၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂) မှ သရော်စာ ဆောင်းပါးဖြစ်ပါသည်။
ရန်လိုကျွှဲ ရေးသည်။
ဒုက္ခသီရိသည် ဓာတုဗေဒပစ္စည်း အသုံးကြမ်း သည့်နိုင်ငံဖြစ်သည်။ လူမျိုးဘာသာပေါင်းစုံ အားရပါးရထွန်းလေ့ရှိသည့် အမွှေးတိုင်များမှာ ဓာတုဗေဒပစ္စည်း အတိပြီးသည်။ စီးပွားတက်၊ လာဘ်ကောင်း၊ ငွေအဝင်ကြမ်းစေရေးစသည့် ရည်ရွယ်ချက်ပေါင်းစုံရှိသူတို့က စူးရှရှအနံ့ပေါင်း စုံထွက်သော ထိုအမွှေးတိုင်တို့ကို နေ့စဉ် နေ့တိုင်း ထွန်းကြကုန်၏။
စီးပွားမည်မျှတက်မည်တော့ မသိ၊ အများပရိသတ်ကတော့ အမွှေးတိုင်ထွန်းညှိရာမှ ထွက်လာသော မီးခိုးငွေ့ပေါင်းစုံကို ရှူရရှိုက်ရလေ၏။ အခန်းအတွင်း၊ ကားအတွင်း အနံ့ဆိုးပျောက် စေရန် ဖျန်းကြသော အဲဖရက်ရှင်နာဘူးများမှာလည်း စင်စစ် တော့ ဓာတုငွေ့များကို သိုလှောင်ထားခြင်းပင်။ ထိုဘူးတို့ကို ဈေး ကြီးပေးဝယ်ပြီး ဖျန်းကြခြင်း၊ အမွှေးတိုင် တလူလူထွန်းကြခြင်း ဖြင့် လူတို့၏အဆုတ်အတွင်းသို့ ဓာတုငွေ့မျိုးစုံသက်ဆင်းကြ လေ၏။ လူသုံးများ ဓာတုဓာတ်ဆီကို ရေချိုးဟု သီချင်းဖွဲ့ရေးဆိုသော ဒုက္ခသီရိတွင်ဆီအသုံးများသည်မှာ ကြာပေပြီ။
ပဲဆီသန့်တံဆိပ်ကပ်ပုလင်းများကို ဌာနဆိုင်ရာက စစ်ဆေးရာတချို့မှာ စားအုန်းဆီသာဖြစ်သည်ဟု ဓာတ်ခွဲခန်းအဖြေတို့က ဆိုသည်။ ပဲဆီနံ့ထွက်ရန်အလို့ငှာ ဓာတုပစ္စည်း ထည့်သွင်းရသော ဟူ၏။ ဤသို့ဖြင့် ဓာတုဓာတ်သည် ဆီသုံးများ လူတန်းစားအသီးသီး၏ ဗိုက်ထဲသို့ အပေါက်ရှာပြီး တစိမ့်စိမ့် စီး ဝင်၏။ မစားရ မနေနိုင်သော၊ ဟင်းချက်တိုင်း ထည့်ရသော ဟင်း ချိုမှုန့်သည်လည်း ဓာတုဗေဒဓာတ်ပေါင်းစုဟု ဆိုရမည်။
ထို့ကြောင့် ဓာတုဗေဒဓာတ်များသည် အချိုမှုန့်စွဲ စားသုံး သူတို့၏ ရိုးတွင်းခြင်ဆီအတွင်း နေ့စဉ် စိမ့်ဝင်နေသည်ဟုဆိုလျှင်မှားမည်မဟုတ်။ကျား၊မမရွေးအားပေးနေကြသောကွမ်းလည်းဓာတုပစ္စည်းအမျိုးအမည်အတော်များများပါဝင်လိမ့်မည်။ ကွမ်းသီး အရသာထူး၊ နူးညံ့စေရန် စိမ်သည့်ရေထဲတွင်လည်း ဓာတုဗေဒဆေးခတ်ရသည်။ ထို့ကြောင့် ဓာတုဓာတ်သည် လူမသိ သူမသိ လူသုံးများလှ၏။
ငါး၊ ပုစွန် ကြာရှည်ခံတဲ့နည်း
ငါး၊ ပုစွန်တို့ကို ရေခဲသေတ္တာထဲ မထည့်ဘဲ လမ်းဘေးဈေး ဗန်းထဲ ခင်းရောင်းသူအများအပြားရှိသည်။ ရောင်းကုန်တွေ ပုပ် သွားတော့မှာပဲဟု ထင်ကြမည်။ မပုပ်ရေးချ မပုပ်ပေ။ သို့ဆိုလျှင် ဒုက္ခသီရိတွင် ရာသီဥတုအေးသောကြောင့် ငါး၊ ပုစွန်တို့ ကြာရှည် အထားခံသလောဟု မေးစရာ ရှိလာသည်။ ဤသို့လည်း မဟုတ်။
ဒုက္ခသီရိသည် အီကွေတာနှင့် နီးသဖြင့် အပူပိုင်းတိုင်းပြည်ဖြစ် သည်။ ဆောင်းရာသီရောက်လျှင်ပင် အေးလှသည် မဟုတ်။ အနွေးထည်လည်း ဝတ်စရာ မလို။ နာမည်ကျော် မော်ကွန်း မဂ္ဂဇင်းမှ ဝိုင်းတော်သားတို့ဆိုလျှင် ၎င်းတို့ဝယ်ထားသည့် အနွေး ထည်များ ဆောင်းရာသီတွင် ထုတ်ဝတ်ပြီး ဖက်ရှင်ကျကျ လမ်း သလားရန် အခြေအနေမပေးသဖြင့် အခက်တွေ့နေကြသည်။ ရာသီဥတုကိုသာ သူတို့ကျိန်ဆဲကြသည်။ ဤမျှအထိ အပူကဲသော ဒုက္ခသီရိဖြစ်သည်။
