ရန်ကုန်၊ယုဇနာပလာဇာရှေ့ဆန္ဒပြပွဲ ချက်ချင်းလူစုခွဲခဲ့ရ၊ စစ်ကောင်စီတပ်ဖွဲ့များအင်အားအလုံးအရင်းဖြင့် ထိုနေရာ ကို စီးနင်း

ရန်ကုန်၊ယုဇနာပလာဇာရှေ့ဆန္ဒပြပွဲ ချက်ချင်းလူစုခွဲခဲ့ရ၊ စစ်ကောင်စီတပ်ဖွဲ့များအင်အားအလုံးအရင်းဖြင့် ထိုနေရာ ကို စီးနင်း July 16, 2021
ရန်ကုန်- ၂၀၂၁ ဇူလိုင် ၁၆ ( မော်ကွန်း)ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ယုဇနပလာဇာအရှေ့၊ လမ်းမကြီးပေါ်တွင် 'ဖက်စစ်စစ်တပ် အမြစ်ဖျက်' ဟု လူငယ်များက ကြွေးကြော်ကာ အာဏာသိမ်းစစ်ကောင်စီကို ယနေ့မနက်ပိုင်းက ချီတက်ဆန္ဒပြစဉ် စစ်ကောင်စီ၏ လုံခြုံရေးများနှင့် ပက်ပင်းတိုးခဲ့သောကြောင့် ရုတ်ချည်း လူစုခွဲ ရှောင်ပြေးခဲ့ကြရသည်။မော်ကွန်း၏ မျက်မြင်တွေ့ရှိမှုအရ နံနက် ၉ နာရီ ဝန်းကျင်က ရောက်ရှိလာသော စစ်ကားနှင့်ရဲကားများသည် ၁၀ နာရီဝန်းကျင်အထိ ဆန္ဒပြသူများ လူစုခွဲပြေးခဲ့သည့် ယုဇနပလာဇာဝန်းကျင်တွင် ရှိနေသည်။ ယာဉ်များမှလွဲ၍ ဖြတ်သန်းသွားလာမှုများ ပြတ်တောက်သွားပြီး ရဲကားနှင့် စစ်ကားများလည်း တဖြေးဖြေးထိုနေရာသို့ အင်အားဖြည့် ရောက်ရှိလာသည်ကို တွေ့ရသည်။ ၉ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် အပေါ်အောက် အနက်ရောင်ဝတ်ဆင်ထားသော လူငယ်တစ်ဦးကို စစ်သားများက လမ်းလယ်ကောင်တွင် စစ်မေးနေသည်ကို တွေ့ရသော်လည်း အခြား ဖမ်းဆီးခံရမှုအခြေအနေအသေးစိတ်ကို အတည်မပြုနိုင်‌ သေးပါ။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၁၅ အထိ နိုင်ငံတစ်ဝန်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူ ၉၁၂ ဦးကို ရဲနှင့်စစ်သားများက ပစ်သတ်ထားပြီး ၅,၂၆၉ ဦးကို အကျဉ်းထောင်များတွင် ဖမ်းဆီးထားကာ ၁,၉၆၃ ဦးကို ဖမ်းဝရမ်းထုတ်ထားသည်ဟု ဖော်ပြသည်။နိုင်ငံတစ်ဝန်းအကျဉ်းထောင်အသီးသီးတွင် ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံခဲ့ရသူများထဲမှ တချို့ကို ဇွန် ၃၀ တွင် စစ်ကောင်စီက လွှတ်ပေးထားသော်လည်း AAPP၏ စာရင်းတွင် ထိုအရေအတွက်ကို ထုတ်နုတ်ပေးထားခြင်းမရှိသေးပါ။

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."