ကျော်မျိုးထွန်းနှင့် လင်းမြတ် ရေးသည်။
(အောက်ဖော်ပြပါ သတင်းဆောင်းပါးမှာ ၂၀၁၇ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း (အမှတ် ၄၄) တွင်ဖော်ပြပါရှိသည့် ဆောင်းပါးအား အကျဉ်းချုံ့ထားခြင်းဖြစ်သည်။)
မိုင်းလား(မတ် ၂၀၁၇)
ယခင်က ဆင်စွယ်ရလိုမှုကြောင့်သာ ဆင်များသတ်ဖြတ်ခံခဲ့ရသော်လည်း လွန်ခဲ့သောငါးနှစ်ခန့်မှစတင်ကာ သားရေနှင့်အသားတို့အတွက် ပိုမိုသတ်ဖြတ်ခံလာရသည်။ သစ်တောများ ပြုန်းတီးလာခြင်းနှင့် စားကျက်များ ပျောက်ဆုံးလာခြင်းတို့ကြောင့် ဆင်နှင့် ဒေသခံလူများ ပဋိပက္ခများဖြစ်ပွားလာခြင်းကလည်း ဆင်များကိုသတ်ဖြတ်ရန် တွန်းအားပေးသကဲ့သို့ရှိနေသည်။
အရှေ့တောင်အာရှတွင် အာရှဆင်အများဆုံးနေထိုင်ကျက်စားလျက်ရှိသည့်မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ငါးနှစ်ခန့်မှစ၍ ဆင်နှင့်ဆင်၏ခန္ဓာကိုယ်အစိတ်အပိုင်းများ တရားမဝင်ကုန်သွယ်မှုမှာ သိသိသာသာ မြှင့်တက်လာခဲ့ပြီး ဆင်များကို အရေးတကြီးကာကွယ်ထိန်းသိမ်းရန် လိုအပ်နေကြောင်း ဆင်ကျွမ်းကျင်သူများ၊ ဆင်ကာကွယ်ထိန်းသိမ်းရေး လုပ်ကိုင်နေသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြသည်။
အာဖရိကတိုက်မှဆင်များကို တရားမဝင်မှောင်ခိုကူးသည့်လမ်းကြောင်းအား အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က နိုင်ငံအချင်းချင်းပူးပေါင်း ဖမ်းဆီးလာကြသည့်အတွက် ဆင်မှောင်ခိုကူးသူများသည် “အာရှဆင်တွေဘက်ကို ခြေလှမ်းလှည့်လာတယ်” ဟု သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ဆိုသည်။
အဓိကဝယ်လက် တရုတ်ဈေးကွက်
ယခင်က ဆင်စွယ်ကိုသာအဓိကဝယ်ယူခဲ့ကြသော်လည်း ၂၀၁၃ မှစပြီး ဆင်အရေခွံခြောက်၊ နှာမောင်းနှင့် အသားတို့ကို တရုတ်နိုင်ငံမှ ဈေးကောင်းပေးဝယ်ယူလာသဖြင့့် အစွယ်မရှိသည့် ဆင်အမများနှင့် ဆင်ငယ်များကိုပါ ဖမ်းဆီးသတ်ဖြတ်လာကြသည်ဟု တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society -WCS) (မြန်မာနိုင်ငံအစီအစဉ်)မှ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးအောင်ကျော်က မော်ကွန်းကို ရှင်းပြသည်။
“တရုတ်တွေက ဆင်သားစွပ်ပြုတ်ကို တန်ဖိုးထားစားလာကြတော့ ဆင်ဦးကင်း(နဖူးနှင့်နှာမောင်းကြား)ကို ခုတ်ဖြတ်ပြီး တရုတ်ကို ပို့တာရှိတယ်။ အဲဒီစွပ်ပြုတ်တစ်ပွဲကို (ကျပ်ငွေ)သိန်းချီပေးရတယ်လို့ကြားတယ်” ဟု သူကဆိုသည်။
ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်ကတရုတ်ဈေးကွက်တွင် ဆင်ကိုအလှအပအသုံးအဆောင်များပြုလုပ်ရန်၊ ဆေးဝါးဖော်စပ်ရန်နှင့် စားသုံးရန်ဆို၍ ဝယ်လိုအားသုံးမျိုးအထိရှိနေသည်ဟု ပြောသည်။ ဝယ်လိုအား မြင့်တက်လာမှုကြောင့် တောဆင်ရိုင်းများမှာ ဆင်သတ်ဂိုဏ်းများ၏ ပစ်မှတ်ဖြစ်လာသည်ဟု သူကဆက်ပြောသည်။
မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်ရာ၌အသုံးပြုသည့် မြန်မာ့သစ်လုပ်ငန်းမှဌာနပိုင်ဆင်(အလုပ်ဆင်)၊ ပုဂ္ဂလိကပိုင်အိမ်မွေးဆင်နှင့် တောတောင်လျှိုမြောင်များတွင် သဘာဝအတိုင်းနေထိုင်ကျက်စားသည့် တောဆင်ရိုင်းဟူ၍ ဆင် အမျိုးအစားသုံးမျိုး ခွဲခြားသတ်မှတ်ထားသည်။
မြန်မာ့သစ်လုပ်ငန်းမှ ဌာနပိုင်ဆင်နှင့် ပုဂ္ဂလိကပိုင်ဆင်များမှာ ဆင်လုပ်သား၊ ဆင်ဦးစီးများခန့်ပြီး စနစ်တကျ ထိန်းသိမ်းထားသောကြောင့် တောဆင်ရိုင်းများမှာ ဆင်မုဆိုးများ၏ အဓိကပစ်မှတ်ဖြစ်လာသည်ဟု ဆင်ကာကွယ်ရေး လှုပ်ရှားနေသူတို့က ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တောဆင်ရိုင်းအများဆုံးအသတ်ခံရသောဒေသမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး တစ်နိုင်ငံလုံး တောဆင်ရိုင်းသတ်ဖြတ်ခံရသည့် အရေအတွက်၏ထက်ဝက်ခန့်မှာ ယင်းဒေသ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သစ်တောဦးစီးဌာန၏ ယခုနှစ်အစောပိုင်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခင်က အခြားဒေသမှဆင်မုဆိုးများက ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ လာရောက်ပစ်ခတ်လေ့ရှိကြသော်လည်း နောက်ပိုင်းတွင်ဒေသခံမုဆိုးများကပါလုပ်တတ်လာတာကြောင့် “ဆင်မုဆိုးတွေ ပိုများလာတယ်” ဟု ငပုတောမြို့နယ်သစ်တောဦးစီးမှူး ဦးတင်စိုးက မော်ကွန်းကို ပြောပြသည်။
ဆင်မုဆိုးများကိုသတင်းပေးရန် ပညာပေးစည်းရုံးထားသော်လည်း ဒေသခံများကိုယ်တိုင်ပါဝင်ကျူးလွန်သည့် ဆင်သတ်မှုများတွင် သတင်းရရှိရန်ခက်ခဲကြောင်း သူက ရှင်းပြသည်။
ဆင်နှင့်လူပဋိပက္ခကြောင့် ဒေသခံများကပါ ဆင်များကိုသတ်ဖြတ်ရန် အားပေးပါဝင် လာကြခြင်းကလည်း မှောင်ခိုရောင်းဝယ်မှုများကို တစ်ဖက်တစ်လမ်းမှအားပေးနေခြင်းဖြစ်သည်ဟု မော်ကွန်းနှင့်တွေ့ဆုံခဲ့ကြသူများက ပြောကြသည်။