အပူပိုင်းဒေသ ဒုက္ခသီရိတွင် ငါး၊ ပုစွန် ကြာရှည်ခံအောင် ကြံဆလုပ်ကိုင်သူတချို့ (တချို့ ) ရှိသည်။ ၎င်းတို့၏ နည်းလမ်းမှာ ငါး၊ ပုစွန်တို့ ကြာရှည်အထားခံ၊ မပုပ်မသိုးစေရန် ဓာတုဗေဒ ဆေးစိမ်ခြင်း၊ ဆေးထိုးခြင်းပင်တည်း။ ဤသို့ဖြင့် ငါး၊ ပုစွန်တို့မှာ ဈေးဗန်းထဲတွင် လတ်ဆတ်ဟန် ပြနေလေတော့သည်။
”ငါးစိမ်းသည်ဗန်းထဲက ဟာတွေ စိတ်မချရဘူး၊ ပုစွန်ခြောက်၊ ငါးခြောက်တို့စားမှပဲ ဟန်ကျလိမ့်မယ်”ဟု ကျန်းမာရေး ဂရုစိုက်သူတို့က ဆိုသည်။ အနှီယူဆချက်မှာလည်း အာမခံချက် သိပ်မရှိပေ။ အဘယ်ကြောင့်ဆိုမူ ဈေးကွက်ရောက် ပင်လယ်စာ တို့တွင်လည်း ဓာတုဗေဒဆေး ပါဝင်နေသောကြောင့်ပင်တည်း။ ငါး၊ ပုစွန်တို့ စားသုံးသူပါးစပ်ထဲ မရောက်ခင် မပုပ်မသိုးရေး၊ ပိုမို ကြာရှည်ခံစေရေးအတွက် ဆေးသုံးသကဲ့သို့ အရောင်တောက်ပ စေရေးအတွက်လည်း ဓာတုဗေဒ ဆေးဆိုးရသည်။ စားသုံးသူတို့က အရောင်လှလှ ကြိုက်တတ်သောကြောင့် ထုတ်လုပ်သူများ ကလည်း သူတို့အကြိုက် အလိုက်ဆောင်ကြခြင်းပင်။ ဤနည်းဖြင့် ဖြူဖပ်ဖြူရော်နှင့် ဝါကြင့်ကြင့်ပုစွန်ပိစိကွေးတို့မှာ လိမ္မော်ရောင် ရင့်ရင့် ဖြစ်သွားကြသည်။
လက်ဖက်ရွက်ကိုလည်း အလားတူ ဆေးဆိုးကြသည်။ သို့ သော်လည်း ဤကိစ္စမှာ မကြာသေးမီနှစ်များအတွင်း အုတ်အော် သောင်းတင်းဖြစ်သွားပြီး ဌာနဆိုင်ရာက အရေးယူအော်ချက် ထုတ်သဖြင့် လက်ဖက်တွင် ဓာတုဆိုးဆေး အလွန်အကျွံသုံးခြင်း ဘရိတ်အုပ်ပြီဟု ယူဆရသည်။ ဆိုးဆေးအကြောင်း များများ ရေးသားထုတ်လွှင့်သည့် စာနယ်ဇင်းများကို ကျေးဇူးတင်ရမည်။ သို့သော်လည်း သကြားညိုကို မဖြူဖြူအောင် ဆေးဆိုးခြင်း၊ မျှစ်ကို အဝါရင့်၊ အနီရင့်ဖြစ်ရန် ဆေးဆိုးခြင်းများ၏ နောက်ဆက် တွဲအခြေအနေအကြောင်းကို စာနယ်ဇင်းတို့ ရေငုံနှုတ်ပိတ်နေပြီး စီးပွားဖြစ် ငြိမ်းချမ်းရေးဖော်ဆောင်မှုအကြောင်းကိုသာ အသား ပေးကြလေသည်။
အစိုးရကလည်း ကျန်းမာရေးလုပ်ငန်းကို ကြပ်ကြပ်မတ် မတ် မဆောင်ရွက်နိုင်ချေ။ တိုင်းပြည်အသုံးစရိတ် ခွဲဝေတိုင်း စစ် ရေးအတွက် ဦးစားပေးနေရသဖြင့် ကျန်းမာရေးသည် နောက်ဆုံး ဦးစားပေးဖြစ်လာသည်။ စစ်ရေးဆိုသော်လည်း ပြည်ပရန် ကာ ကွယ်ရေး မဟုတ်၊ ကိုယ့်အချင်းချင်း သတ်ဖြတ်သော တိုက်ပွဲများ သာတည်း။
ချစ်သူများနေ့နှင့် ဓာတုဆီ
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံမျိုးစုံတို့ အထွက်နှုန်း ကောင်းမွန်၊ ကြီးထွားမြန်ကြခြင်းမှာ မြေသြဇာ၊ ဖျန်းဆေး၊ ပိုး သတ်ဆေး စသည့် ဓာတုဗေဒဆေးတို့ ဗုံးပေါလအောသုံးခြင်း၏ကျေးဇူးပင်။
