နေပြည်တော်-၂၀၂၄ ဧပြီ ၁၁ (မော်ကွန်း)
နေပြည်တော်၊ ဧလာလေတပ်စခန်းကို ဒီနေ့မနက်အစောပိုင်း ၄ နာရီ ၄၅ မိနစ်က ၁၀၇ မမ ရှော့တိုက်ဒုံးခုနစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လေတပ်အရာရှိတချို့သေသွားသလို လေယာဉ်တစ်စီးလည်း ထိခိုက်သွားတယ်လို့ တိုက်ခိုက်ခဲ့တဲ့ Mountain Knights Civilian Defense Force-MKCDF တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“လက်ရှိ ဧလာမစ်ရှင်မှာ လေတပ်အရာရှိငါးဦး၊ ရိုးရိုးတပ်ဖွဲ့ဝင် ၁၂ ဦးသေတယ်၊ နောက် ၁၂ ဦးဒဏ်ရာရတယ်။ ဖိုက်တာလေယဥ်တစ်စင်းထိခိုက်တယ်။ စစ်ကားသုံးစီးထိခိုက်တယ်။ ပရိဘောဂပစ္စည်းအများအပြား ပျက်စီးတယ်။ အဓိကပစ္စည်းကြီးနှစ်ခု ပျက်စီးသွားတယ်လို့ အတွင်းသတင်းအရ စုံစမ်းသိရှိရပါတယ်။ ပိုမိုတိတိကျကျသိရအောင်လည်းဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်” လို့ MKCDF တာဝန်ရှိသူက ပြောပါတယ်။
လေတပ်တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုတွေနဲ့ပက်သက်လို့ မော်ကွန်းအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီကိုထောက်ခံဝါဒဖြန့်နေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဧလာလေဆိပ်တိုက်ခိုက်ခံရပေမယ့် ထိခိုက်ပျက်စီးမှုမရှိဘူးလို့ ဆိုကြပါတယ်။
တိုက်ခိုက်ခံရတဲ့ ဧလာလေဆိပ်ဟာ နိုင်ငံအနှံ့ကို လေကြောင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ရဲ့ အားထားရတဲ့ လေဆိပ်တစ်ခုဖြစ်ပြီး ကရင်နီ၊ ကရင်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကို ဗုံးကြဲတိုက်ခိုက်နေတဲ့ တိုက်လေယာဉ်တွေနားခိုရာနေရာဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာလို့ MKCDF က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံမှုနဲ့ MKCDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။
“အဓိကအကြောင်းအရင်းက နှစ်ခုပါ။ ပထမတစ်ခုက ကလးသူငယ်အပါအဝင်ပြည်သူလူထုကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကတစ်ဆင့် သတ်ဖြတ်နေတာတွေကို အဓိကလုပ်နေတာကြောင့် အဲဒါတွေကိုတားဆီးဖို့ပါ။ ဒုတိယတစ်ခုက လေတပ်ပြိုရင်ကျွန်တော်တို့တော်လှန်ရေး နိုင်ပါပြီ။ ဒါကြောင့် လေတပ်ပြိုဖို့အရေး နိုင်ရာနေရာကနေ ပူးပေါင်းပါဝင်အားဖြည့်တိုက်ခိုက်ကြဖို့ အကြံပြုလိုပါတယ်” လို့ သူကဆက်ပြောပါတယ်။
MKCDF နဲ့ BWM အဖွဲ့ဟာပြီးခဲ့တဲ့ မတ်လ ၁၅ ရက်ကလည်း တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးသုံးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့ပါသေးတယ်။
အခုလ ၄ ရက်တုန်းကလည်း နေပြည်တော် ဧလာလေဆိပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဗုံးတပ်ထားတဲ့ ဒရုန်းအများအပြားနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ-ဒီနေ့မနက်ပိုင်းက ဧလာလေဆိပ်ကို တိုက်ခိုက်ခဲ့တဲ့ ရှော့တိုက်ဒုံးများ။
Video-MKCDF