ဒူးပလာယာ – ၂၀၂၂ ဒီဇင်ဘာ ၁၈ (မော်ကွန်း)
ကော်သူးလေ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ နယ်မြေ၊ ကွင်းကလေးကျေးရွာမှာ မနေ့က မိုင်းနင်းမိလို့ ၁၀ နှစ်အရွယ်ကလေးတစ်ဦးခြေထောက်ပြတ်သွားခဲ့ပါတယ်။
ခြေထောက်ပြတ်သွားတဲ့ စောဒူဒူးဟာ အစ်ကိုဖြစ်သူနဲ့အတူ နေထိုင်ရာ ဝက်တခုန်ရွာကနေ ကွင်းကလေးကျေးရွာမှာ ရာဘာစေးအငှါးလာခြစ်ကြတာပါ။
ရာဘာစေးခြစ်တဲ့တောထဲမှာပဲ စောဒူဒူးဟာ နင်းမိုင်းတစ်လုံးကိုနင်းမိခဲ့ပါတယ်။
“အစ်ကိုဖြစ်သူကတော့ မနင်းမိလိုက်ဘူး၊ မိုင်းဆိုတာ သိနေလို့တော့မဟုတ်ဘူး၊ သူ့ညီလေးကျတော့ နင်းမိသွားတာ” လို့ ဒေသခံက မော်ကွန်းကိုပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလက ကော့ကရိတ်-ကျိုက်ဒုံလမ်းမပေါ်မှာ တစ်ခုတည်းကျန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကျူးကျော်စခန်းတစ်ခုဖြစ်တဲ့ ကြိတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းသိမ်းပိုက်ခဲ့ပါတယ်။
ရှုံးနိမ့်သွားတဲ့အာဏာသိမ်းစစ်တပ်ဟာ အင်အားအများအပြားနဲ့ ကြိတ်စခန်းကို ပြန်လည်ဝင်ရောက်လာပြီး ရက်အနည်းငယ်နေထိုင်ကာ စွန့်ခွါသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ထွက်ခွါသွားပေမယ့် ကြိတ်စခန်းကို လာတုန်းက ကွင်းကလေးမှာထောင်ထားခဲ့တဲ့ သူတို့မိုင်းတွေ ကျန်နေနိုင်သေးတယ်လို့ မော်ကွန်းနဲ့တွေ့ဆုံတဲ့ ဒေသခံတွေက ထင်မြင်နေကြပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေကတော့ သူတို့မိုင်းတွေကို ရှင်းလင်းသွားခဲ့ပြီလို့ ဒေသခံကပြောပါတယ်။
စောဒူဒူးကိုတော့ ကော်သူးလေကျန်းမာရေးဝန်ထမ်းတွေက ရှေးဦးပြုစုပေးခဲ့ကြပြီး ဒဏ်ရာပြင်းထန်တာကြောင့် ထိုင်းနိုင်ငံကို ချက်ချင်းပို့ဆောင်လိုက်ကြပါပြီ။
ကွင်းကလေးအပါအဝင် ကော့ကရိတ်မြို့တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဖုန်းလိုင်းဖြတ်တောက်ထားတာ နှစ်လနီးပါးရှိလာပါတော့မယ်။
ဖုန်းလိုင်းဖြတ်တောက်ထားစဉ်မှာ ရွာတွေဆီလက်နက်ကြီးအမျိုးမျိုးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေနဲ့ စစ်ကြောင်းထိုးတာတွေ အာဏာသိမ်းစစ်တပ်ဘက်က တောက်လျှောက်လုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ပွါးနေပါတယ်။
ရုပ်သံမှတ်တမ်း – ဒေသခံ
#Dailynews