အကြီးစားစိုက်ပျိုးရေးသမားတို့သည် ပန်းမျိုးစုံကိုပင် ဆေးထိုးကြကုန်၏။ ပန်းတို့ကို ပါးစပ်ထဲ မထည့်ကြသဖြင့် အန္တရာယ်ကင်းပြီဟု မယူဆသင့်။ ဓာတုဓာတ်ပေါင်းစုတန်ခိုးဖြင့် ဖူးပွင့်လန်းဆန်းသော အနှီပန်းတို့ကို နေ့စဉ် ရောင်းဝယ်သူတို့ ဓာတုအဆိပ်သင့်နိုင်ပုံ၊ ဘုရားပန်းအိုးထဲမှ ရေတွင် ဓာတုအဆိပ် ဓာတ်တို့ ပျော်ဝင်နေပုံတို့ကို မော်ကွန်းမဂ္ဂဇင်းတွင် ဆောင်းပါး ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။
မော်ကွန်း၏ ဖော်ထုတ်ချက်ကြောင့် ဖေဖော်ဝါရီလ ချစ်သူ များနေ့တွင် ပန်းလက်ဆောင်ပေးတတ်သူများပင် လက်တွန့်သွား ကြသည်။ ယမန်နှစ်ချစ်သူများနေ့တွင် ပန်းလက်ဆောင် မရသည့် ရည်းစားစိတ်ကောက်သည့်ဖြစ်ရပ်နှင့် မော်ကွန်းမဂ္ဂဇင်း သတင်း ထောက်တစ်ဦး ကြုံတွေ့ ခဲ့ရသည်။ သတင်းထောက်က ရည်းစား ကို ထိုဆောင်းပါးပြပြီး ပန်းတို့၏အ္တနရာယ်အကြောင်း ရှင်းပြကာ ချော့မော့နှစ်သိမ့်ခဲ့ဖူးသည်။
တကယ်တော့ ထိုသတင်းထောက်မှာ ကျန်းမာရေးဂရုစိုက်သူမဟုတ်၊ ဓာတုဗေဒဆေးကို ကြောက်ရကောင်းမှန်း သိသူ လည်း မဟုတ်ချေ၊ သူ့ရည်းစားကို ပန်းဝယ်ပေးဖို့ မေ့လျော့သွားခြင်းသက်သက်သာဖြစ်သည်။ သို့သော် သူအပြောကောင်းသဖြင့် ထိုနှစ်က သူတို့၏ချစ်သူများနေ့ သာသာယာယာ ဖြစ်ခဲ့သည်။
ယခုနှစ် ချစ်သူများနေ့ကတော့ နိုင်ငံအနှံ့အပြားမှ ချစ်သူ များအတွက် သာသာယာယာမဖြစ်ချေ။ အဘယ်ကြောင့်ဆိုသော် ချစ်သူစုံတွဲများ အတူစားလေ့ရှိသည့် အကြော်စုံ၊ ကိုရီးယားကင်၊ ဝက်သားတုတ်ထိုးတို့၏ တွဲဖက်တို့စရာအချဉ်ရည်တွင် ပါဝင် သော ငရုတ်ဆီ နီရဲရဲနှင့် ပတ်သက်ပြီး ကြောက်လန့်စရာသတင်း များ ထွက်ပေါ်နေခြင်းကြောင့်ပင်။
ငရုတ်ဆီထုတ်လုပ်သည့် စက်ရုံတစ်ခုကို ရှောင်တခင် ဝင် ရောက်စစ်ဆေးစဉ် ထိုစက်ရုံတွင် ငရုတ်ဆီဆိုသော်လည်း ငရုတ် သီးမပါ၊ ခရမ်းချဉ်သီးလည်း မပါဝင်၊ ဓာတုဗေဒပစ္စည်းပေါင်းစုံသာ ပါဝင်သည်ကို တွေ့ရလေသည်။ ငရုတ်ဆီမဟုတ်၊ ဓာတုဆီဟုပင် ဆိုနိုင်သည်။ ဓာတုဆီကို သံချေးတက်နေသည့်ကန်အတွင်း ဖော်စပ် ကျိုချက်နေပုံကိုလည်း စစ်ဆေးသူတို့က မှတ်တမ်းတင်ထား ရာ ထိုပုံတို့ကို ကြည့်ပြီး အံ့သြထိတ်လန့်ကြသည်။ အံ့သြသည်မှာ လည်း ခဏတာပင်။
အကြော်စုံ၊ ကိုရီးယားကင်၊ ဝက်သားတုတ်ထိုးတို့ကို ဇာစ် မြစ်မရေရာသော ငရုတ်ဆီနှင့် တွဲဖက်သုံးဆောင်မှုက အရှိန် လျော့မသွားပေ။
ဆန်ရေစပါးမှာ ဓာတုဓာတ် ကင်းရဲ့လား
ဒုက္ခသီရိသည် ဆန်စပါး အထူးပြုစိုက်ပျိုးသောနိုင်ငံဖြစ် သည်။ စပါးအထွက်တိုး၊ ပိုးသေစေရန်အလို့ငှာ ဓာတုဆေး ပုံမှန် သုံးသူ အများအပြားရှိလေသည်။ ထိုစပါးကို ကြိတ်ခွဲအသွင် ပြောင်းရာတွင်လည်း ဓာတုဆေးသုံးမှု ခေတ်စားလှသည်။ ဓာတု ဆေးသုံးနိုင်မှ ဆန်ဖြူဖြူက ပိုဖြူမည်၊ ရောင်းပန်းလှမည်ဟူ သတည်း။