ကျေးရွာများတွင် တောဆင်ရိုင်းများဝင်ရောက်လာပါက ရွာသားများက သစ်တောဦးစီးဌာနမှ ဆင်မောင်းအဖွဲ့ကို ခေါ်ယူ၍ မောင်းထုတ်ကြသော်လည်း ယင်းအဖွဲ့ပြန်သွားပြီး တစ်ပတ်ခန့်အကြာတွင် တောဆင် ရိုင်းများ ပြန်လည် ဝင်ရောက်လာတတ်သောကြောင့် “ ရွာသားတွေက နောက်တစ်ခါအလုပ်မရှုပ်တော့ဘဲ တစ်ခါတည်း နားအေးသွားအောင် ဆင် မုဆိုးကိုခေါ်ပြီး လက်ညိုှးထိုးပြလိုက်တယ်” ဟု ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် Smithsonian Institution (မြန်မာအစီအစဉ်)မှ မြန်မာပြည်တာဝန်ခံ ဦးအောင်မျိုးချစ်ကဆိုသည်။
တောဆင်ရိုင်းများ ဖမ်းဆီးသတ်ဖြတ်ရာတွင် တူမီးသေနတ်နှင့် အဆိပ်လူးမြားတပ် ဒူးလေးတို့ကိုသုံးစွဲလေ့ရှိကြောင်း သစ်တောဝန်ထမ်းများနှင့်ဆင်သတ်ဖြတ်ခံရမှုများကို လေ့လာစောင့်ကြည့်နေသူများက ပြောကြသည်။
မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအရ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ နှစ်ရပ်လုံးချမှတ်နိုင်သည်။
ဓာတ်ပုံ-ကျော်ဇေယျ/မော်ကွန်းမဂ္ဂဇင်း
ဆင်သင်္ချိုင်း သို့မဟုတ်မိုင်းလား
ပြည်တွင်းမှ ဆင်စွယ်များကို မိုင်းလားဒေသသို့ အဓိကတင်ပို့ပြီး ဆင်အရေခွံခြောက်၊ နှာမောင်းနှင့် အသားတို့ကို မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့ရောင်းချလျက်ရှိကြောင်းWCS မှ ဦးအောင်ကျော်ကပြောသည်။
မိုင်းလားသို့ ပြည်တွင်းမှဆင်စွယ်အပြင် အာဖရိကမှဆင်စွယ်များပါ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတစ်ဆင့် တာချီလိတ်မြို့ကိုဖြတ်ကျော်ဝင်ရောက်လျက်ရှိကြောင်း နိုင်ငံတကာ တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှု စောင့်ကြည့်ရေးအဖွဲ့ TRAFFIC ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျိုင်းတုံ-မိုင်းလားကားလမ်းပေါ်ရှိ တာပင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်ကုန်စည်များကို ရှာဖွေဖမ်းဆီးလျက် ရှိသော်လည်း မှောင်ခိုသမားများမှာ အာဏာပိုင်များလက်လှမ်းမမီနိုင်သည့် တောလမ်းများမှ သယ်ယူသွား၍သာ မိုင်းလားဈေးကွက်သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) သစ်တောဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးစိုးမြင့်သိန်းက ရှင်းပြသည်။
မော်ကွန်းက သွားရောက်လေ့လာခဲ့သည့် မိုင်းလားမြို့ရှိ တောရိုင်းတိရစ္ဆာန်အရောင်းသည့်ဆိုင်ထဲတွင် ဆင်နှင့်ပတ် သက်သည့်ထုတ်ကုန်များအပြင် အခြားတောရိုင်းတိရစ္ဆာန်များ၏ ဦးချိုများ၊ အစွယ်များ၊ အရိုးများကို အမျိုးစုံလင်စွာ တွေ့ရသည်။
