက်ပေးလိုသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ရဲတပ်ဖွဲ့ သို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်ပါသည်။

ပြင်ဦးလွင်၊ ဇီးပင်ကြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်းတွင် တက်ရောက်နေသူများကို မော်ကွန်းက တွေ့ဆုံမေးမြန်းရာမှာ လည်း ၎င်းင်းတို့တစ်တွေတွင် ကောင်းမွန်သော ရည်ရွယ်ချက် ကိုယ်စီရှိကြသည်ကို တွေ့ ရသည်။

ကချင်ပြည်နယ်မှ သင်တန်းလာတက်သည့် ကိုရဲမင်းထွန်း  (၂၄ နှစ်) က သူ့အနေနှင့် ရဲအရာရှိကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားမည်ဟုဆိုပါသည်။

“ကျွန်တော့်ကိုယ်ကျွန်တော်  ရဲတပ်ဖွဲ့ဝင်ကောင်းတစ် ယောက်ဖြစ်ချင်တယ်။ ရဲတပ်ဖွဲ့လုပ်ငန်းတွေကိုလည်း ဆောင် ရွက်ရတာကြိုက်တယ်။ ပြည်သူတွေ အမြင်မကြည်တာတွေက ရှိကောင်းရှိမှာပေါ့လေ။ ဒါပေမဲ့  ကျွန်တော်ရဲအရာရှိကောင်းတစ် ယောက်ဖြစ်အောင်ကြိုးစားမယ်” ဟု ရဲအရာရှိသင်တန်းတက် နေသည်မှာ ၇ လ ရှိပြီဖြစ်သည့် ကိုရဲမင်းထွန်းက ဆိုသည်။

“ဒီသင်တန်းဆင်းလို့  အရာရှိဖြစ်ရင် ပြည်သူ့အကျိုးပြုလုပ် ငန်းတွေကို လုပ်ပေးချင်တယ်။ ပြည်သူတွေအားလုံး အတွက်ပေါ့။ ကျွန်တော်တို့ (ကချင်ပြည်နယ်)ဘက်မှာဆိုရင်တော့ အခုဆိုရင် အခြေအနေက သိပ်မငြိမ်သက် သေးဘူးလေ။ အဲဒီအတွက်လည်း ပြည်သူတွေအတွက် အကုန်လုပ်ပေးချင်တယ်။ ကိုယ်တတ်နိုင်တဲ့ ဘက်ကပေါ့” ဟု ၎င်းက ဆိုပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှ လာ ရောက်သူ မသိင်္ဂီဝင်း (၂၅ နှစ်) တွင်လည်း အခြားသင်တန်းသား များနည်းတူ တရားဥပဒေစိုးမိုးမှုကို ဖော်ဆောင်ပေးလိုသည့် ဆန္ဒရှိပါသည်။

ရဲတပ်ဖွဲ့အပေါ် ပြည်သူအများစုက အမြင်မကြည်လင်ဖြစ် နေသည်ကိုလည်း သူသိထားသည်။

“လာဘ်ပေးလာဘ်ယူတာတွေ သူ့ဟာနဲ့သူ နည်းနည်းပါး ပါးတော့ရှိမှာပေါ့လေ။ ရဲတွေကို တချို့တွေက မကောင်းမြင်ကြ တယ်လေ။ အဲဒါကိုပပျောက်စေချင်တယ်” ဟု သူ့ခံယူချက်ကို ပြောပြသည်။

Photo - Zayar Hlaing
Photo – Zayar Hlaing

ဘယ်လိုပြုပြင်မလဲ

ရဲတပ်ဖွဲ့ထဲရောက်သွားသည့်အခါ အချို့ရဲများမှာ ၎င်းင်းတို့၏ ဦးတည်ချက်၊ ရည်မှန်းချက်များအတိုင်း ကျင့်ကြံပြုမူဆောင်ရွက် သွားကြသူများရှိသလို အချို့ရဲများမှာတော့ လမ်းချော်သွားတတ် သည်များလည်းရှိပါသည်။

အချို့ရဲများမှာ ဘဝရပ်တည်ရေး၊ မိသားစုရပ်တည်ရေးဟူ သော အကြောင်းပြချက်များဖြင့် အပိုဝင်ငွေရှာကြတော့သည်။ ဤတွင်ပဲ အဂတိလိုက်စားမှုများဖြစ်ပေါ်လာကြသည်။

စိတ်ပညာရှင်ဒေါက်တာခင်မြင့်ကတော့ ထိုကဲ့သို့သော ပုံစံ မျိုးကို ရဲတပ်ဖွဲ့အတွင်းသာမက အဖွဲ့အစည်းအကုန်လုံးတွင် တွေ့နိုင်သည်ဟု မှတ်ချက်ပေးသည်။