”ဘယ်အစားအစာမဆို ဓာတုဗေဒနိုင်းချင်း ပါနေတော့ မစားတော့ပါဘူး၊ ရေပဲသောက်ရင် ကောင်းမယ်ထင်တယ်”ဟု မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာတစ်ယောက်က ပြောသည်။
မော်ကွန်းမဂ္ဂဇင်းရုံးခန်းတွင် ဝယ်သောက်နေကြသော ရေဘူးများမှာ နေရောင်အောက် မည်မျှကြာအောင် ပစ်ထားသည် ကို မည်သူမျှ မသိ။ ရေပုလင်း နေပူထိလျှင် ပလတ်စတစ်မှ ဓာတု ဗေဒဓာတ်အသီးသီး ရေထဲ မည်မျှရောက်မည်ဆိုသည်မှာလည်း ခန့်မှန်းရခက်သည်။ ထွင်းဖောက်မြင်ရသည့် ပလတ်စတစ်ပုလင်း အကြည်က ဒုက္ခများစွာ မပေး၊ ပုလင်းအကြည် မဟုတ်လျှင်တော့ အပူဒဏ်ခံရလျှင် ဓာတုအဆိပ်ဓာတ်ပေးလိမ့်မည်။
”ရေသောက်မနေနဲ့တော့ကွာ၊ အရက်ပဲ သောက်ကြစို့”ဟု အယ်ဒီတာ နောက်တစ်ယောက်က မှတ်ချက်ပေးသည်။ ဒုက္ခ သီရိ၏ ပြည်တွင်းဖြစ်အရက်များ မည်မျှပင် တံဆိပ်လှလှကပ် ထားသော်ငြား ဓာတုပစ္စည်း ဗရပွပါဝင်မည်မှာ သေချာလှသည်။
ထို့ကြောင့် ဘာဟင်းမှမစား၊ ထမင်းကိုသာ သီးသန့်စား သည်ဖြစ်စေ၊ သောက်ရေသန့်၊ အရက်သန့်တို့ကိုသာ သောက် သည်ဖြစ်စေ ဓာတုဓာတ်ကင်းမည်မဟုတ်ဟု ဆိုရပေမည်။
ကလေးများအတွက် ဓာတုဗေဒဆေး
ဆိုခဲ့သည်တို့မှာ ဒုက္ခသီရိ၏ အစားအစာ အခြေအနေများ ဖြစ်သည်။ စားသုံးသူတို့ စားကြသောက်ကြသည့်အထဲ ဓာတုဓာတ် ဖောချင်းသောချင်း ပါဝင်နေသည်မှာ ထိတ်လန့်ဖွယ် ကောင်းလှသည်။
အစားအစာထုတ်လုပ်သူတချို့ကမူ လူဦးရေအများအပြား အတွက် အဆက်မပြတ်ထုတ်လုပ်ရသဖြင့် အားလုံးအတွက် အလျင်မီစေရန် ဓာတုဗေဒဆေးမျိုးစုံ သုံးစွဲရသည်ဟု ဆင်ခြေ ပေးကြ၏။ တချို့ကလည်း ”လူတွေက အရောင်ကြိုက်တယ်လေ၊ သူတို့အကြိုက် လှလှလေးဖြစ်အောင် ဆေးသုံးရတာပေါ့”ဟု ဆို၏။ ”ကြာရှည်ခံ မပုပ်သိုးအောင် ဓာတုဆေး မကူလို့ ဘာကူရ မလဲ”ဟု ငါးစိမ်းသည်တစ်ယောက်က ဘောက်ဆတ်ဆတ် ပြော ၏။ စားသုံးသူများကလည်း အချိန်မရှိ၊ ပိုက်ဆံသိပ်မရှိဟူသော အကြောင်းပြချက်ဖြင့် ဓာတုဗေဒ အစားအစာစုံကို ပက်ပက်စက်စက် သုံးဆောင်ကြ၏။
စာသင်ကျောင်းအနီးဝန်းကျင် မုန့်ဆိုင်များတွင်လည်း ကလေးကြိုက်အစားအစာများမှာ အသီးအနှံ မပါဝင်ဘဲ ဓာတု ဗေဒ ပစ္စည်းအသီးသီးသာ ပါဝင်၏။
ကလေးများစွာသည် ဓာတုဆိုးဆေး၊ ဓာတုအချိုဓာတ်၊ ဓာတုရေရှည်ခံဆေး အဖုံဖုံပါဝင်သော မုန့်မျိုးစုံကို ပုံမှန်စားပြီး ကြီးပြင်းလာကြသည်။ ကလေးများကို ဆေးရုံ၊ ဆေးခန်းသို့ အရောက်ပို့သည်မှာ ဓာတုပစ္စည်းများပင် ဖြစ်နေတတ်သည်။
ဤသို့ဖြင့် ”ဒုက္ခသီရိ မဟုတ်ဘဲ အနိစ္စသီရိဖြစ်လာတော့ မှာကို စိုးရိမ်မိတယ်”ဟု ကမ္ဘာ့ကုလသမဂ္ဂကပင် ထုတ်ဖော်ပြော ဆိုရသည့် အနေအထားသို့ ရောက်လာလေသတည်း။
ရန်လိုသော အိမ်နီးချင်းနိုင်ငံ
ဤသို့အခြေအနေဆိုးနေသော ဒုက္ခသီရိတွင် စာနယ်ဇင်း တို့ကတာဝန်မကျေကြပေ။
