ရန်ကုန်- ၂၀၂၃ ဒီဇင်ဘာ ၆ (မော်ကွန်း)
မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့တော် ရန်ကုန်မှာတင် စက်သုံးဆီဈေးဟာ မကြုံစဖူး အမြင့်ဆုံးကိုရောက်ရှိနေသလို လိုသလောက်လည်း ဝယ်မရတော့ပါဘူး။ တရှိန်ထိုးတက်လာတဲ့ စက်သုံးဆီ ဈေးနှုန်းအောက်မှာ ကားတရုန်းရုန်း၊ မီးစက်သံတစ်ဝုန်းဝုန်းနဲ့ ရန်ကုန်ဟာပွက်လောရိုက်နေပါပြီ။
နာရီနဲ့ချီတန်းစီဝယ်မှ တချို့အရောင်းဆိုင်တွေက ယာဉ်တစ်စီးအတွက် ကျပ်နှစ်သောင်း၊ သုံးသောင်းဖိုးလောက်သာ ရောင်းပေးတာပါ။ ဒီပမာဏက ၁၀ လီတာ မပြည့်ပါဘူး။ နိုဝင်ဘာလအကုန်မှာ အောက်တိန်း 95 တစ်လီတာကို ကျပ် ၂,၃၀၀ ရှိနေရာကနေ ဒီဇင်ဘာလဆန်းမှာတော့ တစ်ရက်အတွင်း ၂,၆၄၀ ထိ ကျပ်သုံးရာကျော်ခုန်တက်သွားတာပါ။ ဒါ့အပြင် လိုတဲ့စက်သုံးဆီအမျိုးအစားကို ရတာမျိုးမဟုတ်ဘဲ ဆိုင်မှာရှိတဲ့ဆီကို ရသလိုထည့်ကြရတာမျိုးပါ။
ယခင်ကဆို ရန်ကုန်မြို့ရဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာသာ ရှုမျှော်မဆုံးတန်းစီနေတဲ့ ယာဉ်တန်းတွေကို တွေ့ရတတ်ပေမယ့် အခုတော့ ဆီဖြန့်ဖြူးတဲ့ ပင်းရင်းဌာနေ သီလဝါဆိပ်ကမ်းက ဆီသိုလှောင်ကန်တွေမှာကို မျက်စိတစ်ဆုံး၊ အမျှင်မပြတ်အောင် ဆီသယ်ဘောက်ဆာယာဉ်တွေ တန်းဆီနေတာကို မြင်လာရတာပါ။
စစ်တပ်အာဏာသိမ်းထားတာ သုံးနှစ်နားကိုကပ်လာချိန်မှာ အခုကြုံနေရတဲ့ စက်သုံးဆီ ပြတ်လပ်၊ ရှားပါးမှုက အဆိုးဆုံး အခြေအနေတစ်ခုလို့လည်း ပြည်သူတွေက ရှုမြင်ကြပါတယ်။
အကျိုးဆက်ကတော့ ကဏ္ဍနယ်ပယ်စုံကို ထိခိုက်စေတာပါပဲ။ ရပ်ကွက်ထဲက ပဲပြုတ်သည်ကစပြီး မြို့လယ်ကောင်ကွန်ဒိုမှာ ကုမ္ပဏီဖွင့်ထားသူအထိ အားလုံးခံကြရမှာမျိုးပါ။ အခုလို မိုးစပါးရိတ်သိမ်းချိန်၊ ဆောင်းသီးနှံထွန်ယက်ချိန်မှာ စက်သုံးဆီဈေးခုန်တက် လာတာကတော့ လူထုရဲ့အစာကွင်းဆက်ကိုပါ ထက်မံထိုးနှက်မယ့် စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်က တောင်သူဦးဌေးအောင်ဆိုရင် အခုရက်ပိုင်း တရှိန်ထိုးတက်နေတဲ့ စက်သုံးဆီဈေးကို ကြည့်ရင်း ရင်တမမနဲ့ နေရသူပါ။
“ ကုန်ကျစရိတ်တွေ တက်သွားတာပေါ့။ ဝင်ငွေတော့ ပိုနည်းသွားတယ်။ ကျဆင်းသွားတယ်။ ခါတိုင်း တစ်ဧကကို စိုက်စရိတ်က လေးသိန်းလောက်ကုန်တာ၊ အခုက ဒီနှစ်မှာ တစ်ဧကကို ခြောက်သိန်းလောက်ကုန်သွားတယ်” လို့ စိုက်ပျိုးထားပြီးဖြစ်တဲ့ သူ့ပဲတီစိမ်းခင်းရဲ့ ကုန်ကျစရိတ်ကို ပြောပြတယ်။