“ကိုယ်ရတဲ့နေရာရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီးတော့ မဟုတ်တဲ့နည်းနဲ့ လုပ်တာ ငွေရတာပိုလွယ်တယ်။ ပိုပြီး ထိထိ မိမိရတယ်။ အဲဒီလိုလုပ်ရင်း လုပ်ရင်းနဲ့ နှစ်တွေကြာတော့အကျင့် ပါသွားတယ်။ အလေ့အကျင့်ပါသွားတော့ အဲဒီမှာမျောပါကုန် တာ ရဲတွေမှ မဟုတ်ဘူး။ အကုန်လုံးဒီအတိုင်းပဲ” ဟု ဒေါက်တာ ခင်မြင့်က ဖြစ်တတ်သည့်သဘောကို ရှင်းပြသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့် အများပြည်သူ အမှန် တကယ်အားကိုးလို့ရမည့် ပြည်သူ့ဝန်ဆောင်ရဲဝန်ထမ်းများ ထွက်ပေါ် လာရေးကို ကြိုးစားနေသည်ဟု ရဲမှူးကြီးကျော်ဝင်း သိန်းက ဆိုပါသည်။

ပြောင်းလဲလာသည့် ခေတ်နှင့်အညီ ယခင်က မသင်ခဲ့ရ သည့် သင်ရိုးòန်းတမ်းအသစ်များနှင့် ပတ်သက်ပြီး လောလော ဆယ်အနေထားအရ ပြီးခဲ့သည့်သင်တန်း သူရအပတ်စဉ်မှစပြီး နိုင်ငံတော်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ မူဝါဒပိုင်းဆိုင်ရာတွေကို အနီးကပ်သင်ကြားပို့ချခဲ့သည်ဟု ရဲမှူး ကြီးမိုးမောင်သန်းကဆိုသည်။

ထို့အပြင် ယခင်က သင်ခန်းစာများတွင် မပါခဲ့သည့် ငြိမ်း ချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ရေးဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများနှင့် ပတ်သက်ပြီးလည်း သင်ကြား ပို့ချနေသည်ဟုဆိုပါသည်။ ကလေးသူငယ်ဥပဒေ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူး ဥပဒေ၊ လူ့အခွင့်အရေးကြေညာစာတမ်း၊ အဓမ္မလုပ် အားခိုင်းစေမှုတို့နှင့် ပတ်သက်၍လည်း သင်ခန်းစာများပို့ချပေး နေသည်ဟု ရဲမှူးကြီးမိုးမောင်သန်းက ဆိုပါသည်။

ထိုသို့ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေသော်လည်း နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးလာသော အမူအကျင့်များကို နေ့ ချင်း၊ ညချင်း ပြောင်းလို့တော့ရလိမ့်မည်မဟုတ်ပါ။

နှစ်ပေါင်းများစွာ အသားကျနေသည့် အဖွဲ့အစည်းတစ်ခု အနေနှင့် ပြောင်းလဲလာသော ခေတ်စနစ်နှင့် ချက်ချင်းအံဝင်ခွင် ကျ မဖြစ်တတ်သည်မှာ သဘာဝကျသည်ဟု ဒေါက်တာခင်မြင့်က ဆိုပါသည်။

“ အပေါ်အဖွဲ့အစည်းထက်စာရင် အများအားဖြင့် ဟိုး အောက်ခြေသာမန် အခြခံဝန်ထမ်းအပိုင်းပေါ့။ ဘယ်အဖွဲ့အစည်း မဆို ရဲလည်း ပါတယ်ပေါ့။ အဲဒီအဖွဲ့အစည်းကလူတွေက ဒီ ပြောင်းလဲသွားတဲ့ စနစ်တွေ၊ ပေါ်လစီတွေ၊ လုပ်ထုံးလုပ်နည်း တွေ သူတို့ သိကိုမသိဘူး။

“ ပြောင်းတယ်ဆိုတာ အကြမ်းအားဖြင့် သိချင်သိမယ်။ နေ့စဉ်လုပ်နေရတဲ့အပိုင်း၊ တာဝန်ထမ်းဆောင်နေရတဲ့ အပိုင်း တကယ်လက်တွေ့ အကောင်အထည် ဖော်နေရတဲ့ အပိုင်းတွေက ဒီစနစ်အသစ်ဖြစ်လာတဲ့အပေါ် အံဝင်ခွင်ကျမရှိဘူး။ သူတို့ နား လည်းမလည်ဘူး။ သူတို့ သဘောမပေါက်တာလည်း ရှိတယ်” ဟု ဒေါက်တာခင်မြင့်က ဆိုသည်။

“ တကယ်တမ်းကျတော့ ပြည်သူလူထုအတွက် တရား ဥပဒေစိုးမိုးမှုလုပ်တာ ရဲပဲလေ။ တပ်မတော်နဲ့စာရင် ပြည်သူ လူထုနဲ့ နေ့စဉ်ထိတွေ့နေတာက ရဲပဲလေ။ သူတို့ ကာကွယ်မှု ပေး နိုင်လေလေ၊ လုံခြုံစိတ်ချလေလေ။ ဒါပေမဲ့ အရေးကြီးတာက အားကိုးလောက်တဲ့ အနေအထားဖြစ်ဖို့လိုတာပေါ့” ဟု ဒေါက် တာခင်မြင့်က ဖြည့်စွက်သုံးသပ်ပါသည်။