တရုတ်နှင့် နယ်မြေချင်းထိစပ်နေသည့် မိုင်းလားနယ်မြေသည် တရားဥပဒေစိုးမိုးမှုနည်းပါးသည့် နယ်မြေတစ်ခု ဖြစ်ခြင်းကြောင့်လည်း တရားမဝင်ကုန်သွယ်မှုများကိုတားဆီးရန်မလွယ်ကူကြောင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ဆောင်နေသူများကထောက်ပြကြသည်။
ဆင်အရှင် မှောင်ခိုဈေးကွက်
ဆင်များကို သတ်ဖြတ်ကာ တရုတ်နိုင်ငံဘက်သို့ ရောင်းကြသလို ဆင်အရှင်များကိုလည်း ထိုင်းနိုင်ငံဘက်သို့ အ များဆုံးခိုးထုတ်လျက်ရှိသည်ဟု တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးလုပ်ဆောင်နေသူများက ဆိုပါသည်။
မြန်မာနိုင်ငံတွင် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်ကစပြီး အစိုးရက သစ်ထုတ်လုပ်မှုရပ်ဆိုင်းခဲ့သောကြောင့် သစ်လုပ်ငန်းကိုမှီပြီး ရပ်တည်နေရသည့်ပုဂ္ဂလိကဆင်ပိုင်ရှင်များမှာ ဝင်ငွေမရရှိသည့်အထဲ ဆင်ဦးစီးလခ၊ ဆင်ဆေးကုသစရိတ်တို့ အပါအဝင် ဆင်ထိန်းသိမ်းစရိတ်အဖြစ် ဆင်တစ်ကောင်လျှင် တစ်လကျပ်နှစ်သိန်းခန့် ကုန်ကျလျက်ရှိကြောင်း အိမ်မွေးဆင်ကိုးကောင်ပိုင်ဆိုင်ထားသည့် ပုဂ္ဂလိကဆင်လုပ်ငန်းရှင်ဦးဆာဒိုက မော်ကွန်းကို ပြောပြသည်။
လက်ရှိတွင် တနင်္သာရီမြို့အနီးရှိ တောတောင်ထဲတွင် ဆင်များထိန်းကျောင်းထားပြီး သစ်ထုတ်လုပ်ခွင့် ပြန်လည်ရရှိ မည့်အချိန်ကိုစောင့်မျှော်နေသူ ဦးဆာဒိုက “ မိဘလက်ထက်ကတည်းက လုပ်လာတာဆိုတော့ ကိုယ်က ထိန်းနိုင်သလောက်တော့ ထိန်းရမှာပေါ့။ မထိန်းနိုင်ဘူးဆိုရင်တော့ တစ်ခုခုတော့ စီစဉ်ရမှာပေါ့” ဟုဆိုသည်။
ထိုင်းနိုင်ငံနှင့် နယ်မြေချင်းကပ်လျက်ရှိသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်မှ အမည်မဖော်လိုသူ သစ်တောအရာရှိတစ်ဦးက သစ်ထုတ်လုပ်မှုရပ်ဆိုင်းထားသဖြင့် ဆင်ထိန်းသိမ်းစရိတ်မတတ်နိုင်တော့သည့် အိမ်မွေးဆင်ပိုင်ရှင်များ အ နေဖြင့် ၎င်းတို့၏ဆင်များကို နယ်စပ်တစ်လျှောက်ရှိ ထွက်ပေါက်များမှ ထိုင်းနိုင်ငံသို့ တရားမဝင်မှောင်ခို ခိုးထုတ်နိုင်ကြောင်း သူကသုံးသပ်ပြောဆိုသည်။
မြန်မာ့သစ်လုပ်ငန်းမှ (အငြိမ်းစား)ဆင်ဆရာဝန်ဖြစ်သူ ဒေါက်တာကိုကိုလတ်က “ချင်းရိုင်ဆင်စခန်းက ထိုင်းအမျိုးသမီးတစ်ယောက် ဒီလာတုန်းကလည်း သူရဲ့စခန်းမှာရှိတဲ့ဆင်တွေရဲ့ ၈၀ ရာခိုင်နှုန်း လောက်က ဗမာပြည်ကဆင်တွေဖြစ်တယ်လို့ သူကိုယ်တိုင်ပြောပြဖူးတယ်” ဟုရှင်းပြသည်။ မြန်မာ့သစ်လုပ်ငန်းပိုင်ဆင်များတွင် တင်ပါး၌ ကြယ်တံဆိပ်ရေးထိုးထားကြသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်သည့် Ecologist Film Unit (EFU) ၏ ၂၀၁၂ ထုတ်ပြန်ချက်တွင် တစ်နှစ်လျှင် မြန်မာနိုင်ငံမှ ဆင်အကောင် ၅၀ မှ ၁၀၀ ကြားအထိ ထိုင်းနိုင်ငံသို့ ခိုးထုတ်ခံနေရသည်ဟု ဖော်ပြ ထားသည်။