ဓာတုဗေဒစွဲလမ်းမှု ပြဿ နာအကြောင်း စာနယ်ဇင်းတို့ကရေးသားထုတ်လွှင့်ခြင်းမရှိဘဲ နိုင်ငံရေးအကြောင်းကိုသာ အသား ပေးကြလေ၏။
နိုင်ငံရေးအခြေအနေက အကောင်းဘက်သို့ သွားတော့ မည်လိုလို ဖြစ်နေကြောင်း စာနယ်ဇင်းတို့တွင် အကဲဖြတ် ရေးသား နေကြသည်။ တကယ်တော့ ဖြစ်ချင်သည်တို့ကို စိတ်ကူးနေကြ ခြင်းသာ။ ဒုက္ခသီရိတွင် ဒီမိုကရေစီထွန်းကားခြင်း မရှိစေရန် စစ် ခေါင်းဆောင်များ ရာသက်ပန်ထာဝရကြီးစိုးရေး အစီအစဉ်ကို အခြေခံဥပဒေတွင် ပြဋ္ဌာန်းပြီးဖြစ်၏။ ရွာသူကြီး၊ ဘုရားဂေါပက အဖွဲ့တို့မှအစ လွှတ်တော်၊ အစိုးရရုံးအဆုံး စစ်ခေါင်းဆောင်တို့က ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ပါဝင်ရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထား၏။ ရွှေရည်စိမ်ဒီမိုကရေစီကို ဖော်ဆောင် ပေးမည့် အခြေခံဥပဒေပင်တည်း။
စစ်ခေါင်းဆောင်တို့က စီးပွားရေးလည်း လုပ်သေးသည်။ဒေါ်ပိုင်အမည်ရှိ ကုမ္ပဏီကြီးထူထောင်ပြီး လုပ်ငန်းကြီးများကို အုပ်စီးထားသည်။ စစ်တပ်က နိုင်ငံရေး၊ စီးပွားရေးသောင်းကျန်း သဖြင့် စစ်ရေးတွင် အရည်အသွေးကျဆင်းသွားသည်။ သူပုန် အဖွဲ့ငယ်တို့နှင့် တိုက်ခိုက်စဉ် ထိုအားနည်းချက် ပေါ်လာလေ၏။
ဤသို့သောအခြေအနေကို အခွင့်ကောင်းယူတတ်သူမှာ အိမ်နီးချင်းနိုင်ငံဖြစ်သည်။ အိမ်နီးချင်းက ဒုက္ခသီရိကို ကျား ချောင်းချောင်းနေသည်မှာ ကြာပြီ။ ဒုက္ခသီရိစစ်တပ်က နိုင်ငံကာ ကွယ်ရေးထက် ကြက်မွေးမြူရေး (အတောင်ပါသော ကြက်ကို ဆိုလိုသည်)၊ စိုက်ပျိုးရေး၊ ဘာသာရေး စသဖြင့်သော အရေးကိစ္စ ၃၃ ပါးကိုလည်း အထူးဦးစားပေး၏။ စိုက်ပျိုးရေး မည်မျှဝါသနာ ပါသနည်းဟူမူ နိုင်ငံအနှံ့ရှိ လယ်မြေများ သိမ်းပိုက်ထားသည်ကို ကြည့်ရုံနှင့် ခန့်မှန်းနိုင်၏။
အများအမြင်တွင်တော့ နှစ်နိုင်ငံချစ်ကြည်ရေးကောင်းလှ သည်။ အိမ်နီးချင်း သူခိုး ၁ဝဝ ကျော်ကို ဖမ်းမိသော်လည်း ဒုက္ခ သီရိထောင်ထဲတွင် ဖင်ပူအောင် မနေလိုက်ရပေ။ ရက်ပိုင်းအတွင်း ပြန်လွှတ်လိုက်သည်။ သူခိုးတို့က သစ်တောအပြောင်ရှင်းသူများဖြစ်သော်လည်း စေတနာဗရပွဖြင့် ပြန်လွှတ်ခြင်းဖြစ်သည်။
ထို့ကြောင့် နှစ်နိုင်ငံချစ်ကြည်ရေးကောင်းလှ၏ဟု အများ က ယူဆကြခြင်းပင်။ အမှန်တကယ်တွင်မူ ဒုက္ခသီရိ၏ မူဝါဒမှာ သူခိုးများကို ဖမ်းရန် အဓိက မကျလှဘဲ မိမိနှင့်သဘောထားမတူ သူများထဲမှ ဆန္ဒပြသူများကိုသာ ဦးစားပေး ဖမ်းဆီးရေးဖြစ်၏။ ဤသို့ဖြင့် ပြည်ပမှ သူခိုးများကို ထောင်ထဲမထားဘဲ အိမ်အထိ ပြန်ပို့ခြင်းပင်။ ကျေးဇူးရှင်ကို ကျေးဇူးတင်တတ်လျှင် ကောင်း၏။
အိမ်နီးချင်းနိုင်ငံကား ထိုသို့မဟုတ်ချေ။ ဒုက္ခသီရိကို စစ်အင်အား သုံးပြီး အမှုန့်ကြိတ်ရန် ကြံလေသည်။