ထို့အတွက် ဝန်ထမ်းပိုင်းဆိုင်ရာ ကျင့်ဝတ်ထိန်းသိမ်းရေး အတွက် သင်တန်းပေးခြင်း၊ ပညာပေးခြင်းများလုပ်ဆောင်ရ မည်ဖြစ်သလို ဝန်ထမ်းကောင်းတွေကိုလည်း ထိုက်တန်သည့် ရာထူးတိုးမြှင့်ပေးသည့်နေရာတွင် မြန်ဆန်ရမည်ဟု ဒေါက်တာ ခင်မြင့်က မှတ်ချက်ပြုပါသည်။

ရဲမှူးကြီးကျော်ဝင်းသိန်းကလည်း သင်တန်းကျောင်းများ တွင် ရဲတပ်ဖွဲ့ဝင်များ ပြည်သူလူထုကြားထဲမှာ နီးနီးကပ်ကပ်နေပြီး တာဝန်ထမ်းဆောင်ရေးတို့ကို ထည့်သွင်းသင်ကြားဖို့ စီစဉ်နေ သည်ဟုဆိုပါသည်။

ရဲတပ်ဖွဲ့ဝင်များအနေနှင့် “ ကူညီပါရစေ”ဆောင်ပုဒ်နှင့် အညီ အမှန်တကယ်ကူညီသောသူများဖြစ်ရေးမှာ ရဲဝန်ထမ်း အဖြစ် စတင်ရွေးချယ်ကတည်းက စိစစ်ရွေးချယ်ရမည့်လုပ်ငန်းစဉ်ဖြစ်သည်ဟု ရဲမှူးကြီးကျော်ဝင်းသိန်းက ဆိုသည်။

“ နိုင်ငံတကာမှာဆိုရင် ရဲတပ်ဖွဲ့ဝင်ရွေးတဲ့နေရာမှာ တကယ့်ကို ရပ်ထဲရွာထဲရပ်ကွက်ထဲမှာ အကျိုးပြုလုပ်ငန်းလုပ်တဲ့ သူတွေကို ရွေးပြီးတော့မှ ကျောင်းထားပေးတယ်။ စနစ်တကျ ပေါ့။ အများပြည်သူအတွက် ကူညီစောင့်ရှောက်ပေးချင်တဲ့ လူမှု ဝန်ထမ်းစိတ်ရှိတဲ့သူကိုပဲ ရွေးချယ်ခန့်လေ့ရှိတယ်” ဟု ရဲမှူးကြီးကျော်ဝင်းသိန်းကဆိုသည်။

မြန်မာနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များ “ ကူညီပါရစေ”ဆိုသော ဆောင်ပုဒ်နှင့် ညီဖို့ လုပ်စရာတွေ အများကြီးရှိသေးသည်ဟု ယခုလို ပြောပါသည်။

“ကူညီပါရစေလိုမျိုးဖြစ်ဖို့ဆိုတာ ရဲတပ်ဖွဲ့ရွေးချယ်တဲ့ စနစ် တွေ၊ လေ့ကျင့်မှုစနစ်တွေ၊ တာဝန်ခွဲဝေမှုစနစ်တွေနဲ့ ရာထူး အဆင့်တိုးမြှင့်ရေးတွေမှာ လုပ်စရာတွေ အများကြီးကျန်သေးတယ်”

Sidebar Interview

Photo - Hnin Ko
Photo – Hnin Ko

ရဲမှူးကြီးကျော်ဝင်းသိန်း(မြန်မာနိုင်ငံရဲတပ်ဖွဲ့)ကို မော်ကွန်းမဂ္ဂဇင်း က တွေ့ဆုံမေးမြန်းခဲ့သည်မှ အချို့ကို ကောက်နုတ်ဖော်ပြပါသည်။

မော်ကွန်း။  ။ မကြာသေးခင်ကမှ နိုင်ငံတော်သမ္မတကနေပြီး မြန်မာ့ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ပြောလာတာကို တွေ့ရပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ လက်ရှိ ဘာတွေ ဖြစ်နေပါလဲ။ ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုရင်လည်း ဘယ် အပိုင်းတွေကို အရေးပေါ်ပြောင်းလဲဖို့ လိုအပ်နေပါသလဲ။