ဆင်အရှင်များကို မှောင်ခိုခိုးထုတ်ရာတွင် ထိုင်း-မြန်မာနယ်စပ်ဒေသ နှင့် တာချီလိတ်၊ မြဝတီ၊ ဘုရားသုံးဆူနှင့် ကော့သောင်းဒေသများမှ အဓိက မှောင်ခိုထုတ် ယူနေခြင်းဖြစ်ကြောင်း မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့သည့် ဆင်ကျွမ်းကျင်သူများနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။
“ကြားထဲမှာလည်း ကုန်သည်ပွဲစားလိုလိုလုပ်နေတဲ့ enthnic armred group (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း)တွေလည်း အများကြီးရှိတာကို။ ဒါတွေက တရားမဝင်ရောင်းဝယ်မှုပဲလေ” ဟု သစ်တောဦးစီးဌာနမှ အရာရှိကြီးတစ်ဦးက ထောက်ပြသည်။ (ယခုပြောဆိုမှုမှာ သူ့အတွက်အန္တရာယ်ရှိနိုင်သောကြောင့် နာမည်ထည့်မသုံးထားခြင်းဖြစ်ပါသည်။)
သာပေါင်းမြို့နယ်၊ကျောက်ချောင်းကြီးကြိုးဝိုင်းအတွင်း အသတ်ခံရသည့် တောဆင်ရိုင်းတစ်ကောင်၏ အရေခွံများကို ဖမ်းဆီးရမိစဉ်။ ဓာတ်ပုံ- သစ်တောဦးစီးဌာန
ပြည်တွင်းဈေးကွက်
ဆင်နှင့် ဆင်ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ပြည်ပသို့ တရားမဝင်ကုန်သွယ်မှုများရှိနေသလို ပြည်တွင်း၌လည်း ရောင်း ဝယ်ဖောက်ကားမှုများရှိနေကြောင်း ဆင်ထိန်းသိမ်းရေးလှုပ်ရှားနေသူများက ဆိုသည်။
ရန်ကုန်တက္ကသိုလ်မှဒေါက်တာစံပယ်မင်းဦးဆောင်သည့် သတ္တဗေဒပညာရှင်လေးဦးတို့က ပြည်တွင်း၌ ဆင်အစိတ်အပိုင်းများ တရားမဝင်ရောင်းဝယ်မှုနှင့်ပတ်သက်၍ ရန်ကုန်၊ မန္တလေး၊ ဗန်းမော်၊ ကျိုက်ထီးရိုး ဒေသများ၌ ၂၀၁၆ နိုဝင် ဘာမှ ၂၀၁၇ ဇန်နဝါရီအထိ နှစ်လအကြာ စစ်တမ်းကောက်ယူခဲ့ကြသည်။
ကမ္ဘာလှည့်ခရီးသည်များ ဝင်ထွက်သွားလာလေ့ရှိသည့် ရန်ကုန်၊ မန္တလေးမြို့ရှိ နာမည်ကြီးဘုရားများ၊ ဈေးများမှ ဘာသာရေးအသုံးအဆောင်ပစ္စည်းဆိုင်နှင့် ကျောက်မျက်အရောင်းဆိုင်အချို့တွင် ဘုရားဆင်းတု၊ ရဟန္တာဆင်းတု၊ ပုတီးစသည့်ဆင်စွယ်ပန်းပုများနှင့် လက်ကောက်၊ လက်စွပ်၊ ရင်ထိုး၊ နားကပ်၊ ဆွဲသီးများကို အဓိကထားပြီး ပေါ်ပေါ်ထင်ထင်ရောင်းချလျက်ရှိကြောင်း ဒေါက်တာစံပယ်မင်းက ပြောသည်။
“ရွှေတိဂုံဘုရားပေါ်က ဆိုင်မှာဆိုရင် ဘယ်လိုပုံလိုချင်လဲ၊ သူတို့ထုပေးမယ်လို့ပြောတယ်။ သူတို့မှာ ဆင်စွယ်အရိုင်းတွေ ရှိနေသေးတယ်” ဟု သူကဆိုသည်။
