တိတ်ဆိတ်သည့် နေ့လယ်ခင်း သည် သတ္တဝါတစ်ကောင်၏ အော်ဟစ်သံ၊ လူသားတစ် ယောက်၏ ခြောက်လှန့်သံတို့ ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ် သွားသည်။
အရပ် ငါးပေတစ်လက်မရှိကာ အသားအရောင်ခပ်ညိုညို၊ ကျစ်လျစ်သည့်ခန္ဓာကိုယ်ရှိသည့် ထိုလူက ရေမှာ ကျက်စားသည့် အခွံထူထူ တွားသွားတတ်သော အသားစားသတ္တဝါကြီးကို တုတ်ကလေးနှင့် တို့ကာထိကာစသည်။ သတ္တဝါကလည်း ပြန် ကိုက်သည်။ လူကိုတော့ မထိ။ ထို့ကြောင့် မာန်ဖီပြပြီး ရန်လိုသည့် အသံဖြင့် ခြိမ်းခြောက်လေသည်။
ထိုလူကတော့ မကြောက်မရွံ့ တုတ်ကလေးကိုပြပြပြီး ရှေ့ ဆက်တိုးသည်။ နောက်ဆုံးတော့ သတ္တဝါသည် တုတ်ကို ကြောက် သည့်အတွက် ရှေ့ဆက်မတိုးဝင့်တော့ဘဲ သူနေထိုင်သည့် ဆယ့် ငါးပေပတ်လည်ခန့် ရေစပ်စပ်ရှိသော အုတ်ကန်ထောင့်တွင် ပါး စပ်ကြီးကို အစွမ်းကုန်ဖြဲကာ နေနေတော့သည်။
ထိုသတ္တဝါမှာ အိမ်မွေးတိရစ္ဆာန်ခွေးကလေး၊ ကြောင် ကလေး မဟုတ်။ ယဉ်ပါးတတ်သည့် သတ္တဝါမျိုးလည်းမဟုတ်။ သူတို့နှင့် ဆန့်ကျင်စွာပင် အမြဲလိုရန်မူတတ်ပြီး ရေထဲတွင် ဘုရင် တစ်ဆူဖြစ်သော မိကျောင်းဆိုသည့် အသားစားသတ္တဝါပင် ဖြစ် လေသည်။
ထိုမိကျောင်းမှာ မွေးရာပါ အင်္ဂါက မစုံ။ အမြီးမပါသော ကြောင့်ဖြစ်သည်။ အရှည်က လေးပေနီးပါးခန့်ရှိသည်။ ခန္ဓာကိုယ် က တုတ်ခိုင်ခိုင်။ ကိုယ်တစ်ပိုင်းကို ရေမှာထား၊ တစ်ပိုင်းကို ကုန်းပေါ်တင်ကာ ပါးစပ်ဟထားသဖြင့် ဝါကြင့်ကြင့် ပါးစပ်ထဲမှ ချွန်မြနေသောသွားများကို အတိုင်းသားတွေ့မြင်ရသည်။ အကိုက်ခံရပါက မလွတ်တမ်း ဆွဲခါတတ်သည့်အတွက် ချွန်မြမြ သွားဒဏ် တစ်ခါခံရပါက သက်သာမည်မဟုတ်။
ထိုစဉ် တုတ်နှင့် စနေသောလူက မိကျောင်းနားကို မကြောက်မရွံ့ တဖြည်းဖြည်း တိုးကပ်သွားသည်။ ပြီးနောက် ဟနေသောပါးစပ်ထဲ သူ့လက်ကို ထိုးထည့်လိုက်လေသည်။ စက္ကန့်အနည်းငယ်အကြာတွင် လက်ကိုပြန်ထုတ်သည်။ ဒါတင် အားမရသေး။ မိကျောင်းရှေ့တွင် ဝမ်းလျားမှောက်လိုက်သည်။
သူ့မျက်နှာကို ကိုက်ရန် အသင့်အနေအထားဟနေသည့် မိကျောင်းပါးစပ်နား တဖြည်းဖြည်းကပ်ပြသည်။ ပြန်ခွာလိုက် သည်။ ပါးစပ်က ဟနေမြဲ။ ပြီးနောက် ဟနေသည့် မိကျောင်းပါးစပ် အောက်မေးရိုးတစ်နေရာကို လက်ကလေးနှင့် ထိလိုက်ရာ ဗြောင်းခနဲ ဆိုသောအသံနှင့်အတူ မိကျောင်းက ကိုက်ချလိုက် လေတော့သည်။
သီသီကလေး၊ တကယ့်ကို သီသီလေးလွတ်သွားခဲ့တာ ဖြစ် သည်။ ပါးစပ်အပိတ်နှင့် လက်အထုတ် မြန်ဆန်လွန်းလှသည့် ပြ ကွက်ပင်ဖြစ်သည်။ ကြည့်နေသည့်သူမှာ ထိတ်လန့်သွားရသည်။ ပြနေသည့်သူကတော့ထွေထွေထူးထူး ခံစားရပုံမပေါ်။ လုပ်ရိုး လုပ်စဉ်ကိစ္စတစ်ခု ပြီးမြောက်သွားခဲ့သည့်ပုံနှင့် မိကျောင်းရှေ့က တုတ်ကလေးကိုပြန်ကောက်ပြီး သရုပ်ပြအခန်းမှ ပြန်ထွက်လာခဲ့ သည်။ အပြင်ရောက်သောအခါ မီးငြိမ်းနေသည့် ဆေးပေါ့လိပ်တို ကို မီးညှိကာ မီးခိုးများ တထောင်းထောင်း ထသည်အထိ ဖွာပစ် လိုက်လေသည်။
ထိုသူကတော့ ရန်ကုန်မြို့ရှိ သာကေတမိကျောင်းမွေးမြူ ရေးစခန်းက အသက် ၅၈ နှစ်အရွယ် ဦးသိန်းလွင်ပင်ဖြစ်သည်။ ထိုစခန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ငါးလုပ်ငန်းဦးစီးဌာနလက်အောက်တွင်ရှိသည်။