ရဲမှူးးကြီး။  ။ သမ္မတကြီးအနေနဲ့က Clean Government, Good Governance  ဆိုပြီးပြောခဲ့ပါတယ်။ ပြောပေမယ့်လည်း     တကယ်တမ်းပြုပြင်ပြောင်းလဲရမှာတွေက မြန်မာနိုင်ငံမှာတော့ အများကြီးပေါ့။ အဓိက ရဲတပ်ဖွဲ့အနေနဲ့ အရင်တုန်းက အစဉ် အဆက်အုပ်စိုးခဲ့တာက နဝတ၊ နယက ဆိုပြီးတော့ အဆင့်ဆင့် အုပ်စိုးခဲ့တယ်။ ပြုပြင်ပြောင်းလဲရေးတွေ အများကြီးလုပ်ဖို့ လို အပ်နေတယ်။ အဓိကအရေးကြီးဆုံးကတော့ Conceptual Mind-set  စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ အများကြီးလုပ်ရ မယ်။ အခုဆိုရင် EU နဲ့ လုပ်နေတာတွေရှိတယ်။အင်္ဂလန်ကလာတဲ့ အဖွဲ့တွေနဲ့ လုပ်နေတာတွေရှိတယ်။ ရဲတပ်ဖွဲ့ အင်အားကိုလည်း ထပ်ပြီးတိုးချဲ့နေတယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီနိုင်ငံဖြစ် သွားပြီ၊ ဒီမိုကရေစီနည်းနဲ့ သွားနေတဲ့အခါမှာ တပ်ဖွဲ့တွေကလည်း ဒီမိုကရေစီနိုင်ငံနဲ့လိုက်လျောညီထွေရှိတဲ့ ရဲတပ်ဖွဲ့  ဖြစ်ဖို့လိုတယ်။

လူတွေ (ရဲတပ်ဖွဲ့ဝင်တွေ) အားလုံးစိတ်ထဲမှာ ယူနီဖောင်း ဝတ်လိုက်ပြီ၊ လက်နက်ကိုင်လိုက်ပြီဆိုရင် အလိုလိုနေရင်း သွေး ကြွသွားတယ်။ ရဲတပ်ဖွဲ့ဆိုတာ လက်နက်ကိုင်အဖွဲ့ မဟုတ်ဘူး။ ရဲတပ်ဖွဲ့ကို လက်နက်ကိုင်ခိုင်းပြီဆိုကတည်းက မှားပြီ။ ရဲတပ်ဖွဲ့ ရဲ့လက်နက်သည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းပဲ။ လက်နက်ကို တတ်နိုင်သမျှ လျှော့ချရမယ်။ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့၊ မဖြစ်မနေ နောက်ဆုံးအဆင့်မှသုံးရတာ။ ဥပမာ-ရုပ်ရှင်ထဲမှာ ဆိုရင် အရင်ဆုံး သတိပေးရတယ်။ မလုပ်နဲ့၊ ရပ်။ နောက်ဆုံး ကိုယ့်အသက်ကို တစ်ဖက်က ရန်ပြုပြီဆိုတော့မှ ကာကွယ်ရ တယ်။ အဲဒီလိုကာကွယ်ရတဲ့အတွက်ကြောင့်လည်း ရဲတပ်ဖွဲ့ဝင် တွေ များစွာ ကျဆုံးခဲ့တာတွေရှိတယ်။ သို့သော် ဒါ ကျွန်တော်တို့ အလုပ်ပဲ။

နောက်တစ်ခုပြောချင်တာကတော့ ကျွန်တော်တို့နိုင်ငံပြု ပြင် ပြောင်းလဲရေးလုပ်နေတယ်။ ရဲက ပြောင်းနေရုံနဲ့ မရဘူး။အကုန်လုံးက တစ်စုတစ်စည်းတည်းနဲ့အဖက်ဖက်က ပြုပြင်ရမှာ ပါ။ အမှုတွေကျဆင်းဖို့ဆိုတာက ရဲတပ်ဖွဲ့တစ်ခုတည်း ဆောင်ရွက် လို့မရဘူး။ တရားစီရင်မှုစနစ်ကလည်း မှန်ကန်ဖို့လိုတယ်။ ဒါ ကြောင့် ပြုပြင်ပြောင်းလဲရေးလုပ်တဲ့နေရာမှာ ရဲတွေလည်း ပါရ မယ်။ ရှေ့နေတွေလည်း ပါတယ်။ တရားသူကြီးတွေလည်း ပါ တယ်။ အကျဉ်းဦးစီးလည်း ပါတယ်။

မော်ကွန်း။  ။ စောစောကပြောသလို ရဲတွေကို သင်တန်းပို့ချတဲ့ အပိုင်းမှာဆိုရင် Mind-set ကို အရင်ဆုံး Change ရမယ့် အပိုင်း တွေ ဖြစ်လာတဲ့အခါကျတော့ လက်ရှိသင်တန်းကျောင်းတွေမှာ ဘယ်လိုမျိုးဘာသာရပ်တွေကို သင်ကြားပို့ချပေးနေပါသလဲ။ ဒီပြုပြင်ပြောင်းလဲရေးနဲ့ လိုက်လျောညီထွေဖြစ်အောင်ပေါ့။

