ရန်ကုန်-၂၀၂၄ ဇန်နဝါရီ ၁၀ (မော်ကွန်း)
ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံရှေ့မှာ စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေးသမားတွေ ဒီနေ့လယ်ပိုင်းက စစ်တပ်၊ ရဲလုံခြုံရေးအင်အားအများအပြားယူပြီး မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ကို ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြတဲ့ အမျိုးသားရေးသမား မဘသတွေနဲ့ တပ်ထောက်ခံသူတွေဟာ ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကိုးကွယ်တဲ့ ဘုရားစေတီဆင်းတုဖျက်ဆီးသူတွေကို ဆန့်ကျင်ကြလို့ ရန်ကုန်မြို့တွင်း လမ်းလျှောက်ကြွေးကြော်ခဲ့ပြီးနောက် ပန်းခြံရှေ့မှာ စုရုံးဆန္ဒပြခဲ့ကြတာပါ။
“လိုင်းပေါ်က Video ထဲမှာ သူတို့(MNDAA) က ဘုရားတွေကို ဖျက်ဆီးနေကြတာ။ ဘာသာပျက်မှာစိုးလို့ အခုလိုပူးပေါင်းတာ”လို့ ဆန္ဒပြသူ တစ်ဦးကပြောပါတယ်။
လွန်ခဲ့တဲ့နှစ်ရက်က လူမှုကွန်ရက်စာမျက်နှာတွေမှာ MNDAA စစ်ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးက ကိုးကန့်ဒေသထဲမှာ စေတီတစ်ဆူကို တူနဲ့ထုရိုက်ဖျက်ဆီးနေတဲ့ ရုပ်သံတစ်ခု စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ စတင်ပျံ့နှံ့လာပြီးနောက် စစ်တပ်ထောက်ခံတဲ့ အမျိုးသားရေးသမားတွေက မန္တလေး၊ ရန်ကုန်စတဲ့ မြို့ကြီးတွေမှာ လုံခြုံရေးအပြည့်နဲ့ ဆန္ဒပြခဲ့ကြတာပါ။
ဘုရားစေတီကို ဖျက်ဆီးခဲ့သူကို MNDAA စစ်ရေးကော်မတီက အရေးယူမယ်လို့ စာထုတ်ပြန်ထားပြီး လက်အောက်ငယ်သားရဲ့ တပ်စည်းမျဉ်းစည်းကမ်းညံ့ဖျင်းမှုနဲ့ အရည်အချင်းမရှိလုပ်ဆောင်မှုအတွက် လွန်စွာတောင်းပန်တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင် MNDAA အနေနဲ့ ဘာသာရေးကိုးကွယ်မှုကို လေးစားလိုက်နာပြီး ဘာသာရေးဆန့်ကျင်တာနဲ့ ဘာသာရေးအဆောက်အဦတွေကို ဖျက်ဆီးဖို့အမိန့်ပေးမထားသလို အကာအကွယ်ပေးဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ဘာသာတရားကို ကာကွယ်စောင့်ရှောက်ဖို့ ပြည်သူတွေအနေနဲ့ လုံခြုံရေး၊ ကာကွယ်ရေးစနစ်တွေမှာ ပါဝင်ကြဖို့ သူတို့ရဲ့ဝါဒဖြန့်သတင်းစာမှာ မနေ့က ပြောဆိုထားပါတယ်။
ရန်ကုန်မြို့တွင်း ဆန္ဒပြသူတွေအနီးမှာ အရပ်ဝတ်စစ်ကောင်စီတပ်သားတွေ၊ ယူနီဖောင်းဝတ်စစ်သားတွေနဲ့ ရဲအင်အား အများအပြားက လုံခြုံရေးယူထားပြီး ကားတွေနဲ့ကင်းပတ်သလို ဗန္ဓုလပန်းခြံအနီးပတ်လည်နဲ့ ပန်းဆိုးတန်းလမ်းမှာလည်း လုံခြုံရေးအများအပြားယူပေးထားပါတယ်။
အဲဒီ့အပြင် ဆန္ဒပြသူတွေစုရုံးတဲ့နေရာအနီးက ဗန္ဓုလပန်းခြံလမ်းထိပ်မှာလည်း အိမ်စီးကားတွေကို တားဆီးစစ်ဆေးတာတွေလည်း လုပ်ဆောင်ခဲ့တာကြောင့် ရန်ကုန်မြို့တွင်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
ပုံစာ – ရန်ကုန်မြို့လယ်တွင် ဘာသာရေးမှိုင်းတိုက်ဆန္ဒပြပွဲများပြုလုပ်နေကြသော တပ်ထောက်ခံသူများ
ဗီဒီယို- မော်ကွန်း