ဦးသိန်းလွင်သည် မြန်မာနိုင်ငံတွင် မိကျောင်းများနှင့် ပထမဆုံးသရုပ်ပြကစားသူလည်းဖြစ်၊ လက်ရှိ တစ်ဦးတည်းသော ကစားနေသူလည်း ဖြစ်သည်။ သူက စခန်းတွင် ဒုဦးစီးမှူးရာထူး ဖြင့် မိကျောင်းများကို ထိန်းသိမ်းစောင့်ရှောက်ရသူလည်း ဖြစ်၏။
ပင်စင်ယူရန် နှစ်နှစ်သာ လိုတော့သည့် သူက ယခုထိ သန်သန် စွမ်းစွမ်း။ စကားကို ဖြည်းညင်းစွာပြောတတ်သည်။ သူ ထိန်းသိမ်း စောင့်ရှောက်ရသည့် မိကျောင်းများကဲ့သို့ သူက အေးတိအေးစက် နိုင်လွန်းလှသည်။
ရေဘုရင်နှင့် သရုပ်ပြကစားရသည်မှာလည်း လွယ်လှ သည်တော့ မဟုတ်။ မိကျောင်းဆိုသည့် သတ္တဝါမှာ အမြဲတမ်း လူကို ရန်မူတတ်ပြီး ယဉ်လည်း မယဉ်၊ အခင်လည်း မရှိသည့် သတ္တဝါဖြစ်ကာ အလွန်ဉာဏ်များသည်။ သရုပ်ပြကစားခြင်း ဆို သည်မှာလည်း လူနှင့် မိကျောင်းဉာဏ်ကစားရခြင်းဖြစ်သည်။ သတိတစ်ချက်လစ်လျှင် မလွယ်။ အန္တရာယ်ကြီးလှသည်။
ထိုအလုပ်ကို လုပ်ကိုင်နေသည့် ဦးသိန်းလွင်ကတော့ မကြောက်မရွံ့။ မိကျောင်းများနှင့် အနှစ်နှစ်ဆယ်ကျော်ကြာ နေ ထိုင်လာသည့်အတွက် မိကျောင်းကို သံယောဇဉ်ရှိသလို သား သမီးလိုလည်း သူက သဘောထားသည်။ သူက မိကျောင်း သဘောသဘာဝကိုလည်း သိ၏။ လက်ရှိအချိန်ထိ သရုပ်ပြသည့် အခါ ကြီးကြီးမား ထိခိုက်ဒဏ်ရာမရရှိသေး။
မိကျောင်းသရုပ်ပြပွဲကို တစ်ပတ်နှစ်ကြိမ်ခန့်ပြသသည်။ လူများများလာလေ့ရှိသည့် စနေ၊ တနင်္ဂနွေနေ့မျိုးတွင်ဖြစ်သည်။ သရုပ်ပြသည့်အကွက်တွေက စုံသည်။ မိကျောင်းပါးစပ်ထဲ လက် ထည့်သည်။ မျက်နှာအပ်ပြသည်။ တုတ်တိုကလေးကို ပါးစပ်နှင့် ကိုက်ကာ မိချောင်းပါးစပ်ထဲထည့်ပြသည်။ ပြီးတော့ ပြန်ထုတ် ပြ၏။
ဦးသိန်းလွင် မိကျောင်းသရုပ်ပြနေပုံနှင့် ပြသချိန် အချိန် ဇယားများကို သရုပ်ပြသည့် နေရာအဝင်ဝတွင် ဗီနိုင်းခပ်ကြီးကြီး နှင့် ချိတ်ဆွဲထားသည်။ ပုံမှန်ဆို ကျွန်တော်တို့ သူ့ဆီသွားသည့် ရုံးဖွင့်ရက်မျိုးတွင် သရုပ်ပြလေ့မရှိ။ ဓာတ်ပုံရိုက်ချင်၍ တောင်း ဆိုသောကြောင့်သာ ပြပေးခြင်းဖြစ်သည်။
ဓာတ်ပုံ – သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း
ငယ်ဘဝ
ထိုသို့ အန္တရာယ်များနှင့် လက်ပွန်းတတီး ကစားနေသူ ဦးသိန်းလွင်၏ ဘဝအကြောင်းကို တစ်စေ့တစ်စောင်း ငဲ့ကြည့် မိသည်။ သူ့ဇာတိက မကွေးတိုင်းဒေသ ကြီး၊ သရက်ခရိုင်၊ ကံမ မြို့နယ်၊ ကျောက်စောင်းကျေးရွာက ဖြစ်သည်။ မိဘတွေက တောင်ယာလုပ်သည်။ ချို့ချို့ငဲ့ငဲ့ထဲက ဖြစ်သည်။ သူ စတုတ္ထတန်း အောင်တော့ မိဘတွေက ကျောင်းဆက်မထားနိုင်တော့။ ကံ ကောင်းစွာဖြင့် ရွာမှ ကျောင်းဆရာတစ်ဦးအကူအညီဖြင့် တောင် တွင်းကြီးမြို့ရှိ မိဘမဲ့ဂေဟာတွင် နေထိုင်ကာ အလယ်တန်းပြီးဆုံး သည်အထိ ပညာသင်ခဲ့ရသည်။
အထက်တန်းဖြစ်သည့် ကိုးတန်း၊ ဆယ်တန်းကိုတော့ သူ့ ရွာမှဘုန်းကြီး ကျောင်းထိုင်သည့် နေပြည်တော်တွင် ကျောင်း ဆက်တက်ရသည်။ ဆယ်တန်းနှစ်နှစ်ကျသည်။ သူကတော့ နယ် ကျောင်းဖြစ်သည့်အတွက် ဆရာတစ်ဦးလျှင် ဘာသာရပ် နှစ်ခု၊ သုံးခုလောက်သင်ရပြီး သင်ရိုးကုန်အောင်ပင် မနည်းသင်နေရ သည့်အတွက် စာမေးပွဲကျခဲ့ရတာဖြစ်သည်ဟု ဆိုပါသည်။