ရဲမှူးးကြီး။  ။ အခုကျွန်တော်တို့က ဒီဟာနဲ့ပတ်သက်ပြီးတော့ ပထမတုန်းကဆိုရင် ပြစ်မှုဆိုင်ရာဥပဒေတို့၊ ထွေအုပ်နဲ့ အထွေ ထွေတို့ စသဖြင့် ရဲတပ်ဖွဲ့ရဲ့ တတ်အပ်တဲ့ဥပဒေတွေနဲ့ စုံစမ်း ထောက်လှမ်းတဲ့အပိုင်းကို သင်တယ်။ ဒါကို ဇောင်းပေးခဲ့တာ ပေါ့။ နောက်ပြီးတော့ အမိန့်နဲ့ စည်းကမ်းကို နာခံမှုရှိအောင် လုပ် ခဲ့တာပေါ့။

အဓိကစံနှုန်းသုံးခုပဲရှိတယ်။ တစ်အချက်က ကျွန်တော်တို့ လုပ်သမျှလုပ်ငန်းတွေအားလုံးဟာ ဥပဒေနဲ့အညီဖြစ်ရမယ်။နိုင်ငံ တကာစံနှုန်းတွေနဲ့ အညီဖြစ်ရမယ်။ နှစ်အချက်က Proportional လို့ခေါ်တဲ့ အချိုးအစားမှန်ရမယ်။ လက်ဆမှန်ရမယ်။ ဒီလူ တစ် ယောက်ကို ဘယ်လောက်အတိုင်းအတာအထိ အင်အားသုံး         ရမယ်။

ဒီတော့ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းတွေမှာ EU အဖွဲ့နဲ့ ညှိပြီးတော့ သင်ရိုးညွှန်းတန်းတွေထဲမှာ ပြည်သူလူထုကို ဘယ်လိုဆက်သွယ်ရမယ်။ ရဲတပ်ဖွဲ့ဝင်တွေ ကျင့်သုံးအပ်သော၊ စောင့်ထိန်းအပ်သော ကျင့်ဝတ်သိက္ခာတွေနဲ့ပတ်သက်ပြီးတော့သင်ပေးမယ့်အပြင် ပြည်သူလူထုပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်း စနစ်ပါ။ ပြည်သူလူထုကြားထဲမှာ နီးနီးကပ်ကပ်နေမယ်။ ပြည် သူတွေ ဘာတွေခံစားနေရတယ်။ ဘာတွေကို မကျေနပ်နေလဲ။ဘာတွေအခက်အခဲတွေရှိနေလဲဆိုတာ သိဖို့အတွက် ပြည်သူတွေ ကြားထဲမှာဝင်ပြီးတော့မှ ဆိုတာကို လေ့ကျင့်ရေးကျောင်းတွေမှာ ပြောင်းလဲထည့်သွင်း ဆောင်ရွက်ဖို့ အတွက် ကျွန်တော်တို့ စီစဉ်နေပါတယ်။

မော်ကွန်း။  ။ရဲတွေက ဥပဒေနဲ့ အညီလုပ်ကိုင်ဆောင်ရွက်တဲ့ နေရာမှာ ဘယ်လိုမျိုးဥပဒေတွေဟာ ရဲတွေအတွက် အခက်အခဲ ဖြစ်နေပါသလဲ။

ရဲမှူးးကြီး။  ။ ဥပဒေပိုင်းအရတော့ Penal Code ဆိုတာ ဟိုးလွန်ခဲ့ တဲ့ အင်္ဂလိပ်လက်ထက် ၁၈၈၆ လောက်ကတည်းက လက်တွဲ ဆောင်ရွက်ခဲ့တာ အခုအထိပဲ။  ဒီ Penal Code ကအစ တချို့ ဟာတွေက အံမဝင်တော့တာရှိတယ်။ ဥပမာ-ဒဏ်ငွေတစ်ကျပ် တို့၊ နှစ်ကျပ်တို့၊ ဒါတွေကရှိသေးတာပေါ့။ တချို့ ပြင်းထန်စွာ နာကျင်စေမှုလိုဟာမျိုးတွေရှိတယ်။ အလားတူပဲ ဒီဘက်ခေတ်မှာ ပေါ်တဲ့ မူးယစ်ဆေးဝါးကိစ္စတွေ၊ လူကုန်ကူးနဲ့ ပတ်သက်တာတွေ၊ ငွေ ကြေးခဝါချတာတွေပေါ့။

သူများနိုင်ငံတွေမှာဆိုရင် ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေ တွေကို လေးနှစ်တစ်ကြိမ် ပြန်ပြီးတော့ Review ပြန်လုပ်လေ့ရှိ တယ်။ နောက်ဆုံးအခြေအနေနဲ့ ကိုက်ညီအောင်လုပ်တယ်။ အခု လည်း ကျွန်တော်တို့ဘက်က အများကြီးလုပ်နေတာရှိပါတယ်။ ငွေကြေးခဝါချမှုနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြန်ပြီး Review ပြန်လုပ်နေ တယ်။ လုပ်တဲ့နေရာမှာ ပြင်ဆင်ဖြည့်စွက်ရမယ့် အရာတွေကို ကမ္ဘာ့သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ အညီဖြစ် အောင် ဥပဒေတွေကို ပြင်ဆင်ရေးဆွဲနေတာတွေ ရှိပါတယ်။ မရှိ သေးတဲ့ ဥပဒေတွေ ကိုလည်း အသစ်ပြဋ္ဌာန်းထားတာရှိပါတယ်။