စစ်ဖြစ်ရသည်မှာ လွယ်၏။ ကနဦးတွင် အိမ်နီးချင်းနိုင်ငံက သဝဏ်လွှာတစ်စောင် ပို့လာလေသည်။ ‘အကြည်တော် ဒုက္ခသီရိ ခေါင်းဆောင်တို့ ပိုင်ဆိုင်သော ဆင်ဖြူတော်များထဲမှ တစ်ကောင် ကို ခေတ္တငှားရမ်းလိုကြောင်း’အီးမေးလ်သဝဏ်လွှာတွင် ရေး ထားသည်။
ထိုသဝဏ်လွှာကြောင့် ဒုက္ခသီရိ ဗိုလ်ချုပ်ကြီးတို့ လွန်စွာ ဒေါသူပုန်ထကြ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ ဆင်ဖြူ တော်ခရေဇီများ ဖြစ်သောကြောင့်တည်း။ ဒုက္ခသီရိခေါင်းဆောင် က ‘ငါတို့သစ်တောတွေ မင်းတို့ ခိုးဝင်ခုတ်လို့ ပြောင်သွားတာ အရေးမကြီးဘူး။ အဲဒါတွေက အနာဂတ်မျိုးဆက်တွေ ပြန်စိုက် လိမ့်မယ်။ အဲ…ဆင်ဖြူတွေကတော့ အနာဂတ်မှာ ပြန်ရမယ်၊ မရ ဘူးဆိုတာ သိပ်မသေချာတာကြောင့် ငါတို့ဆင်ဖြူတွေ မငှားနိုင် ဘူး။ ဒါပဲ’ဟု အီးမေးလ်ပြန်ကြားလိုက်လေသည်။ ခေတ္တပင် မငှားနိုင်ကြောင်း ပြန်ကြားချက်ကြောင့် အိမ်နီးချင်းနိုင်ငံ ဒေါသ ထွက်ပြီး ဒုက္ခသီရိသို့ စစ်ချီလာလေသည်။
ဒုက္ခသီရိက ပြည်သူ့စစ်မဟာဗျူဟာသုံးပြီး ကျူးကျော်စစ် ကို ခုခံသည်။ ကျူးကျော်လာသူတို့မှာ အင်အားများသည်ဟု မဆို သာ။ သို့သော်လည်း မျက်နှာဖုံးစွပ်ထားကြရုံမက လက်အိတ် လည်း စွပ်ထားကြ၏။ ထူးဆန်းလှစွာသော သေနတ်များကိုလည်း ကိုင်ဆောင်ထားကြသည်။ ကျည်ဆန်လည်း များစွာသုံးကြသည် မဟုတ်။ ဤသို့သောထိုးစစ်မျိုးက ဒုက္ခသီရိစစ်သည်တို့အတွက် အေးရာအေးကြောင်းပင်။ ကျူးကျော်လာသူမှန်သမျှကို နယ်စပ် ဘက် ပြန်ပြေးအောင် တိုက်ထုတ်ရာတွင် များစွာအားမစိုက်ရပေ။
ကျူးကျော်စစ် ရှုံးရခြင်း အကြောင်းရင်း
အိမ်နီးချင်း တိုင်းပြည်ခေါင်းဆောင်တို့မှာ ၎င်းတို့၏ထိုးစစ် အောင်မြင်ခြင်းမရှိသဖြင့် များစွာ အံ့သြကြလေသည်။ ဤတိုင်း ပြည်ကို အဘယ်ကြောင့် စစ်ရှုံးရသနည်း။ ဒုက္ခသီရိတွင် ပြည်သူ့ စစ်မဟာဗျူဟာကောင်း ရှိသည်ကိုတော့ သူတို့ သိကြသည်။ သို့သော်လည်း ထိုဗျူဟာအကြောင်းကိုမူ သူတို့ အတွင်းကျကျ မသိကြပေ။ နောက်ဆုံးတွင် ဒုက္ခသီရိမှ မျက်စိကြီး နားကြီး သတင်းထောက် ရန်လိုကျွဲကို ဖိတ်ခေါ်ကာ စစ်ရေးအခြေအနေကို အကဲ ဖြတ်ခိုင်းရန် ဆုံးဖြတ်လိုက်ကြသည်။
ဤသို့ဖြင့် ရန်လိုကျွဲလည်း နိုင်ငံခြားသို့ ပထမဆုံးအကြိမ် ရောက်ဖူးသွားလေသည်။ ခရီးရောက်မဆိုက်ပင် အိမ်နီးချင်း ခေါင်းဆောင်က ရန်လိုကျွဲကို ခေါ်ယူ တွေ့ဆုံလေသည်။
အိမ်နီးချင်းခေါင်းဆောင်။ ။ ငါတို့ကောင်တွေ မင်းတို့နိုင်ငံထဲ ဝင် တိုက်တာ ခွေးပြေးဝက်ပြေး ပြေးလာရတယ်။ အဲဒါဘာကြောင့် လဲ။ မင်းတို့မှာ စစ်နိုင်တဲ့ ဂါထာတွေ၊ အဆောင်လက်ဖွဲ့တွေ ရှိလို့လား။
ရန်လိုကျွဲ။ ။ အဲဒါတွေ ရှိပါဘူးဗျာ။
ခေါင်းဆောင်။ ။ ဒါဆိုရင် မင်းတို့ပြည်သူနဲ့ တပ်မတော် အင်မတန်ချစ်ကြည်ဖြူနေတာ ဘာကြောင့်လဲ။