ဆယ်တန်းကျပြီး အထက်မင်းလှမြို့နယ်တွင်ရှိသော လယ် ထွန်စက်ကဲ့သို့သော စက်ပစ္စည်းများထုတ်လုပ်သည့် အကြီးစား စက်မှုလက်မှုလုပ်ငန်းတစ်ခုတွင် အလုပ်ရခဲ့သည်။ အလုပ်လုပ် နေရင်း ရန်ကုန်မှာ စက်မှုသင်တန်းတစ်ခုကို ဝင်ခွင့်စာမေးပွဲ အောင်သဖြင့် နှစ်နှစ်တက် ရောက်ရသည်။ သင်တန်းတက်နေရင်း ဒုတိယနှစ်တွင် ဆယ်တန်းစာမေးပွဲကို အပြင်မှ ဝင်ရောက်ဖြေဆိုခဲ့ သည်။ ထိုစဉ်က ဗဟန်း အထက ၁ တွင်ဖွင့်ထားသော လူငယ်ရေး ရာ ညကျောင်းတက်ခဲ့ ပြီး ဖြေဆိုခဲ့ရာ ဆယ်တန်းအောင်မြင်ခဲ့သည်။
ဆယ်တန်းအောင်ပြီးချိန် သင်တန်းလည်းပြီးဆုံးခဲ့လေပြီ။ သင်တန်းဆင်းပြီး နယ်မပြန်ဖြစ်တော့။ သူ သင်တန်းတက်ရသည့် ရန်ကုန် ကစလ(စက်မှုလက်မှုလုပ်ငန်း)တွင် အလုပ်ဝင်ခဲ့သည်။ ထိုအချိန်မှာ အိမ်ထောင်လည်းကျသည်။ သူ့လုပ်ငန်းခွင်မှ အမျိုး သမီးပင် ဖြစ်သည်။ အိမ်ထောင်ကျပြီး တစ်နှစ်ခွဲလောက် ကြာ သောအခါ သားတစ်ယောက် ထွန်းကားခဲ့သည်။ အိမ်ထောင်နှင့် ပင် တက္ကသိုလ် စာပေးစာယူတက်ခဲ့ရာ ၁၉၈၅ ခုနှစ်တွင် ဓာတု ဗေဒမေဂျာဖြင့် ဘွဲ့ရရှိခဲ့သည်။
ရန်ကုန်တွင် စက်မှုလုပ်ငန်းလုပ်ကိုင်နေရင်း ဆယ်နှစ်ခန့် ကြာသောအခါ အလုပ်ထွက်ဖို့ဖြစ်လာခဲ့သည်။ အထက်လူကြီးနှင့် သိပ်အဆင်မပြေ။ အပြင်ပုဂ္ဂလိက ကုမ္ပဏီများတွင်လည်း ပြောင်း လုပ်ကိုင်ချင်သောဆန္ဒကြောင့် ဆယ်နှစ်ကျော်လုပ်ကိုင်ခဲ့သည့် စက်မှုလက်မှုလုပ်ငန်းမှ ထွက်လာခဲ့ခြင်းဖြစ်သည်ဟု ဦးသိန်း လွင် က ဆိုသည်။
အလုပ်ထွက်ပြီး သင်္ဘောကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်မိကာ မြန်မာ့ရေပိုင်နက်အတွင်းမှာ ဖမ်းဆီးသော နိုင်ငံခြားငါးဖမ်း သင်္ဘောတွင် သင်္ဘောသားအဖြစ် အလုပ်ရသည်။ သင်္ဘောတစ် နှစ်လိုက်ပြီး နောက်နှစ် ထပ်လိုက်ရန် စောင့်ဆိုင်းနေသည့်အချိန် တွင် နိုင်ငံခြားငါးဖမ်းသင်္ဘောများအား စည်းကမ်းဖောက်ဖျက် သည်ဟုဆိုကာ အစိုးရမှ ငါးဖမ်းဆီးခွင့် ပိတ်ပင်လိုက်သောကြောင့် သူလည်း အလုပ်ပြုတ်တော့သည်။
မိကျောင်းကန်ရောက်ပြီ
အလုပ်ပြုတ်သည့်အခါ မိသားစု စားဝတ်နေရေးအတွက် အလုံမြို့နယ်တွင်ရှိသော မြန်မာ့ရေလုပ်ငန်းတွင် ရရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ငါးရွေးဆိုလည်း ရွေးရသည်။ အခြေခံအလုပ်တွေကို လုပ်ကိုင်ရသည်။
လုပ်ကိုင်နေရင်း သူ့အထက်အရာရှိမှ ဦးသိန်းလွင်အား ဘွဲ့ရတစ်ယောက်မှန်းသိသည်နှင့် ငါးဦးစီးဌာနတွင် အလုပ်သွင်း ပေးခဲ့သည်။ တာဝန်ကျရာနေရာက သူလက်ရှိနေထိုင်ရာ သာ ကေတမိကျောင်း မွေးမြူရေးစခန်းပင် ဖြစ်လေသည်။ အချိန်က ၁၉၉၄။
သူ့တာဝန်ကျသည့် ကန်အမှတ် ၃ တွင် မိကျောင်းတွေကို အစာကျွေးရသည်။ မိကျောင်းများထားသည့် ကန်ကို သန့်ရှင်း ရေးလုပ်ရသည်။ ရောက်ခါစကတော့ ဦးသိန်းလွင်တစ်ယောက် မိကျောင်းတွေကို ကြောက်ရွံ့ခဲ့သည်။ နောက်ပိုင်းတော့ သိပ် မကြောက်တော့။ မိကျောင်းသဘောသဘာဝကို သိလာခဲ့သော ကြောင့်ဖြစ်သည်။
”အခန်းတွေထဲ တုတ်ကလေးနဲ့ဝင်သွားရင် သူတို့က လည်း ခြောက်တယ်။ ရေတွေကို ဗွမ်းခနဲလုပ်၊ အမြီးယမ်းပြီး အသံပြုတယ်။ လူစိမ်းတွေကတော့ ကြောက်တော့ ထွက်ပြေးမှာ ပေါ။့ ထွက်ပြေးရင် ပိုဆိုးတယ်။ မီအောင်လိုက်တာ။ ငါတို့ကတော့ တုတ်နဲ့ ပြန်ရိုက်တော့ ငြိမ်သွားတယ်”ဟု သူက ဆိုသည်။