အထင်ရှားဆုံးတစ်ခုကို ပြောရရင် ကျွန်တော်တို့ရဲ့ အဓိ ကရုဏ်းတွေဖြစ်တဲ့အခါမှာ ရဲတွေ ပြုမူကျင့်အပ်တဲ့ လက်စွဲ စာစောင်ပေါ့။ အခေါ်အဝေါ်က အစ ပြောင်းသွားတာ။ အရင်က အဓိကရုဏ်း နှိမ်နင်းရေးအစား လူစုလူဝေးတွေကို ဘယ်လို စီမံ ခန့်ခွဲမလဲဆိုပြီး ပြင်လိုက်တယ်။

မော်ကွန်း။  ။ အဲဒီလိုပဲ ပြည်သူတွေလည်း အမှန်တကယ် နား လည်အောင် ဥပမာ-သန်းခေါင်စာရင်းဥပဒေလိုမျိုး တချို့က လည်း ဒါဟာ အလုပ်တစ်ခုလိုမျိုးဖြစ်နေတယ်ပေါ့။ ပြည်သူနဲ့ နီး နီးကပ်ကပ်ရှိတဲ့ ဥပဒေတွေထဲက ပြင်ဆင်ဖို့လိုအပ်တာမျိုးတို့၊ မရှိ သင့်တော့တာမျိုးက ဘယ်လိုမျိုးဥပဒေတွေ ရှိပါမလဲ။

ရဲမှူးးကြီး။  ။ သန်းခေါင်စာရင်းဥပဒေကတော့ လဝက(လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာန)နဲ့ ဆိုင်တာရှိတယ်။ ထွေအုပ် (အထွေထွေ အုပ်ချုပ်ရေးမှူး)နဲ့ ဆိုင်တာရှိတယ်။ ကျွန်တော်တို့နဲ့ ဆိုင်တာက တော့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဆိုတာ ရှိတယ်။ ဒီဥပဒေ ဆိုတာ ရဲတပ်ဖွဲ့ဝင်တွေဟာ တာဝန်ထမ်းဆောင်ရင်းနဲ့ အာဏာ ကို အလွဲသုံးစားပြုခဲ့ရင်၊ သို့နည်းမဟုတ် အကျင့်ပျက်လာဘ် စားခဲ့ရင်၊ တစ်ခုခုကျူးလွန်ခဲ့ရင် သူတို့ကို ထိန်းသိမ်းတဲ့အရာပေါ့။ ဒါမျိုးကို ကျွန်တော်တို့ ပြင်တယ်။ ဥပမာအားဖြင့် ပိုပြီးတော့မှ ထိထိရောက်ရောက် ရဲတွေရဲ့ အကျင့်ပျက်လာဘ်စားမှုတွေ လျော့နည်းအောင်၊ ပပျောက်အောင် လုပ်တယ်။ နောက် ရဲ လက်စွဲတွေ လက်ရှိဖြစ်နေတာတွေနဲ့ လိုက်လျောညီထွေဖြစ် အောင်၊ ပြည်သူကို Deal လုပ်နိုင်တဲ့အပိုင်းတွေ၊ အကာအကွယ် ပေးနိုင်အောင်လုပ်တဲ့အပိုင်းတွေ ရှိတယ်။ ဒါတွေကိုဆောင်ရွက် နေတယ်။

မော်ကွန်း။  ။ နောက်တစ်ခုကတော့ ရဲတွေရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ကူညီပါရစေနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေအနေနဲ့ အမှန် တကယ်အကူအညီမရသလိုဖြစ်နေတယ်လို့ ဆိုကြတယ်။ဒီတော့ ပြည်သူနဲ့ ရဲတွေရဲ့ကြားထဲမှာ ဒီလိုမျိုး Mind-set  က ဘာ ကြောင့်ဖြစ်လာ တာလဲပေါ့။သုံးသပ်ပေးပါခင်ဗျ။