စက်သုံးဆီဈေးတက်နေတော့ ဒီနှစ် သူအခင်းတွေကို ထွန်ယက်စဉ် ပေးရတဲ့နှုန်းက တစ်ဧကကို ထယ်ရေးတစ်လွှာ သုံးသောင်းကျပ်ပါတဲ့။ ဒါက ကုန်ခဲ့တဲ့ ရာသီကထက် စရိတ်နှစ်ဆတက်လာတာလည်း ဖြစ်ပါတယ်။
စိုက်ပျိုးထားတဲ့ သီးနှံရဲ့ ဈေးကွက်က မရေမရာဖြစ်နေချိန်မှာ စက်သုံးဆီဈေးတက်တာက ဦးဌေးအောင်ကြုံရသလိုပဲ အခြား သိန်းနဲ့ချီတဲ့ နိုင်ငံတစ်ဝန်းက လယ်သမားတွေကို အကြပ်ရိုက်စေမှာပါ။
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်က လယ်သူမ ဒေါ်သင်းသင်းဟာလည်း ဦးဌေးအောင်လိုအဖြစ်နဲ့ ရင်ဆိုင်နေရသူပါပဲ။ သူတို့ဒေသက စပါးတစ်မျိုးကိုသာ နှစ်သီးရအောင် စိုက်တဲ့ဒေသပါ။ အခု မိုးစပါးပေါ်ချိန်မှာ ရိတ်သိမ်းခြွေလှေ့စက်ဈေးက တစ်ဧကကို ကျပ် ၁၆၀,၀၀၀ ဆိုတာ မကြုံဖူးသေးတဲ့နှုန်းထားလို့ သူက ပြောတယ်။ ကုန်ခဲ့တဲ့နှစ်က တစ်ဧက ၉၀,၀၀၀ ကျပ်သာ ရှိခဲ့တာပါ။
“အစ်မကတော့ လူငှားပြီးပဲရိတ်မယ်လို့ မှန်းတယ်။ ဒါပေမဲ့ သီးထပ်ပြန်ထွန်ရင်တော့ စက်ကတော့ ငှားသုံးရဦးမှာပေါ့” လို့ ဒေါ်သင်းသင်းက ဆိုပါတယ်။
မိုးတွင်းတုန်းက ၃၅,၀၀၀ ကျပ်သာ ရှိတဲ့ ထွန်စက်ငှားခနှုန်းထားက ဆောင်းသီးထပ်ထွန်ယက်ချိန်မှာ တစ်ဧက ၅၀,၀၀၀ ကျပ်ဖြစ်နေပြီး ကုန်ကျမယ့် စက်သုံးဆီကို လယ်ရှင်ကခံရမှာမို့ အခုလို တစ်ရှိန်ထိုးတက်နေတဲ့ ဈေးနှုန်းနဲ့ဆို မလွယ်ဘူးလို့ သူကဆိုပါတယ်။ ဒါပေမဲ့ လယ်ပဲရှိတာမို့ လယ်အလုပ်ကတော့ ရပ်မရဘူးလို့ သူက တွေးတွေးဆဆ ပြောပါတယ်။
ရန်ကုန်မှာတင် တစ်လီတာ ကျပ် ၂,၆၀၀ ကျော်ဝန်းကျင်ရှိနေတဲ့ ဓါတ်ဆီဈေးက နယ်မြို့တွေမှာ ပိုတိုးပေးပြီးဝယ်ရမှာပါ။ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေဆို ပိုလို့ဆိုးမယ့် အခြေအနေပါ။
လတ်တလော တစ်ကျော့ပြန်စစ်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာဆိုရင် ဒီဇယ်တစ်ပီပါ(ဂါလံ ၅၀)ဈေးက ကျပ် ၁၈ သိန်းနဲ့ ၂၀ ကြား ပေါက်ဈေးရှိပြီး ဝယ်လို့တောင်မရဘူးလို့ ဒေသခံတချို့က ပြောပါတယ်။
“ ဓါတ်ဆီတစ်ဗူး(တစ်လီတာ) ၉,၀၀၀ တဲ့။ မနေ့ကတည်းက ကြိုမှာထားတာ။ ဒီနေ့မှ ရမှာ။ အခုက ဒီမှာ တစ်သောင်းကျော်နေ ပြီ” လို့ ရသေ့တောင်မြို့မှာနေထိုင်တဲ့ ဦးခင်မောင်မြင့်က ပြောပြတယ်။ ဒါအပြင် အခုအထိ သူ့လယ်တွေကို စက်သုံးဆီပြတ်၊ ရိတ်သိမ်းခြွေလှေ့စက် ငှားမရလို့ မရိတ်ရသေးဘူးလို့ သူက ဆိုပါတယ်။