မိကျောင်းတွေကလည်း တုတ်ကိုမြင်သည်နှင့် ဝန်ထမ်းမှန်း သိသည်။ မိကျောင်းတွေက ငယ်စဉ်အခါ ဥမှပေါက်ကတည်းက ဝန်ထမ်းများက တုတ်နှင့် ခြောက်လှန့်ထိန်းကျောင်းလာခဲ့ သဖြင့် တုတ်မြင်လျှင် ကြောက်ကြသည်။ တုတ်နဲ့ခြောက်လျှင် အနား မကပ်တော့။ ပါးစပ်ကြီးဟကာ ငြိမ်နေတော့သည်။ ငြိမ်နေပေမယ့် သတိတော့ထားရသည်။ လစ်ရင် ပြေးကိုက်တတ်သည်ဟု ဦးသိန်းလွင်က ဆိုသည်။
”သူတို့က ကိုယ့်ဘက်ကို ပြေးလာမှာစိုးရတယ်။ ပြေးလာရုံ ပြေးလာတာမဟုတ်ဘူး။ သူတို့က ဘေးစွယ်နဲ့ပက်ခဲ့တာ။ ဘေး စွယ်နဲ့ပက်ရင် ကွဲပြဲထွက်ကုန်တာ” ဟု သူက ဆိုသည်။ (ဘေး စွယ်ဆိုသည်မှာ မိကျောင်းပါးစပ်ပိတ်ထားပါက အပြင်ထွက်နေ သော သွားများဖြစ်သည်။)
မိကျောင်းမွေးမြူရေးစခန်းတွင် မိကျောင်းဥနှင့် သား ပေါက်အရွယ်မှ လူတွေကြည့်ရှုရန် ထားသည့် သဘာဝကန်ထဲသို့ မလွှတ်ပေးခင်အချိန်ထိ ကန်သုံးကန်တွင် အဆင့်ဆင့်မွေးမြူထား သည်။ သူတာဝန်ယူထားသည့် ကန် အမှတ် ၃ တွင် မိကျောင်း ထားသည့် အုတ်ကန်ငယ် ၅ဝရှိပြီး ကောင်ရေ ၁၅ဝ ခန့်ရှိသည်။
သူ့အကြောင်းကို ပြန်ပြောပြနေသည့် ဦးသိန်းလွင်က မိကျောင်းကန်ပေါ် ဆောက်ထားသည့်တံတားပေါ်တွင် လက်တန်း ကို မှီထားရင်း ခပ်လျော့လျော့ထိုင်ကာ ခံစားချက်မရှိသည့် လေသံနှင့် ဖြည်းညင်းစွာ ပြောပြနေသည်။ တံတားအောက် တွင်တော့ မိကျောင်းများ အစာလုသံ ရေသံတဗွမ်းဗွမ်းကို ကြား နေရ၏။ မိကျောင်းကန်သို့ လာရောက်ကြည့်ရှုကြသူများ အစာ ကျွေးနေသောကြောင့်ဖြစ်သည်။
ဓာတ်ပုံ – သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း
စင်ကာပူက မြင်ဆရာ
မိကျောင်းကန်တွင်တာဝန်ကျပြီး လေးနှစ်ခန့်အကြာတွင် ဦးသိန်းလွင် နိုင်ငံခြားထွက်ရဖို့ အကြောင်းဖန်လာသည်။ ထို ခရီးက သူမိကျောင်းများနှင့် သရုပ်ပြကစားသူ ဖြစ်လာစေဖို့ အထောက်အပံ့ရခဲ့သော ခရီးစဉ်လည်းဖြစ်ခဲ့သည်။ စင်ကာပူနိုင်ငံ သို့ မိကျောင်းနှင့်ပတ်သက်သော ပညာရပ်များကိုလေ့လာရန် သူနှင့် အရာရှိတစ်ဦး တစ်ပတ်ကြာ လေ့လာရေးခရီးသွားရောက် ခဲ့ရခြင်းဖြစ်သည်။
ထိုခရီးစဉ်တွင် သူတို့နိုင်ငံမှ မိကျောင်းမွေးမြူရေးကန်များ၊ မိကျောင်းပစ္စည်းထုတ်လုပ်မှုများကို လေ့လာခွင့်ရခဲ့သည်။ ဒါ့ အပြင် အပန်းဖြေစခန်းတစ်ခုရှိ မိကျောင်းသရုပ်ပြပွဲကိုလည်း ရောက်ခဲ့သည်။ သူ့အနေနှင့် မိကျောင်းနှင့် သရုပ်ပြကစားခြင်းကို ပထမဆုံးမြင်တွေ့ ခဲ့ရခြင်းဖြစ်သည်။
ထိုပွဲတွင် လူသုံးယောက်ခန့်က မိကျောင်းကို ထိန်းကျောင်း ကာ မိကျောင်းပါးစပ်ထဲလက်ထည့်ခြင်း၊ မျက်နှာထည့်ခြင်းနှင့် ပြကွက်မျိုးစုံ ကစားပြတာ တွေ့မြင်ခဲ့ရသည်။
ထိုစဉ်ကတော့ ”ဘယ်လိုအဓိပ္ပာယ်ကြောင့် မိကျောင်းကို ကပ်လို့ရတယ်။ မိကျောင်းပါးစပ်ထဲကို လက်နှိုက်လို့ရတယ် ဆို တာကို မသိခဲ့ဘူး”ဟု သူက ဆိုသည်။
ပြပွဲကြည့်ခဲ့သော်လည်း သူ့စိတ်ထဲတွင်လည်း မြန်မာပြည် ပြန်ရောက်ရင် မိကျောင်းများနှင့် ပြန်လည်သရုပ်ပြဖို့ စိတ်ကူး မပေါ်ခဲ့ဟုဆိုသည်။ သို့ပေမဲ့ တကယ်တမ်း သရုပ်ပြကစားဖို့ ဖြစ် လာသည့်အခါ ထို သရုပ်ပြပွဲက လူများက သူ့မြင်ဆရာ ဖြစ်လာခဲ့သည်။
သရုပ်စပြပြီ
မိကျောင်းများနှင့် ကစားပြဖို့ ဖြစ်လာပုံက ကိုယ့်အားကိုယ် ကိုး လေ့ကျင့်စမ်းသပ်ခဲ့ရာက ဖြစ်သည်။ အရင်ကတော့ ”မိ ကျောင်းကို မာဆယ်တွေ ဖြုတ်ထားတယ်။ ဘိန်းကျွေးတယ်။ အမျိုးမျိုးပြောကြတာပေါ့ကွာ”ဟု လူတွေ၏ ထင်မြင်ချက်များကို ကြားသိခဲ့ရသည်ဟု သူက ပြောပြသည်။