ကျွဲ။ ။ ချစ်ပါဘူးဗျာ။ တစ်ဖက်သတ်လည်း မချစ်ဘူး။ နှစ်ဖက် သတ်လည်း မချစ်ဘူး။
ခေါင်းဆောင်။ ။ ဟေ…မချစ်ဘူးဆိုပြီးတော့ ရှေ့တန်းမှာ အရပ် သားတွေ အများကြီးပါလားကွ။
ကျွဲ။ ။ သြော်…ဒါကတော့ဗျာ၊ ပေါ်တာဆွဲပြီဆိုမှတော့ ခေါ်ရာ လိုက်ရတော့တာပေါ့။ မချစ်သော်လည်း အောင့်ကာနမ်းဆိုတာ ဒါပေါ့ဗျာ။
ရန်လိုကျွဲ၏အဖြေကြောင့် ခေါင်းဆောင်ကြီးလည်းအံ့အား သင့်သွားသည်။ ထို့နောက် မေးခွန်းများ ဆက်တိုက်မေးပြန်သည်။
ခေါင်းဆောင်။ ။ ဟေ…ဒီလိုဖြစ်ရပ်မျိုး ရှိသလား။ ဟုတ်ပြီလေ၊ ဒါဆိုရင် မင်းတို့ဆီက ပြည်သူ့စစ်မဟာဗျူဟာကြီး သုံးတယ်လို့ သိရတယ်။ အဲဒီဗျူဟာ အတော်လေး အစွမ်းထက်ဆိုပဲ။ အဲဒီ ဗျူဟာက ဘာလဲ။ မင်း ဘယ်လောက် သိထားသလဲ။
ကျွဲ။ ။ ပြည်သူ့စစ်မဟာဗျူဟာကြီးဆိုတာ တခြားဟုတ်ရိုးလား၊စောစောကပြောတဲ့ အရပ်သား ပြည်သူတွေကို ပေါ်တာဆွဲပြီး ရှေ့တန်းမှာ ခိုင်းစားတာကို စကားလုံးလှလှ သုံးထားတာပါပဲ။
ခေါင်းဆောင်။ ။ ဟုတ်ပါ့မလားကွ။ အဲဒီ ပေါ်တာဆိုတဲ့ကောင် တွေကလည်း ငါတို့ရဲ့လက်နက်ဒဏ်ကို ကောင်းကောင်းခံနိုင်ရည် ရှိနေပါလားကွ။ စစ်သားတွေ ခံနိုင်ရည်ရှိတာကတော့ ထားပါ တော့၊ စစ်သားဆိုတော့ ခံစစ်အတွက် ကောင်းကောင်းပြင်ဆင် ထားပါလိမ့်မယ်။ အရပ်သားတွေ ခံနိုင်ရည်ရှိတာကတော့ အံ့သြ သကွ။
ဤတွင် အံ့သြရသူမှာ ကျွန်ုပ် ရန်လိုကျွဲဖြစ်လေသည်။ ပေါ် တာများက သူတို့ပစ်သော လက်နက်ဒဏ်ကို ခံနိုင်ရည်ရှိသည် ဆိုခြင်းမှာ လုံးဝမဖြစ်နိုင်ပေ။ ပေါ်တာဆိုသည်မှာ ကျည်ကာအင်္ကျီ မပြောနှင့်၊ ဖိနပ်ပင် ဝတ်ချင်မှ ဝတ်ရတတ်သည်မဟုတ်လော။ ကျည်ဆန်မတိုးသည့် အင်းအိုင်ခါးလှည့်လက်ဖွဲ့တို့ ဆောင်ထား သောကြောင့်လော။ ကျူးကျော်သူတို့ မည်သည့်လက်နက်သုံး သနည်း။ သုံးသည့်လက်နက်က သားရေပင်တော့ မဖြစ်တန်ရာ။
ကျွဲ။ ။ ခင်ဗျားတို့က ဘယ်လိုလက်နက်မျိုး သုံးလို့လဲ။
ခေါင်းဆောင်။ ။ အင်း…မင်းကို အလွတ်သဘော ပြောပြရဦးမယ်။ ငါတို့သုံးတာ ဓာတုလက်နက်ကွ။ ငါတို့စစ်သားတွေ အကုန်လုံး မျက်နှာဖုံးစွပ်၊ တစ်ကိုယ်လုံး ဂြိုဟ်သားလိုဝတ်ပြီး မင်းတို့တိုင်း ပြည်ထဲ ဝင်တိုက်တာ။ အဲဒီလို မဝတ်လို့လည်း မရဘူးလေ။ ရန်သူ ကို ဓာတုလက်နက်နဲ့ တိုက်တယ် ဆိုပေမယ့် အဲဒီလက်နက်က ပစ် တဲ့သူကိုလည်း အ္တနရာယ်ပြုတယ်ကွ။ ဒါကြောင့် အကာအကွယ် သဘော ဝတ်ထားရတယ်။ မင်းတို့ဆီက အရပ်သားရော၊ စစ်သား ရော အကာအကွယ် ဝတ်မထားပေမယ့် ငါတို့လက်နက်တွေရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိတာ ဘာကြောင့်လဲ။ ငါတို့ရဲ့လက်နက်တွေ မစွမ်းတာတော့ မဟုတ်ဘူး။ ခွေးပြေးဝက်ပြေး ပြေးလာတဲ့သူတွေ ကို ယူနီဖောင်းချွတ်ပြီး အဲဒီလက်နက်တွေနဲ့ နည်းနည်းပဲ စမ်းသပ် ပစ်ခတ်လိုက်တာ အကုန်လုံး ကိစ္စချောတာပဲ။ ကဲ… ငါတို့ကောင် တွေ သေပြီး မင်းတို့ကောင်တွေ မသေတာ ဘာကြောင့်လဲ။ ပြော မြန်မြန်ပြော။