၎င်းအမှတ်တရပစ္စည်းများကို ဝယ်ယူသူအများစုမှာ တရုတ်နိုင်ငံသားခရီးသွားဧည့်သည်များဖြစ်ကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားပါသည်။
ကျိုက်ထီးရိုး၌လည်း ဆေးဖက်ဝင်သစ်ဥသစ်ဖုများ၊ တိုင်းရင်းဆေးဝါးများနှင့်တွဲပြီး ဆင်အရေခွံ၊ အမြီး၊ ဆင်အံ့၊ ဆင် ခွာနှင့်အခြားသားရဲတိရစ္ဆာန်အစိတ်အပိုင်းများကိုပုန်းလျှိုးကွယ်လျှိုးရောင်းချနေသည့် ဆိုင်အချို့တွေ့ရှိခဲ့ကြောင်း ယင်းစစ်တမ်းကောက်ယူရာတွင်ပါဝင်ခဲ့သည့် သတ္တဗေဒပညာရှင် ဒေါက်တာကြည်သာခိုင်က ပြောပြသည်။
တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေကိုမှာယူနိုင်ကြောင်း ဆိုင်ရှင်တွေကပြောတာကိုကြုံခဲ့ရတာကြောင့် “မုဆိုးနဲ့ဆိုင်ရှင်တွေကြားမှာ ဆက်သွယ်မှုတစ်ခုတော့ရှိတယ် ” ဟု ဒေါက်တာကြည်သာခိုင်က မှတ်ချက်ပေးသည်။
လက်ရှိတွင် ပြည်တွင်းဈေးကွက်၌ ဆင်စွယ်အကြီးအသေးပေါ်မူတည်ပြီး တစ်ပိသာလျှင် ကျပ်သိန်း ၂၀ မှ ၂၅ သိန်း အထိရှိကြောင်း စစ်တမ်းကောက်သူများက ဆိုကြသည်။ ရွှေတိဂုံဘုရားပေါ်ရှိ အရောင်းဆိုင်တွင် ဆင်စွယ်တစ်ပိသာလျှင် ကျပ် သိန်း ၂၀၊ မန္တလေးဘုရားကြီးရှိ ဆင်စွယ်ပန်းပုအရောင်းဆိုင်တစ်ဆိုင်တွင် ဆင်စွယ်တစ်ပိသာလျှင် ကျပ် ၂၅ သိန်း ဈေးခေါ်လျက်ရှိကြောင်း ဒေါက်တာကြည်သာခိုင်ကဆိုပါသည်။
တစ်ကမ္ဘာလုံးရှိ ဆင်စွယ်ရောင်းချမှုများ၏ ၇၀ ရာခိုင်နှုန်းကို ဝယ်ယူလျက်ရှိသည့် တရုတ်နိုင်ငံက ၂၀၁၇ အကုန်တွင် ဆင်စွယ်ရောင်းဝယ်မှုကို ပိတ်ပင်တားမြစ်မည်ဖြစ်ကြောင်း ပြီးခဲ့နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့ရာ တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့သည်။
၎င်းနှင့်ပတ်သက်ပြီး WCS မှ ဦးအောင်ကျော်က အခုလို မှတ်ချက်ပေးပါသည်။
“တရုတ်က ဆင်စွယ်မဝယ်တော့ဘူးဆိုတော့ ကျွန်တော်တို့နိုင်ငံက ဆင်ထီး(အစွယ်ပါ)တွေ သတ်ဖြတ်မှု နည်းနည်းလျော့ကျသွားမှာပေါ့။ လုံးလုံးလျားလျားကြီး လျော့ကျသွားဖို့အတွက်ကတော့ ဆင်စွယ်တင်မကဘဲ ဆင်နဲ့ပတ်သက်တဲ့ ဆင်အရိုးတို့၊ အရေခွံတို့ အားလုံးကိုပါ ပိတ်ပေးနိုင်မယ်ဆိုရင် ဆင်သတ်ဖြတ်မှုက တော်တော်လေးကို လျော့သွားမယ်”
စိန်ခေါ်မှုများ
တောထဲ၌ ဆင်သတ်ဂိုဏ်းများကို ရှာဖွေဖမ်းဆီးရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၌ လက်နက်ပါသော်လည်း ပစ်ခတ်ရန်လိုအပ်လာပါက အထက်အဆင့်ဆင့်သို့ ကျည်သုံးစွဲခွင့်တောင်းနေရသည်ကို သိရှိထားသဖြင့် ဆင်မုဆိုးများက ကြောက်လန့်မှု မရှိကြကြောင်း WCS မှ ဦးအောင်ကျော်ကပြောပြသည်။