တကယ်တမ်းက ထိုသို့မဟုတ်။ မိကျောင်းသဘော သဘာဝကိုလိုက်၍ ကစားခြင်းဖြစ်သည်ဟု ဦးသိန်းလွင်က ရှင်းပြ သည်။ ခန္ဓာကိုယ်တည်ဆောက်ပုံအရ မိကျောင်းမျက်လုံးက ခေါင်းဘေးတွင် တည်ရှိသည်။ ထို့ကြောင့် သူက ဘေးဘက်ကို မြင်ရသည်။ သို့သော် ပါးစပ်ဟထားလျှင် သူ့ပါးစပ်က မျက်လုံးကိုကွယ်ထားသလိုဖြစ်ရာအရှေ့တည့်တည့်ကို လုံးလုံးမမြင်ရတော့။ ထိုသဘာဝကို သရုပ်ပြကစားသူက အခွင့်အရေးယူကာ မိ ကျောင်းရှေ့တည့်တည့်မှနေ၍ ကစားပြခြင်းဖြစ်သည်။
ဦးသိန်းလွင်က ထိုသဘောသဘာဝအား မိကျောင်းတွေကို သန့်ရှင်းရေးလုပ်နေစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တစ်ခါတော့ သူ က နေ့စဉ် လုပ်ရိုးလုပ်စဉ်အတိုင်း မိကျောင်းကန်သန့်ရှင်းရေး လုပ်နေခဲ့သည်။
သန့်ရှင်းရေးလုပ်နေရင်း မိကျောင်းပါးစပ်ဟထားသည်ကို တွေ့သည်နှင့် စိတ်ကူးပေါက်ကာ ခပ်လှမ်းလှမ်းမှနေ၍ တုတ်ရှည် ရှည်နှင့် စမ်းသပ်ကြည့်သည်။ တုတ်က မိကျောင်းဘေးကျသည့် အခါ လှမ်းကိုက်သည်။ သို့သော် ဟနေသော ပါးစပ်ထဲသို့ သူ့ကို မထိအောင် လက်ထည့်ကြည့်သည့်အခါ မကိုက်ကြောင်း သူ သိခဲ့ရသည်။
”နောက်တစ်နေ့ကျတော့ စမ်းကြည့်တယ်။ လက်တစ်လံ လောက်ကနေ လက်ကလေးနဲ့ အောက်မေးရိုးကို လူလွတ်တဲ့ နေ ရာ၊ ရှောင်လို့ရတဲ့နေရာကနေ လုပ်ကြည့်တယ်။ ထိတော့ကိုက် တယ်။ လူက ဆတ်ဆို ပြန်ရုပ်လိုက်တယ်။ ကိုယ်က မိကျောင်း အထာကို သိသွားတော့ နောက်ပိုင်းကျတော့ လူတွေကို လုပ်ပြ တာပေါ့”ဟု ဦးသိန်းလွင်က ၂ဝ၁ဝ ခုနှစ် လောက်ကစပြီး သူက မိကျောင်းကန်တွင် ပထမဆုံးသရုပ်ပြ ကစားသူဖြစ်လာခဲ့ပုံကို ပြန်ပြောပြပါသည်။
အစတုန်းကတော့ သရုပ်ပြဖို့နေရာ သတ်သတ်မှတ်မှတ် မရှိသေး။ သူတာဝန်ယူထားရသည့် ကန် ၃ ထဲတွင် မိကျောင်း ကန်သို့အလည်လာရောက်သူများကို ပြသခဲ့ရသည်။ တစ်ခါတော့ သူတို့ မိကျောင်းကန်သို့ ဝန်ကြီးတစ်ဦး ရောက်လာခဲ့ရာ ထိုဝန် ကြီးကို ဦးသိန်းလွင်က သရုပ်ပြခဲ့သည်။ သို့သော် ထိုဝန်ကြီးမှ အန္တရာယ်များသော အလုပ်ဟုဆိုကာ သရုပ်ပြခြင်းကို တားမြစ် ခဲ့၏။
သို့သော် ဝန်ကြီးပြန်သွားပြီး ဦးသိန်းလွင်လည်း လာလည် သူများကို ဆက်ပြဖြစ်ခဲ့သည်။ ထိုသတင်းကို ဝန်ကြီးက ပြန်ကြား သည့်အခါ မပိတ်ပင်တော့ဘဲ လက်ရှိပြနေသည့် အခန်းကို ဆောက်လုပ်ပေးခဲ့သည်ဟု ဦးသိန်းလွင်က ပြန်ပြောပြပါသည်။ ထို သရုပ်ပြခန်း ဆောက်ထားသည်မှာ တစ်နှစ်ကျော်ခန့်သာ ရှိ သေးသည်။
အန္တရာယ်နှင့် လက်ပွန်းတတီး
သို့သော် ဒီပြခန်းက သူတင်ပြခဲ့သည့် ပြခန်းပုံစံတော့ မဟုတ်။ သူလိုချင်သည်က သရုပ်ပြပွဲကြည့်သူများကို ဘောလုံး ကွင်းများက စင်များလို လှေကားထစ်ပုံစံ ခုံမျိုးနှင့်ထားချင်သည်။ အလယ်တွင် သရုပ်ပြကစားမည်။ ကြည့်သူရော၊ ပြသူရော အန္တရာယ်ကင်းသည့် ပုံမျိုးဖြစ်သည်။ သို့သော် ဆောက်ပေးသည် က ယခုလို။
ပြခန်းက ကြည့်ရှုသူက ဘေးပတ်ပတ်လည်မှ မတ်တတ်ရပ် ၍ ကြည့်ရှုရသော ပုံစံဖြစ်သည်။ ပြသသူက စတုရန်းပုံစံ အုတ်နှင့် သံလက်ရန်းများတပ်ထားသော ကန်ငယ်အတွင်းမှာ ဝင်ပြရ သည်။ ထို့ကြောင့် ကြည့်ရှုသည့်သူများက ထိုင်ခုံနှင့် ထိုင်မကြည့် ရဘဲ သွားလာနေကြသည့်အခါ လူရိပ်တွေကို မိကျောင်းက မြင်ရနိုင်သည်။