သူ့မေးခွန်းကို ရန်လိုကျွဲ ချက်ချင်း မဖြေနိုင်။ အနည်းငယ် စဉ်းစားလိုက်သည်။ ကျူးကျော်သော သူတို့တွေ ထွက်ပြေးရခြင်းအကြောင်းရင်းကို တဖြည်းဖြည်း သဘောပေါက်သွားသည်။ သို့ သော်လည်း အမှန်အတိုင်း မဖြေဘဲ တလွဲတချော် အဖြေပေးလိုက် လေသည်။
ရန်လိုကျွဲ၏ အဖြေမှာ ‘ကျုပ်တို့ဆီမှာ သစ်ပင်တွေ ခုတ်လို့ ကုန်သလောက် ဖြစ်နေပြီ။ ခင်ဗျားတို့တောင် လာပြီး ခုတ်ကူသေး တယ်လေ။ သစ်ပင်တွေ မရှိတော့ဘူးဆိုတော့ လူတွေရဲ့ အနေ အထားက အများကြီး ပြောင်းလဲသွားတယ်။ ဘယ်လိုပြောင်းလဲ သလဲ ပြောရရင်တော့ ပြီးတော့မှာ မဟုတ်ဘူး။ အဲ…ပြောင်းသွား တဲ့အထဲမှာ ဓာတုလက်နက်တွေကို ခံနိုင်ရည်ရှိသွားတဲ့ ပြောင်းလဲ ခြင်းမျိုးလည်း ပါတာပေါ့ဗျာ။ ဟဲဟဲ… ခင်ဗျားတို့လည်း ဒီလို အပြောင်းအလဲမျိုး လိုချင်တယ်၊ ဓာတုလက်နက်ဒဏ် ခံနိုင်ရည် ရှိချင်တယ်ဆိုရင် ခင်ဗျားတို့ဆီက သစ်ပင်တွေ အကုန်လုံးခုတ် ပစ်လိုက်ပေတော့’ဟူ၍ ဖြစ်၏။
မိတ်ဆွေ စာဖတ်သူ၊ ပြည်ပမှ ကျွနု်ပ်ရန်လိုကျွဲ ပြန်ရောက် ပါပြီ။ အိမ်နီးချင်းတိုင်းပြည်ခေါင်းဆောင်ကိုလည်း သစ်ပင်ခုတ်ဖို့ အကြံကောင်းများ ပေးခဲ့ပါသည်။ သူတို့ ခုတ်၊ မခုတ်ကိုတော့ စောင့်ကြည့်ရပေတော့မည်။ ပေးခဲ့သော ထိုအကြံမှာ သောက် တလွဲဖြစ်ကြောင်းသိပါက ကျွန်ုပ်ကို ၎င်းတို့ဘလက်လစ်ထဲ ထည့်မည်မှာ သေချာလှသည်။
နိဂုံးချုပ်အနေဖြင့် ကျွန်ုပ်ပြောကြားလိုသည်မှာ ဒုက္ခသီရိ အရပ်သားများ၊ စစ်သားများ ဓာတုလက်နက်ဒဏ်ကို ခံနိုင်ရည် ရှိခြင်း၏ လျှို့ဝှက်ချက်အကြောင်းဖြစ်၏။
ဓာတုလက်နက်ဒဏ်ခံနိုင်ရခြင်း အကြောင်းရင်းမှာ ကျွနု်ပ်တို့ နေထိုင်စားသောက်သည့်ပုံစံကြောင့်ပင် ဖြစ်ပေတော့ သည်။ ကျွန်ုပ်တို့သည် ဓာတုအမွှေးတိုင်မှထွက်သည့် မီးခိုးများ ရှူရှိုက်ပြီး အိပ်ရာထကြသည်။ ဓာတုဆေးအနည်းငယ်ပါသော သရီးအင်ဝမ်း ကော်ဖီမစ်ကို ဖျော်သောက်သူသောက်၊ ဓာတ်ခွဲ ခန်းထုတ် အချိုမှုန့်အလွန်အကျွံသုံးသော နံနက်စာ စားသူစားကြ သည်။ ခံတွင်းချဉ်သည်ဆိုပြီး ကွမ်းယာဆိုင် ပြေးကြသည်။ ဤ သည်မှာ နံနက်ပိုင်းအခင်းအကျင်းဖြစ်သည်။ တစ်နေ့တာ ကျွန်ုပ် တို့၏ပါးစပ်ထဲ ထည့်လိုက်သောအရာ အများအပြားတွင် ဓာတု နည်းပညာ၊ ဓာတုပစ္စည်းအနည်းနှင့် အများ ပါဝင်၏။ ဓာတုဓာတ် သည် ကျွန်ုပ်တို့၏ကိုယ်အတွင်းသို့ တစ်နှစ်လျှင် ၃၆၅ ရက်ခန့် နည်းနည်းချင်း ဝင်ရောက်လျက်ရှိရာ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည်ဓာတုဗေဒဓာတ်ပေါင်းစုကြီး ဖြစ်လာလေသည်။ ဤသို့သော အခြေအနေကြောင့် ဒုက္ခသီရိ အရပ်သားများ၊ စစ်သားများသည် ပြည်ပကျူးကျော်သူတို့၏ ဓာတုလက်နက်ဒဏ်ကို ခံနိုင်ရည်ရှိနေရခြင်း ဖြစ်တော့သတည်း။ ။