ရဲမှူးးကြီး။  ။ ကျွန်တော့်အမြင်ရပြောရရင် ရဲတပ်ဖွဲ့ဆိုတာ ဘယ်က ပေါ်ပေါက်လာသလဲဆိုတဲ့ အဖြေပေါ့။ ရဲတပ်ဖွဲ့ဆိုတာ ဘယ် တုန်းက ပေါ်ပေါက်လာတာလဲ။ ဘာကြောင့် ပေါ်ပေါက်လာတာ လဲ။ သူက ဘာတာဝန်တွေထမ်းဆောင်ခဲ့တာလဲဆိုတဲ့ အခြေခံ ပေါ့။ ရဲတပ်ဖွဲ့စပြီးပေါ်ပေါက်ခဲ့တာက ဗြိတိသျှအင်္ဂလိပ်က ကျွန် တော်တို့နိုင်ငံကို အုပ်ချုပ်တဲ့အချိန်တုန်းက အရင်ဆုံး စစ်တပ်ကို ဖြိုခွင်းခဲ့တယ်။ ပြီးတဲ့အခါ ငြိမ်ဝပ်ပိပြားမှုကို လိုချင်တော့ ရဲတပ်ဖွဲ့ ဆိုတာဖြစ်လာတယ်။ အဓိကက အဲဒီရဲတွေ ဘာလုပ်ရလဲဆို တော့ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ မျိုးချစ်တွေ၊ အင်္ဂလိပ်တွေကို တော်လှန်တဲ့၊ မြန်မာနိုင်ငံကို ကျွန်အဖြစ်လက်မခံတဲ့သူတွေကို နှိပ်ကွပ်ရတဲ့အလုပ်ကို လုပ်ရတယ်။ အဲဒီကတည်းက စပြီး သန္ဓေ တည်တဲ့အချိန်ကတည်းက ပုလိပ်ဆိုပြီးဖြစ်လာတာ။ နှိပ်ကွပ် ရေးယန္တရားရဲ့ တုတ်တစ်ချောင်းပေါ့။ အစိုးရ အလိုကျလိုက်လုပ် ရတာ။ အုပ်ချုပ်တဲ့အစိုးရက အင်္ဂလိပ်အစိုးရ၊ ပြည်သူက မြန်မာ ပြည်သူဆိုတော့ ပေါ်ပေါက်လာတဲ့ ရဲက အင်္ဂလိပ်အစိုးရကိုပဲ အကာအကွယ်ပေးရတယ်။

လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်တုန်းက ရဲ တပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့တယ်။ နောက် ဆိုရှယ်လစ် ခေတ်ကို ရောက်တော့လည်း ရဲဆိုတာ ခိုင်းဖတ်ပဲ။ အစိုးရက ဘာ သွားလုပ်လိုက်ဆိုသလိုပေါ့။ အမတော်ကြေး ကောက်တာက အစ ပေါ့။ ပါတီ၊ကောင်စီတွေရဲ့ အလိုကျပဲ လိုက်လုပ်ခဲ့ရတယ်။ပြည်သူ ကို Deal မလုပ်ဘူး။ အဲဒီတုန်းကလည်း ရဲတွေကို မုန်းတာပဲ။ပိုဆိုးတာက အုပ်ချုပ်သူလူတန်းစားအဆင့်ဆင့်က ရဲကိုအသုံးချ   ခဲ့တာ။

ဒါကြောင့် အပေါ်က မူဝါဒတွေပြောင်းရမယ်။မင်းတို့(ရဲ တွေ)အားလုံးဟာ ပြည်သူတွေရဲ့ လစာတွေအဖြစ်အခွန်ငွေတွေနဲ့ ရပ်တည်နေတယ်ဆိုတာကို သူတို့(ရဲတွေ)သိအောင်လုပ်ရမယ်။ပြည်သူကိုအခြေခံနဲ့ ရဲတပ်ဖွဲ့ဖြစ်ဖို့အတွက်ဆိုရင် အချိန်တော့ ယူရမယ်။ ချက်ချင်းကြီးတော့ မရဘူး။ ကူညီပါရစေဆိုတာက တော့ နိုင်ငံတကာမှာဆိုရင်လည်း မဖြစ်သေးပါဘူး။ ရဲတပ်ဖွဲ့ကြီး ကို ရွေးချယ်တဲ့စနစ်က စပြီး ပြောင်းရမယ်။

မော်ကွန်း။  ။ မကြာသေးခင်ကမှ ဖြစ်လာတဲ့ မြန်မာနိုင်ငံလူ့အခွင့် အရေးကော်မရှင်မှာဆိုရင် သူတို့တွေ တိုင်စာတွေ လက်ခံလာ လိုက်တာ ရဲနဲ့ပတ်သက်တဲ့ တိုင်စာက အများကြီးရှိနေတယ်လို့ သိရပါတယ်။ အဲဒီမှာဆိုရင် ဘယ်လိုမျိုးအပိုင်းတွေမှာ အဓိက တိုင်ကြားလဲခင်ဗျ။ ရဲတပ်ဖွဲ့မှာလည်း ဖြုတ်၊ ထုတ်တွေ လုပ်နေ တယ်ဆိုတော့ ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက် နိုင်ပါပြီလဲခင်ဗျ။