ထိုအခါတွင် ”သူ(မိကျောင်း)က မြင်လို့ရှိရင် ဒီမှာပြနေတဲ့ သူကို လန့်ပြီးကိုက်မိမယ်။ လူကြီးတွေဆိုရင်လည်း အနားကပ်ပြီး ဓာတ်ပုံတဖျပ်ဖျပ် ရိုက်တော့ လန့် ပြီး ကိုက်မိရင် အ္တနရာယ်များ တယ်”ဟု ဦးသိန်းလွင်က ဆိုသည်။
မိကျောင်းများနှင့် ကစားရသည်မှာလည်း လွယ်သည့် အလုပ်တော့ မဟုတ်။ သရုပ်ပြကစားရင်း မိကျောင်းအကိုက်ခံရ နိုင်သည်။ သူလည်း တစ်ကြိမ် အကိုက်ခံရဖူးသည်။ ရှိုးပြနေရင်း သူ့လက်နှင့် မိကျောင်းသွား ငြိသွားခဲ့ခြင်းဖြစ်သည်။
ထိုအခါ ”နာတော့ ကိုယ်ကနောက်ကဆွဲ၊ သူကလည်း ဆွဲ နဲ့ လွတ်သွားတာ”ဟု မိကျောင်းအကိုက်ခံရသည့် အဖြစ်အပျက် ကို ပြန်ပြောပြသည်။ ဒဏ်ရာကတော့ သိပ်မကြီးလိုက်။ ဆေးခန်း တော့ပြလိုက်ရသည်။
မှတ်မှတ်ရရ နောက်တစ်ကြိမ် ရက်နှစ်ဆယ်နီးပါးဆေးကုလိုက်ရသည်အထိ အကိုက်ခံခဲ့ရဖူးသည်။ သရုပ်ပြပွဲမှာတော့ မဟုတ်။ မိကျောင်းကို အရှည်နှင့်အလေးချိန်တိုင်းတုန်းက ဖြစ် သည်။ မိကျောင်းခေါင်းကို ရေစိုအဝတ်နှင့် မျက်စိမမြင်စေရန် ပတ်ပြီးကိုင်ထားသည်။ နောက်တစ်ယောက်က အမြီးကိုကိုင်ပြီး မထားသည့်အချိန်တွင် မိကျောင်းက ရုန်းလိုက်သည့်အခါ သူကိုင် ထားသည့် ခေါင်းက လွတ်ထွက်သွားသည်။
”လက်ထဲမှာ အဝတ်စုတ်ပဲကျန်ခဲ့တယ်။ ခေါင်းက ရှေ့မကျ ဘဲ နောက်ကို ပြန်ကော့ကျလာတော့ မျက်နှာနားဝဲသွားတာ။ ဝဲ သွားတော့ ဟာဆိုပြီးရှောင်လိုက်တာ မျက်နှာနဲ့တော့လွတ်ပါရဲ့။ သူ့အစွယ်က လက်မောင်းကို ဖောက်ခနဲဆို လာစိုက်တာ”ဟု သူ က အကိုက်ခံရသည့် ဘယ်ဘက်လက်တံခေါက်ခွက်တွင်ရှိသော မိကျောင်းကိုက်ထားသည့် အမာရွတ်ကို ပြသရင်း ဆိုသည်။ မိ ကျောင်းအကိုက်ခံရသည့် လေးကြိမ်ခန့်တွင် အဆိုးဆုံး ဒဏ်ရာ ရခဲ့ခြင်းဖြစ်သည်။
အနေကြာတော့ သံယောဇဉ်ဖြစ်
ထိုသို့ဖြစ်ခဲ့သော်လည်း မိကျောင်းတွေကို သူက စိတ်မနာ နိုင်။ မနာသည့်အပြင် ထိုမိကျောင်းတွေကို သူက သံယောဇဉ်ရှိ သည်။ မိကျောင်းများနှင့် နှစ်ပေါင်းများစွာ လက်ပွန်းတတီး နေခဲ့ ရသောကြောင့် ဖြစ်မည်ဟု ဦးသိန်းလွင်က ဆိုသည်။
”ကိုယ့်ရဲ့မိသားစုလိုပဲ။ အမြဲတမ်းနေလာတော့ သံယော ဇဉ်ဖြစ်လာတာ ကလေးတွေလိုပဲ”ဟု ဦးသိန်းလွင်ကဆိုသည်။
သူစောင့်ရှောက်ရသည့် ကန်တွင်ရှိသော မိကျောင်းများကို အရိပ်တကြည့်ကြည့် ကြည့်ရှုစောင့်ရှောက်ရသည်။ မိကျောင်း တွေ ကျန်းမာရေးမကောင်းသည့်အခါ သူလည်းစိတ်မကောင်း။ မကျန်းမာရသည်မှာ တစ်ခါတလေ မိကျောင်းအချင်းချင်း ကိုက် ကြသည့်အခါ ဒဏ်ရာအနာတရ ဖြစ်တတ်သည်။ ထိုအခါ ဒဏ် ရာရသည့်အကောင်မှာ အစားမစားတော့ တပိန်ပိန် တလိမ်လိမ် ဖြစ်လာသည်။
ထိုအခါမျိုးမှာတော့ ဦးသိန်းလွင်က ဒဏ်ရာကို ဆေးထည့် ပေးရသည်။ အစာကိုဂရုတစိုက်ကျွေးရသည်။ အစာမစား သည့်အခါ ပါးစပ်ထဲ ဆေးနှင့်အစာရောပြီး တုတ်ကလေးနှင့် ခွံ့ သည်အထိ လုပ်ပေးသည်။ ထိုသို့ လုပ်ပေးခဲ့သော်လည်း ကံ မကောင်း အကြောင်းမလှသည့်အခါ မိကျောင်းမှာ သေသွား တတ်သည်။
သေသွားသည့်အခါတွင်တော့ ”တစ်ခါတလေ မျက်ရည် တောင်ကျတယ်။ ဝမ်းနည်းတာပေါ့ကွာ။ ကိုယ့်သားသမီးလေး တွေ သေသလိုဖြစ်နေတာ” ဟု ဦးသိန်းလွင်က ဆိုပါသည်။
ဓာတ်ပုံ – သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း
ရေဘုရင်