တပ်မတော်သားများတွင် လိုအပ်ပါကယင်းသို့ခွင့်ပြုချက်တောင်းစရာမလိုဘဲ ပစ်ခတ်ခွင့်ရှိရာ တစ်ခါတစ်ရံ တပ်မတော်ကိုပါ အကူအညီတောင်းရကြောင်းနှင့် တပ်မတော်ကပါကူညီလျှင်ထိန်းသိမ်းရေးလုပ်ငန်း ပိုပြီးထိရောက်အောင်မြင်လိမ့်မည်ဟု သူကဆိုသည်။
ညွန်ကြားရေးမှူး ဦးဝင်းနိုင်သော်ကတော့ တောတောင်ထဲတွင် အချိန်ပြည့် လှည့်လည်စောင့်ကြည့်ပြီး တောရိုင်း တိရစ္ဆာန်ဖမ်းဆီးသတ်ဖြတ်မှုကို ကာကွယ်တားဆီးမည့် အထူးအဖွဲ့တစ်ဖွဲ့လိုအပ်နေကြောင်း သူကသုံးသပ်သည်။
ငပုတောမြို့နယ်သစ်တောဦးစီးမှူးဦးတင်စိုးက“ဆင်မုဆိုးနဲ့ပတ်သက်ရင် စိန်ခေါ်မှုတစ်ရပ်က ဒေသခံတွေ ကိုယ်တိုင်ကလုပ်တဲ့အတွက်ကြောင့် သတင်းရရှိမှုနည်းသွားတယ်။ တွေ့တဲ့လူတွေကလည်း သတင်းပေးရင် သူတို့ကိုအန္တရာယ်ပြုမယ်လို့ ပြောထားတဲ့အတွက်ကြောင့် မပေးရဲဘူး။ ခြိမ်းခြောက်တာပေါ့” ဟု ရှင်းပြသည်။
မော်ကွန်းက ချဉ်းကပ်ခဲ့သည့် သစ်တောဝန်ထမ်းများ၊ အရာရှိများက ဆင်အသတ်ခံရသည်ဟု သတင်းရလျှင်ပင် ချက် ချင်းသွားရောက်ဖမ်းဆီးရန် အခက်အခဲများရှိနေကြောင်း မော်ကွန်းကို ပြောပြကြသည်။
ဧရာဝတီတိုင်းဒေသကြီးမှ သစ်တောအရာရှိတစ်ဦးက “သူတို့က ကျွမ်းကျင်တဲ့အတွက် အစွယ်ထုတ်တာရော သားရေယူတာရော သုံး၊ လေးနာရီလောက်နဲ့ လုပ်နိုင်ကြတယ်။ ကျွန်တော်တို့က သစ်တောရဲ၊ နယ်မြေရဲတွေကို ချိတ်ပြီး လူစုံဖို့ဆိုရင် သုံး၊ လေးနာရီကြာတယ်။ အဲဒီအချိန်မှာ ဟိုမှာကပြီး သွားပြီလေ” ဟု ရှင်းပြပါသည်။
ထို့ပြင် သစ်တောဦးစီးဌာနတွင် မြို့နယ်တိုင်းနီးပါး၌ သတ်မှတ်ဖွဲ့စည်းပုံအတိုင်း ဝန်ထမ်းအင်အားပြည့်မီခြင်းမရှိသဖြင့် ဝန်ထမ်းအင်အားဖြည့်တင်းပေးရန်လိုနေကြောင်း သစ်တောဝန်ထမ်းများနှင့် ပြည်တွင်းမှ တောရိုင်းတိရစ္ဆာန် ကာကွယ် ထိန်းသိမ်းရေးလုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုသည်။
သစ်တောကြိုးဝိုင်း ၁၁ ခု၊ ကြိုးပြင်ကာကွယ်တော ၁၇ ခု၊ သဘာဝထိန်းသိမ်းရေးနယ်မြေ နှစ်ခုရှိပြီး အကျယ်အဝန်း ဧကနှစ်သိန်းကျော်ရှိသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် သစ်တောဦးစီးဌာန၏ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား ၂၃၃ ဦးရှိရ မည်ဖြစ်သော်လည်း လက်ရှိတွင်ဝန်ထမ်း ၁၁၃ ဦးသာရှိကြောင်း ဒုတိယညွန်ကြားရေးမှူး ဦးစိုးမြင့်သိန်းက ဆိုပါသည်။
