မိုးကုတ် – ၂၀၂၄ ဇွန် ၂၆ (မော်ကွန်း)
မိုးကုတ်မြို့၊ ကျပ်ပြင်မြို့မရဲစခန်းဝန်းအတွင်းက အဆောက်အဦးတချို့ဒီနေ့ မွန်းလွဲ ၃း၃၀ ဝန်းကျင်က မီးလောင်ခဲ့ပြီးနောက် MPT ဆက်သွယ်ရေးဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေလည်းပြတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
မိုးကုတ်မြို့၊ ကျပ်ပြင်မြို့မရဲစခန်းအနီးမှာ ဒီနေ့မနက် ၈း၀၀ နာရီဝန်းကျင်ကစတင်ပြီး အာဏာသိမ်းစစ်တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး ညနေပိုင်းမှာတော့ ပစ်ခတ်သံတွေငြိမ်သွားတယ်လို့ ပန်းမရပ်ကွက်နေထိုင်သူ ကပြောပါတယ်။
“ရဲစခန်းမီးလောင်ပြီးတော့ ပစ်သံတွေငြိမ်သွားတာပဲ၊ ရဲစခန်းကိုသိမ်းရသွားပြီထင်တယ်၊ အတိအကျတော့မသိရသေးပါဘူး၊ လေယာဥ်ကတော့ဝဲနေတုန်းပဲ”လို့သူကပြောပါတယ်။
ဒီနေ့ တိုက်ပွဲအတွင်း လူနေအိမ်ပေါ်လက်နက်ကြီးကျတာကြောင့် ရပ်ကွက်တွေထဲက နေအိမ် ၁၂ လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
” MPT ဖုန်းလိုင်းတွေမရတော့ဘူး၊ MPT Wifi တွေလည်း သုံးမရတော့ဘူး၊ ခုလက်ရှိ တခြားဖုန်းလိုင်းတွေက 2G နဲ့ ဆက်သွယ်လို့ရသေးတယ်၊ MPT ကတော့ မရတော့ဘူး”လို့ ကျပ်ပြင်ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း၊ ကျပ်ပြင်ရဲစခန်းအနီးနေထိုင်သူတချို့ ဒီနေ့မနက်အစောပိုင်းမှာ အခြားမြို့ပြင်ကျေးရွာတွေဘက်ကိုတိမ်းရှောင်သွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
မိုးကုတ်မြို့၊ ဖြူရောင်စခန်း၊ဒေါ်နန်းကြည်တောင်စခန်း၊ ရွှေသာယာ၊ ဗျူဟာစခန်းကုန်းနဲ့ပန်းသပြေစခန်းတို့ကို ဇွန် ၂၆ ရက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။
အပစ်ရပ်ထားတဲ့ အာဏာသိမ်းစစ်တပ်နဲ့ TNLA တို့ဟာ ဇွန် ၂၅ ရက်မှာ ပြန်လည်တိုက်ပွဲတွေဖြစ်ပွားလာတာ အခုဆိုရင် သုံးရက်မြောက်ဖြစ်လာပါပြီ။
ဗီဒီယို – မိုးကုတ်မြို့ကျပ်ပြင်ရဲစခန်းဝန်းအတွင်းရှိအဆောက်အဦး တချို့မီးလောင်နေပုံ
ဓါတ်ပုံ – Supplied