ငယ်စဉ်အခါ မသေမပျောက်နှင့် ကြီးထွားခွင့်ရသော မိ ကျောင်းတစ်ကောင်၏ သက်တမ်းသည် နှစ်ပေါင်း ၇ဝ မှ ၁ဝဝ ဝန်းကျင်အထိ အသက်ရှည်၏။ အရှည်မှာ ပေနှစ်ဆယ်ခန့်အထိ ကြီးထွားနိုင်သည်။ ကမ္ဘာပေါ်တွင် မိကျောင်းမျိုးစိတ်ပေါင်း ၂၇ မျိုးခန့်ရှိသော်လည်း အဓိကအားဖြင့် Crocodile မျိုးစိတ် ၁၄ မျိုး၊ Alligator မျိုးစိတ်ရှစ်မျိုးနှင့် Gavial မျိုးစိတ်တစ်မျိုး စုစုပေါင်း ၂၃ မျိုးသာ တွေ့ရှိရသည်။
ထိုမိကျောင်းများကို အာဖရိက၊ သြစတြေးလျ၊ အမေရိက၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါပူဝါနယူးဂီနီ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ဆောလ်မွန်ကျွန်း၊ ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံ တို့တွင် တွေ့ရသည်။
မြန်မာနိုင်ငံတွင် တွေ့ရှိရသော မိကျောင်းအမျိုးအစား များမှာ နက္ကခေါ် အင်းမိကျောင်း Crocodylus Palustris ၊ သံ သုမာခေါ် ရေငန်မိကျောင်း Crocodylus Porosus ၊ ကုမိ ္ဘလ မိကျောင်းခေါ် Gavialis Gangeticus နှင့် ထိုင်းမိကျောင်းခေါ် Crocodylus Siamensis တို့ဖြစ်သည်။
သာကေတမိကျောင်းမွေးမြူရေးစခန်းတွင် မွေးမြူထား သည့် မိကျောင်းအမျိုးအစားမှာ သံသုမာခေါ် ရေငန်မိကျောင်း Crocodylus Porosus ဖြစ်ပြီး တစ်ပေအထက်မှ ဆယ်ပေကျော် အထိ မိကျောင်း ၅၁၇ ကောင်ရှိသည်ဟု စခန်းမှ ထုတ်ဝေထား သော လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။
မိကျောင်းမှာ ကုန်းနေ၊ ရေနေ သွေးအေးအသားစား သတ္တဝါဖြစ်သည်။ သူ့တွင် ထူးခြားချက်က အခြားတိရစ္ဆာန်များနှင့် မတူ။ ”လူတွေ၊ ခွေးတွေ၊ ကျွဲတွေ၊ နွားတွေနဲ့ဆို ဆန့်ကျင်ဘက်ပဲ။ ဘာလို့လဲဆိုတော့ မိကျောင်းကို ဘယ်အရွယ်ပဲကြည့်ကြည့်၊ ဘယ်အချိန်ပဲ ကြည့်ကြည့် အချိန်မရွေးကြည့် သူတို့မှာဆော့ခြင်း၊ လှောင်ခြင်း၊ ပြေးခြင်းလွှားခြင်း မရှိဘူး။ အမြဲတမ်း ငြိမ်ငြိမ်နေ တယ်”ဟု ဦးသိန်းလွင်က ရှင်းပြသည်။
ဒါ့အပြင် ရေကိုလည်း အလွန်နိုင်၏။ ”သူ့ကျောမြုပ်ရုံ လောက် ရေတိမ်လေးထဲမှာ ရေအောက်ကသွားနေရင် အပေါ်က လုံးဝ မသိရဘူး” ဟု ဦးသိန်းလွင်က ဆိုသည်။ ထို့ကြောင့်လည်း ရေဘုရင်ဟု သူ့ကိုတင်စားကြသည်။
ကျွန်တော်က ဦးသိန်းလွင်ကို မိကျောင်းပုံပြင်တွေ အကြောင်း မေးကြည့်သည်။ မြန်မာနိုင်ငံတွင် ငမိုးရိပ်ဆိုသော မိကျောင်းပုံပြင်မှာ ထင်ရှားလှသည်။ မိကျောင်းခေါင်းက (လက် အထွာ)သုံးထောင်ပြည့်ပြီး လူယောင်ဖန်ဆင်းနိုင်သည့် မိ ကျောင်းဟု ပုံပြင်တွေထဲမှာဆိုထား၏။ သူကတော့ ထိုပုံပြင်တွေ ကိုမယုံ၊ မိကျောင်းကို ရိုးရိုးသတ္တဝါတစ်ကောင်အဖြစ်သာ မြင် သည်ဟု ဆိုသည်။
”လူယောင်ဖန်ဆင်းတယ်ဆိုတာလည်း ဒါလည်း မဖြစ်နိုင် ဘူး။ (ခေါင်း)သုံးထောင်လည်း သေသည်အထိ ပြည့်မှာ မဟုတ် ဘူး။ ဆယ်နှစ်ကျော်ရင် တစ်နှစ်တစ်ပေ မထွားတော့ဘူး ဖြည်းဖြည်း ဖြည်းဖြည်းပဲ ထွားတယ်”
ဒါ့အပြင် မိကျောင်းက နနွင်းကြောက်သည်ဆိုသည်ကို လည်း သူက ယခုလိုစမ်းသပ်ဖူးသည်။ ”ဆနွင်း(နနွင်း)ကို သူ့ ဘေးနား အထုပ်လိုက်လေးချပေးထားရင် မကြောက်တဲ့အပြင် ဆွဲတောင်ခါပစ်လိုက်သေးတယ်”ဟု ရယ်ကာ သူက ဆိုပါသည်။