စစ်ဖြစ်နေတဲ့ ရခိုင်မှာ ဒီလိုအဖြစ်ကိုကြုံနေရတာက သူတစ်ဦးတည်းမဟုတ်ဘဲ ထောင်ပေါင်းများစွာသော ရခိုင်လယ်သမားတွေ ရင်ဆိုင်နေရတာပါ။ စစ်ပွဲကိုအကြောင်းပြပြီး အာဏာသိမ်းစစ်ကောင်စီက လမ်းကြောင်းအားလုံး ပိတ်ဆို့ထားတာကြောင့် ပြည်နယ်တစ်ခုလုံး အတိုင်းအတာနဲ့ကို စက်သုံးဆီပြတ်လပ်၊ ရှားပါးနေတာလို့ ဒေသခံတချို့က ဆိုပါတယ်။
ဒီလ ၁ ရက်ကစလို့ ရန်ကုန်ဈေးကွက်မှာ စတင်ခုန်တက်သွားတဲ့ စက်သုံးဆီဈေးဟာ အခုဆိုရင် ပြတ်လပ်၊ ရှားပါးအဆင့်ကို ရောက်လာတာပါ။ ရန်ကုန်မြို့က ကားရှိသူတချို့ ဆီရှာရင်းဆီကုန်နေတဲ့ဒဏ်ကို မခံနိုင်လို့ သူတို့ကားတွေ ထိုးရပ်ထားတာမျိုးရှိသလို ကားနဲ့ဝင်ငွေရှာပြီး မိသားစုဝမ်းရေး ဖြေရှင်းနေသူတွေဟာလည်း နေ့စဉ် စက်သုံးဆီရဖို့ ကြံဖန်ကြရင်း အကြပ်ရိုက်နေရတာပါ။
“ မနေ့က တစ်နေကုန်ဆီဆိုင် လိုက်ရှာတာ မရဘူး။ အဲဒါနဲ့ အလုပ်တွေလည်း ရပ်ထားလိုက်ရတယ်။ ပစ္စည်းသွားဆင်မယ့်ဟာလည်း မသွားလိုက်ရဘူး” လို့ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်က ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပြတယ်။ ဒီနေ့တော့ သုံးနာရီလောက် အချိန်ပေးတန်းစီပြီးတဲ့အခါ တောင်ဥက္ကလာပမြို့နယ်ထဲက စက်သုံးဆီဆိုင်တစ်ခုမှာ လိုအပ်နေတဲ့ဆီကို ရခဲ့တယ်လို့ သူကဆိုပါတယ်။
အငှားယာဉ်မောင်းတချို့ကတော့ ကားကိုလုံးဝရပ်ထားလိုက်ရတယ်လို့ပြောပါတယ်။ “မနက် ၄း၀၀ ကတည်းကတန်းစီတာ မရဘူး။ ဆိုင်တွေလိုက်ပတ်ရှာရင်းနဲ့ နေ့လယ် ၁၂း၀၀ ကျော်သွားတော့ ရပ်ထားလိုက်တော့တယ်” လို့ သာကေတက အငှားယာဉ်မောင်းတစ်ဦးက သူ့အခက်ခဲကိုပြောပြတယ်။
တရုတ်ကုန်စည်တင်သွင်းရောင်းချကြတဲ့ ကုန်သည်တချို့ကတော့ စစ်ပွဲတွေကြောင့် မူလလမ်းကြောင်းတွေ ပိတ်သွားတဲ့အခါ ကွေ့ပတ်သယ်ယူနေရကတည်းက ကုန်စည်ဈေးက တက်နှင့်ပြီးသားလို့ ဆိုပါတယ်။ အခုလို ဆီဈေးပိုတက်လာတဲ့အခါ မလွှဲမရှောင်သာ ကုန်စည်အပေါ်မှာ ဈေးနှုန်းတစ်ခုပိုတင်ပြီးသာ ရောင်းချရတော့မှာလို့ ဆိုကြပါတယ်။
ရန်ကုန်မှာတော့ စစ်ကောင်စီကန့်သတ်ထားတဲ့ ညမထွက်အမိန့်ချိန်အလွန် မနက် ၄ နာရီလောက်နေစပြီး ဆီရရှိရေးတန်းစီနေတဲ့ ယာဉ်တန်းတွေဟာ စက်သုံးဆီအရောင်းဆိုင်တွေနားမှာ တမျှော်တခေါ် တန်းစီးနေကြတာကို ဒီရက်ပိုင်းမှာ တွေ့မြင်လာနေရပါတယ်။
