မိုးမိတ်မှာ တိုက်ပွဲတွေပြင်းထန်

မိုးမိတ်-၂၀၂၄ ဇန်နဝါရီ ၁၈ (မော်ကွန်း)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ကို ဒီနေ့မနက်ပိုင်းကစပြီး KIA, PDF ပူးပေါင်းတပ်ဖွဲ့တွေ စတင်တိုက်ခိုက်ပြီး မြို့တွင်းမှာတိုက်ပွဲပြင်းထန်နေတယ်လို့ မိုးမိတ်မြို့ခံတွေက မော်ကွန်းကိုပြောပါတယ်။

မြို့တွင်းတိုက်ပွဲအတွင်း ဒေသခံအများစု ပိတ်မိနေသလို စစ်ကောင်စီလေတပ်ကလည်း မြို့ထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

“မနေ့ညကအထိ ဘာမှမဖြစ်သေးဘူး။ မနက်ကမှ (တိုက်ပွဲ)စဖြစ်တာ။ မြို့ထဲမှာတင်ဖြစ်နေတာ။ မနက်က မြို့ထဲကို လေယာဉ်နဲ့ဗုံးကြဲတာနှစ်ခါ၊ မြို့ထဲက ဈေးနားမှာတင် PDF တွေနဲ့ စစ်တပ် အပြန်အလှန်ပစ်နေကြတာ။ မြို့ထဲကလူတွေကတော့ ဘယ်မှထွက်လို့မရတော့ဘူး။ မြို့ထဲမှာပိတ်မိနေကြတဲ့သူတွေများတယ်။ အိမ်ထဲမှာပုန်းနေရလို့ ထိခိုက်ဒဏ်ရာရတာတွေတော့ မသိသေးဘူး” လို့ မိုးမိတ်မြို့ခံတစ်ဦးကပြောပါတယ်။

မိုးမိတ်ဒေသခံအများစုဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာတော့ မြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်မှာစိုးရိမ်လို့ အခြားနီးစပ်ရာမြို့ရွာတွေကို သွားရောက်ရှောင်တိမ်းကြသူတွေရှိပေမယ့် အခုလ ၁၁ ရက်က မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အပစ်ခတ်ရပ်ပြီးနောက် ဒေသခံအများစု မြို့ထဲပြန်ဝင်လာကြတာလို့ ဆိုကြပါတယ်။

“ပြီးခဲ့တဲ့ရက်တွေတုန်းက ငြိမ်သွားလို့ အကုန်ပြန်ဝင်လာကြတာ။ အိမ်တွေဆိုင်တွေကလည်း အကြာကြီးပစ်ထားလို့မရဘူးလေ။ သူခိုးတွေပေါတယ်။ အခုမြို့ထဲမှာ ပိတ်မိနေတယ်။ ရွာတွေဘက်သွားလို့လည်း အဆင်မပြေဘူး။ မြို့ထဲက ထွက်လို့မရဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

တိုက်ပွဲတွေကြောင့် မိုးမိတ်မြို့အနီးမှာရှိတဲ့ မိုးမိတ်-မဘိမ်းကားလမ်းပေါ်က ရွှေဇာလီရွာကနေအိမ်တချို့မီးလောင်ပျက်စီးနေသလို အာသံရွာကနေအိမ်တွေလည်း မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မိုးမိတ်မြို့နယ်အနီးတစ်ဝိုက်မှာ အခုလဆန်းပိုင်းကစပြီး KIA,TNLA,ABSDF,PDFအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလ ၄ ရက်ကလည်း မိုးမိတ်မြို့အနီးက စင့်ကင်ရွာမှာ စစ်ကောင်စီတပ်တွေနဲ့ TNLA , PDF အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်လို့ မိုးမိတ်မြို့အနီးက ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

မိုးမိတ်မြို့ဟာ မိုးကုတ်မြို့ရဲ့အရှေ့မြောက်ဘက် မိုင် ၃၀ အကွာမှာတည်ရှိတာပါ။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံအနှံ့မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၆ သန်းကျော်အထိရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အခုလ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။

ပုံစာ-မိုးမိတ်မြို့တွင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်နေသံများ။
Video-စစ်ကောင်စီဝါဒဖြန့်ချန်နယ်

မိုးမိတ်မှာ တိုက်ပွဲတွေပြင်းထန် January 18, 2024
မိုးမိတ်မှာ တိုက်ပွဲတွေပြင်းထန်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."