သူက မိကျောင်းတွေကို ယဉ်ပါးအောင်လည်း ကြိုးစားခဲ့ဖူး သည်ဟု ဆိုသည်။ ကြောင်တွေ၊ ခွေးတွေလို ခေါင်းကလေးတွေ ပွတ်ပေးရင် ယဉ်လာမည်အထင်နှင့်သူက မိကျောင်းငယ်လေး တွေကို ခေါင်းပွတ်ပေး ကြည့်သည်။
”ပွတ်ပေးနေတုန်းကတော့ ငြိမ်နေတာပဲကွ။ လက်က သူ့ မျက်လုံးဘေးရောက်တဲ့အခါ ရိပ်ခနဲမြင်တော့ ဆတ်ဆိုလှမ်းကိုက် တာပဲ”ဟု သူက ရယ်ကာ ဆိုပါသည်။
ထိုက်သင့်သည့် ခံစားခွင့်မရှိ
မည်သို့ပင်ဆိုစေကာမူ မိကျောင်းတွေကိုတော့ သူက သံယောဇဉ်ရှိသည်။ သူသံယောဇဉ်ရှိသည့် မိကျောင်းတွေနှင့် လည်း နေဖို့ရာ သူ့တွင် အချိန်ကသိပ်မရှိတော့။ အဘယ်ကြောင့် ဆိုသော် နောင်နှစ်နှစ်ခန့်ဆိုလျှင် ပင်စင်ယူရတော့မည် ဖြစ်သော ကြောင့်ပင်။
ယခုဆိုလျှင် ဦးသိန်းလွင် မိကျောင်းများနှင့် သရုပ်ပြကစား သည်မှာ ခြောက်နှစ်ခန့်ရှိပြီဖြစ်သည်။ ပင်စင်ယူပြီး သူမရှိတော့ လျှင် မိကျောင်းများနှင့်သရုပ်ပြကစားသူ ထပ်ရှိဦးမည်က မသေချာ။
”လုပ်တတ်တဲ့ လူတွေတော့ရှိပါတယ်။ မလုပ်ရဲကြသေးလို့ ပါ။ ငါမရှိရင်တော့ သူတို့ဘာသာ သူတို့လုပ်မှာပေါ့။ လုပ်မယ်ဆို တော့ ဘာအကျိုးအမြတ်မှလည်းရတာ မဟုတ်ဘူး” ဟု သူက ပွင့်ပွင့်လင်းလင်းဆိုသည်။
သူရောက်ဖူးသည့် စင်ကာပူနိုင်ငံတွင်တော့ မိကျောင်းရှိုးပွဲ ကို ရုံဝင်ကြေးပေးကာ တခုတ်တရ ကြည့်ကြရသည်။ သရုပ်ပြ သူလည်း ငွေကြေးခံစားခွင့်ရသည်။ ဒီမှာတော့ ဝင်ကြေးပေးစရာ မလို။ ဗလာသက်သက်ပြသရသည်။ ပိုက်ဆံလည်းမရ။ မတော် တဆ မိကျောင်းအကိုက်ခံရလျှင် ဆေးဖိုးက ကုန်သေးသည်။
တခါတလေတော့ ”ကြည့်နေတဲ့သူတွေ ဘာတွေကတော့ လက်ဖက်ရည်ဖိုးလေးဘာလေးပေးသွားတယ်” ဟု ဦးသိန်းလွင် က ဆိုသည်။
ထို့အတွက် သူကလည်း တော်ရုံဆို ရှိုးမပြဖြစ်တော့။ ရုံး ပိတ်ရက် လူများများလာသည့်အခါနှင့် ရပ်ဝေးနယ်ဝေးမှ လူအုပ် စုလိုက် လာကြသည့်အခါမျိုးတွင်တော့ မြင်ဖူးကြပါစေ စေတနာ ဖြင့် ပြသပေးသည်။ လက်ရှိ သူပြနေသည့် မိကျောင်းမြီးတိုက လေးနှစ်သားအကောင်ဖြစ်သည်။ ပြလို့ကောင်းသည့်အရွယ်ကို သူက လေ့ကျင့်ထားခြင်းဖြစ်သည်။
ဒီထက် အကောင်ကြီးနှင့်လည်း ပြနိုင်သည်ဟု သူက ဆို သည်။ သို့ပေမဲ့ ခံစားခွင့်နှင့် ပံ့ပိုးမှု အားနည်းသောအခါ သူက မိကျောင်းရှိုးပွဲကို ဆက်ပြီး တိုးတက်အောင်လုပ်ဆောင်ဖို့ ဆန္ဒ မရှိတော့။
လက်ရှိ ဦးသိန်းလွင်က မိကျောင်းကန်ဝန်းအတွင်းရှိ ဝန် ထမ်းအိမ်ရာတွင် ဇနီးဖြစ်သူနှင့် အတူနေထိုင်နေသည်။ တစ်ဦး တည်းသော သားဖြစ်သူကတော့ အိမ်ထောင်ကျကာ အိမ်ခွဲနေ သည်။ ပင်စင်ယူပြီးလျှင်တော့ ဇနီးဖြစ်သူနှင့် သူဝယ်ထားသည့် အိမ်ရှိရာ ရွှေပြည်သာမြို့နယ်တွင် ကုန်ခြောက်ဆိုင်ကလေးဖွင့် ပြီး အေးအေးချမ်းချမ်းနေတော့မည်ဟု ဦးသိန်းလွင်က ဆိုပါသည်။
သူ့ဘဝအကြောင်း မေးမြန်းတာ စုံလင်ပြီမို့ စကားဝိုင်းကို အဆုံးသတ်လိုက်သည်။ ဦးသိန်းလွင်က ထိုင်ရာမှထလိုက်သည်။ တံတားအောက်တွင်တော့ မိကျောင်းတစ်ကောင်က မလှုပ် မယှက်။ သူ့ပုံစံကလည်း ထိုမိကျောင်းနှင်နှင် အေးတိအေးစက် ခံစားချက် မရှိသည့်ပုံ။ ဆေးပေါ့လိပ်တိုကို မီးညှိလိုက်သည်။ ပြီး နောက် ကျွန်တော်တို့ကို နှုတ်ဆက်ကာ သူ့အိမ်သို့ ထွက်သွားလေ တော့သည်။ ။
၂၀၁၆-ဒီဇင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၁)မှ ပုံရိပ်လွှာ ဖြစ်ပါသည်။
သက်ဦးမွန် ရေးသည်။