ရဲမှူးးကြီး။  ။ လူ့အခွင့်အရေးကော်မရှင်ကပေးတဲ့ တိုင်စာတွေ လည်း ရှိတယ်။ ကျွန်တော်တို့ရဲတပ်ဖွဲ့ရဲ့တိုင်စာဌာနဆိုတာ ရှိ တယ်။ အဲဒီမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး မကျေနပ်ဘူးဆို ရင် ကိုယ့်နာမည်နဲ့၊ မှတ်ပုံတင်နဲ့ အတိအကျရေးပြီး တိုင်လို့ ရပါ တယ်။ တော်တော်များများအမှုတွေမှာ ပထမအချက်ကတော့ အမိန့်အာဏာကို လိုအပ်တာထက် ပိုမိုသုံးစွဲတာ၊ လွဲမှားစွာ သုံးစွဲ တာ။ နောက်တစ်ချက်ကတော့ လူတွေကို ညှဉ်းပန်းနှိပ်စက်တာ။အပြစ်ကို အတင်းဝန်ခံခိုင်းတာမျိုးတွေ၊ ရိုက်နက် စစ်ဆေးတာမျိုး တွေအပြင် ရဲစခန်းမှာ အချိန်ကုန်အောင် စောင့်ခိုင်းတာမျိုးတွေ ပေါ့။ နောက်တစ်ခုကတော့ အကျင့်ပျက်လာဘ်စားတာမျိုးပေါ့။ ငွေကြေးဥစ္စာကို မျှော်လင့်ပြီးတော့မှ မမျှမတဆောင်ရွက်တာမျိုး တွေ၊ မလွှတ်သင့်တဲ့ လူကို လွှတ်တာ၊ မဖမ်းသင့်တဲ့လူကို ဖမ်းတာ၊ အပြင်မှာရှိတဲ့အကျင့်ပျက်တွေ၊ စီးပွားရေးသမားတွေနဲ့ ပေါင်းပြီး လုပ်တာတွေပေါ့။ ဖဲဒိုင်တွေ၊ အနှိပ်ခန်းတွေ၊ပြည့်တန်ဆာအိမ် တွေကို ခွင့်ပြုလာတာတွေပေါ့။

မော်ကွန်း။  ။ ပြည်သူတွေကြားမှာ ရဲကျင့်ရဲကြံဆိုတဲ့ စကားလုံး ရှိတယ်။ အရင်က ရဲကျင့်ရဲကြံဆိုတာက အကြောင်းအမျိုးမျိုး ကြောင့် လွဲမှားခဲ့ရတယ်။ နောက် အခုလိုပြုပြင်ပြောင်းလဲပြီး ရဲ တပ်ဖွဲ့ရဲ့ ဆောင်ရွက်မယ့် ရဲကျင့်ရဲကြံမှာ ဘယ်လိုမျိုး ကျင့်ကြံ ဆောင်ရွက်သွားမယ်ဆိုတာလေးကို သိချင်ပါတယ်။

ရဲမှူးးကြီး။  ။ ကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့ ရဲကျင့်ရဲကြံ ဆိုတာက လူတစ်ယောက်ကောင်းခြင်း၊ မကောင်းခြင်းဟာ သူ့ အဖွဲ့အစည်းနဲ့ မဆိုင်ဘူး။ ကောင်းတယ်၊ ဆိုးတယ်ဆို တာကတော့ အဖွဲ့အစည်းတိုင်းမှာ ရှိပါတယ်။ အကောက်ခွန်မှာလည်း ရှိတာပဲ၊ လဝကမှာလည်း ရှိတာပဲ။ ထောက်လှမ်းရေးလည်း ညစ်တာပဲ။ ကောင်းတဲ့လူတွေလည်း ရှိပါတယ်။ ပြောင်းဖို့လိုတယ်ဆိုတာ တော့ မှန်တယ်။

ဥပဒေနဲ့အညီလုပ်တဲ့သူကို ထောက်ခံအားပေးရမယ်။အရင်ခေတ်ကတော့ ဥပဒေနဲ့အညီလုပ်ရဲ့သားနဲ့ ဒီလိုမလုပ်နဲ့၊ ဟိုလိုလုပ်လိုက်ဆိုတာမျိုးတွေက များနေတယ်။ တရားသူကြီး တွေလည်း ဒီအတိုင်းပဲ၊ ဝင်စွက်ဖက်ခံရတာတွေရှိတယ်။အခု လည်း ဒီအတိုင်းဖြစ်နေတာပဲ။ လွှတ်တော်ကနေပြီး အုပ်ချုပ်မှုရဲ့ အာဏာတွေကို ဝင်စွက်ဖက်တာတွေရှိတယ်။ ရှင်းရှင်းပြောရရင် သူ့လုပ်ငန်းနဲ့ သူ၊ ပေးအပ်တဲ့အတိုင်း သူ့အလုပ်သူလုပ်ပေါ့။ ဒါ အပြင် ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကလည်း ကောင်းနေဖို့ လိုတယ်။ လူ့အဖွဲ့အစည်းကလည်း ဥပဒေကို လေး စားတဲ့ ပြည်သူတွေဖြစ်ရမယ်။ ဥပဒေကို လေးစားတဲ့အစိုးရဖြစ်ရ မယ်။ ဥပဒေကို လေးစားတဲ့ ဝန်ထမ်းတွေဖြစ်ရမယ်။       ။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."