ရန်ကုန် – ၂၀၂၅ မေ ၅ (မော်ကွန်း)
စစ်ကောင်စီဟာ အပစ်အခတ်ရပ်စဲကြောင်း တတိယအကြိမ်ထုတ်ပြန်လာတဲ့ရက်ပိုင်းအတွင်းမှာပဲ ဗန်းမော်နဲ့ သပိတ်ကျဉ်းမြို့နယ်တွေမှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတချို့ဖြစ်ပွားကာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလည်းပြုလုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့ကပြောပါတယ်။
စစ်ကောင်စီဟာ ငလျင်ဘေးကြောင့် ယာယီအပစ်အခတ်ရပ်စဲကြောင်းကြေညာချက် ဒီနေ့ မေ ၆ ရက်ကနေ ၃၁ ရက်ထိ တတိယအကြိမ်မြောက်ထပ်မံသက်တမ်းတိုးခဲ့တာပါ။
ဒီလိုကြေညာတဲ့ရက်ပိုင်းမှာပဲ နိုင်ငံတစ်ဝှမ်းမှာ တိုက်ပွဲတချို့ဖြစ်ခဲ့ပြီး ကချင်ပြည်နယ်ဗန်းမော်နဲ့ မန္တလေးတိုင်း သပိတ်ကျဉ်းမြို့နယ်တို့မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ၎င်းဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒီနေ့မနက်အစောပိုင်းကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ဖော်ဆောင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီကလည်း ဂျက်ဖိုက်တာတွေအသုံးပြုကာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗန်းမော်ဒေသခံတချို့ကပြောပါတယ်။
ဗန်းမော်ကို KIA နဲ့ တော်လှန်ရေးတပ်တွေက မြေပြင်မှာပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်ဟာ လေကြောင်းကနေပဲ စစ်အင်အားဖြည့်တင်းကာ အပြင်းအထန်တိုက်ခိုက်နေတာလို့ ဗန်းမော်ဒေသခံတစ်ဦးကပြောပါတယ်။
“လေယာဉ်ကတော့ နေ့တိုင်း နှစ်စီးသုံးစီး၊ အဲဒီလိုကို တော်တော်သုံးပြီးပစ်နေတယ်။ ဒရုန်းတွေလည်းပါမယ်ထင်တယ်။ ပစ်သံတွေကတော့ တော်တော်ကြားနေရတယ်” လို့ ၎င်းဒေသခံကပြောပါတယ်။
ကချင်ပြည်နယ်က စစ်ကောင်စီရဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အခြေစိုက်တဲ့ ဗန်းမော်ကို KIA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီး ဗန်းမော်မြို့က လေဆိပ်အပါအဝင် အရေးပါတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေ ခြေကုပ်ယူနိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ တပ်ရင်းတွေကို ဆက်လက်တိုက်ခိုက်နေတာပါ။
ဒါ့အပြင် မနေ့ကလည်း မန္တလေးတိုင်း သပိတ်ကျဉ်းမြို့နယ် တွင်းဝကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်ဟာ သပိတ်ကျဉ်းမြို့နယ်က PDF တပ်ဖွဲ့တွေ အခြေပြုထားတဲ့နေရာတွေကို လေကြောင်းကနေ ရှင်းလင်းတိုက်ခိုက်ခဲ့တယ်လို့ ၎င်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ လော်ဘီတယ်လီဂရမ်ချယ်နယ်တချို့မှာ ဒီနေ့မှာ ဖော်ပြထားပါတယ်။
အလားတူ ဒီနေ့လယ်သုံးနာရီဝန်းကျင်ခန့်ကလည်း သပိတ်ကျဉ်းမြို့နယ်က နေရာတစ်ခုကို မိတ္ထီလာလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာတစ်စင်းနဲ့ လေကြောင်းတိုက်ခိုက်သွားတယ်လို့ စစ်ကောင်စီရဲ့လေကြောင်းလှုပ်ရှားမှုကိုစောင့်ကြည့်ရေးအဖွဲ့ ဝေဟင်-WayHin ကလည်းအသိပေးထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ဆွေးနွေးပွဲပျက်ပြီးနောက် စစ်ကောင်စီဟာ မိုးကုတ်၊ နောင်ချိုနဲ့ ကျောက်မဲမြို့တွေကို လေကြောင်းကနေ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ အပစ်ရပ်ကြေညာထားပေမယ့် TNLA ထိန်းချုပ်ဒေသတွေကို စစ်အင်အားဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာတွေနဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာကြဖို့လည်း TNLA ဘက်က အသိပေးထားထုတ်ပြန်ထားပါတယ်။
ဗန်းမော်မြို့ကို လေကြောင်းကဗုံးကြဲနေတဲ့မြင်ကွင်းရုပ်သံ – ကချင်တောင်တန်း တယ်လီဂရမ်