မိုင်းလားမြို့ရှိ မိကျောင်းကန် အပန်းဖြေစခန်း၌ တွေ့ရသည့် ဆင်စွယ်ဖြင့် ပြုလုပ်ထားသော အသုံးအဆောင်များ အရောင်းဆိုင်။ ဓာတ်ပုံ-ကျော်မျိုးထွန်း/မော်ကွန်းမဂ္ဂဇင်း
မိုင်းလားမြို့ရှိ မိကျောင်းကန် အပန်းဖြေစခန်း၌ တွေ့ရသည့် ဆင်စွယ်ဖြင့် ပြုလုပ်ထားသော အသုံးအဆောင်များ အရောင်းဆိုင်။ ဓာတ်ပုံ-ကျော်မျိုးထွန်း/မော်ကွန်းမဂ္ဂဇင်း
ဆင်ဆိုတာ အကောင်းဆုံးဥယျာဉ်မှူး
တောတစ်တော၌ ရှိသင့်ရှိထိုက်သည့် အင်္ဂါရပ်နှင့်ညီညွတ်နေပြီး သစ်ပင်များ၊ သစ်ဥသစ်ဖုများဖြင့် ပြည့်စုံမှသာ ဆင်နေထိုင် ကျက်စားလေ့ရှိကြောင်း ဆင်ပညာရှင် ဒေါက်တာခိုင်ဦးမာက ပြောသည်။
“ဆင်ရှိပြီဆို တခြားတိရစ္ဆာန်တွေပါ လာရောက်နေနိုင်တဲ့ ပတ်ဝန်းကျင်ရှိနေတဲ့အတွက် ဆင်ဆိုတာ တိရစ္ဆာန်အားလုံးကို ကိုယ်စားပြုတဲ့ သံတမန်လို့တောင် သတ်မှတ်ထားတာ” ဟု သူက ရှင်းပြသည်။
ထိုင်းအမျိုးသမီးဆင်ပညာရှင် လပ်ချိုင်းလာ့ကလည်း အပင်သာစားလေ့ရှိသည့် ဆင်သတ္တဝါများသည် သစ်တောများကို ဖျက်ဆီးခြင်းမရှိသလို သက်ရှိသတ္တဝါများကို အန္တရာယ်မပြုသည့်သဘာဝပတ်ဝန်းကျင်ကို အစစ်အမှန်ထိန်းသိမ်းစောင့်ရှောက်သူများဖြစ်သဖြင့် ၎င်းတို့အသက်ရှင်နေထိုင်နိုင်အောင် အကာအကွယ်ပေးသင့်ကြောင်း မော်ကွန်းကို ပြောသည်။
“ဆင်တွေက သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောတွေအတွက်တော့ သူတို့က အကောင်းဆုံးဥယျာဉ်မှူးတွေပါ” လို့ သူက ဆက်ပြောပါသည်။
ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့၏ အစီရင်ခံစာများအရ ၁၉၇၉ က မြန်မာနိုင်ငံတွင် တောဆင်ရိုင်း ၆,၀၀၀ ခန့်ရှိခဲ့သော်လည်း လက်ရှိတွင် တောဆင်ရိုင်း ၁,၆၀၀ မှ ၂,၀၀၀ ကြားသာကျန်ရှိတော့သည်။ ထိုအချက်က တောဆင်ရိုင်းများသတ်ဖြတ်ခံရမှုကိုအချိန်မီကာကွယ်ထိန်းသိမ်းနိုင်ခြင်းမရှိလျှင်လာမည့်ဆယ်စုနှစ်များအတွင်း မျိုးသုဉ်းပျောက်သွားမည့်အန္တရာယ်ရှိနေသည့်ကို မီးမောင်းထိုးပြနေသည်။
ဆင်သတ်ဖြတ်ခံရမှုများနှင့်ပတ်သက်၍ Smithsonian Institution မှ ဦးအောင်မျိုးချစ်က ယခုလို မှတ်ချက်ပြု ပြော ဆိုသည်။
“တစ်နှစ်ကို အကောင် ၁၀၀ သေတယ်။ နှစ်ပေါင်း ၂၀ လောက်နေရင် တောဆင်တွေကို ထိန်းစရာမလိုတော့ဘူး။ ကုန်ပြီ”
အဆိုပါဆောင်းပါ အပြည့်အစုံကို ၂၀၁၇-မတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၄) တွင် ဖတ်ရှုနိုင်ပါသည်။ မော်ကွန်းမဂ္ဂဇင်းကို အောက်ပါ စာအုပ်ဆိုင်များတွင် ရရှိနိုင်ပါသည်။
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."