လူထုအတွက်အခြေခံလိုအပ်တဲ့ ဆီနှစ်ဆီ(စက်သုံးဆီနဲ့စားသုံးဆီ)ကို အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးထားပြီး စျေးကွက်ကမောက်ကမဖြစ်စေခဲ့သူတွေကို အရေးယူထားတယ်လို့ နိုဝင်ဘာနှောင်းပိုင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က သူ့အစိုးရအဖွဲ့ကိုပြောအပြီးမှာ အခုလိုစက်သုံးဆီစျေးနှုန်းတွေခုန်တက်လာတာပဲဖြစ်ပါတယ်။
စက်သုံးဆီဈေးကွက်ထဲက သတင်းအရင်းမြစ်တစ်ဦးကတော့ ဒီနေ့အထိလည်း နေပြည်တော်မှာ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးသူတချို့ဟာ စစ်ကောင်စီရဲ့ ခေါ်ယူစစ်ဆေးတာကို ခံနေကြရဆဲပဲလို့ ဆိုပါတယ်။
ဒါ့အပြင် သူတို့ရေးဆွဲထားတဲ့ စိတ်ကြိုက်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ယခင်စစ်အစိုးရတွေ အရပ်ဖက်အုပ်ချုပ်ရေးမပြောင်းခင်တုန်းက သူတို့နဲ့နီးစပ်ရာလုပ်ငန်းရှင်ကြီးတွေကို ပေးခဲ့တဲ့ ပုဂ္ဂလိကစက်သုံးဆီဆိုင်တွေကို စစ်ကောင်စီက နိုင်ငံပိုင်ပြန်သိမ်းမယ့် အစီအစဉ်အထိ ကြားနေရတယ်လို့ ၎င်းက ပြောပြပါတယ်။
ဒီပြောပြမှုနဲ့ပတ်သက်လို့တော့ မော်ကွန်းအနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။ ဒါပေမဲ့ စစ်ကောင်စီဟာ သူ့အစိုးရအဖွဲ့က အဆင့်မြင့်အရာရှိကြီးတချို့ကို ဒေါ်လာဈေးကွက် ကမောက်ကမဖြစ်မှု၊ အဂတိလိုက်စားမှုတွေနဲ့ ပြီးခဲ့တဲ့လတွေအတွင်းမှာ အရေးယူခဲ့တာတွေ ရှိပါတယ်။
ရန်ကုန်မှာ စက်သုံးဆီဈေး ခုန်တက်နေတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က အခုထိ တစ်စုံတစ်ရာ မပြောသေးပါဘူး။ ဒါပေမဲ့ မြေပြင်မှာတော့ စက်သုံးဆီဈေးတက်လာတာနဲ့အမျှ နေ့စဉ်လူမှုဘဝတွေအပေါ်မှာ သက်ရောက်နေတာပါ။
သင်္ဃန်းကျွန်းက မသီတာတို့ မိသားစုဆိုရင် အရင်တုန်းက အမျိုးသားရဲ့ လစာဝင်ငွေနဲ့ အခြေလှခဲ့ကြတာပါ။ အခုတော့ စက်သုံးဆီဈေးနဲ့အတူ ထိုးတက်လာမယ့် ကုန်ဈေးနှုန်းကို မျှော်တွေးရင်း ရင်လေးနေရတာမျိုးပါ။
“ဝင်ငွေကတော့ အမျိုးသားရဲ့ လစာတစ်ခုပဲရှိတာ။ သူ့လစာက အရင်အတိုင်းပဲ တိုးမလာဘူး။ အခုကုန်ဈေးနှုန်းနဲ့က ရတဲ့ဝင်ငွေနဲ့က ရရစားစားပဲ။ တစ်လတစ်လ ပိုလာတာမရှိဘူး။ အကြွေးမတင်အောင်ပဲ ခြစ်ကုတ်သုံးနေတာ” လို့ မသီတာက ပြော ပြတယ်။ ရတဲ့ဝင်ငွေနဲ့လောက်အောင် စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲခြို့ခြံပြီး သူကဖြေရှင်းနေတာပါ။ ဒီနှစ်တွေ အတွင်း ပြန်ကျသွားတဲ့ ကုန်ဈေးနှုန်းဆိုတာ မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။