ရန်ကုန် – ၂၀၂၅ မတ် ၂၈(မော်ကွန်း)
ဒီနေ့ မွန်းလွဲပိုင်းမှာ မြန်မာပြည်တွင်းကို ဗဟိုပြုလှုပ်ခတ်တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့အပါအဝင် နိုင်ငံတစ်ဝန်းမှာ အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့ပေမယ့် လူထိခိုက်သေဆုံးမှု အခြေအနေကို လတ်တလော မသိရသေးပါဘူး။
မန္တလေးနဲ့စစ်ကိုင်းဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား(စစ်ကိုင်းတံတားဟောင်း) အလုံးစုံ ကျိုးကျသွားသလို မြို့တွင်းမှာလည်း တိုက်တွေပြိုကျတာတွေဖြစ်ခဲ့တာကို လူမှုကွန်ယက်မှာ ဒေသခံတွေက တင်နေကြပါတယ်။ ကျိုးကျသွားတဲ့တံတားဟာ လက်ရှိအသုံးမပြုတော့တဲ့ တံတားဟောင်းတစ်ခုလည်း ဖြစ်ပါတယ်။
မန္တလေးမြို့က ၈၄လမ်းနဲ့ ၄၉ လမ်းထောင့်က တိုက်တစ်လုံး ပြိုကျသွားသလို တစ်ခြားနေရာတွေမှာလည်း တိုက်တွေပြိုကျနေတာကို တွေ့ရပါတယ်။ မန္တလေးကျုံးမြို့ရိုးဟောင်းလည်း ပြိုကျခဲ့တာကို တွေ့ရပါတယ်။
နေပြည်တော်မှာလည်း နိုင်ငံခြားရေးဝန်ကြီးဌာနအဆောက်အဦးအစိတ်အပိုင်းတချို့ ပြို့ကျခဲ့သလို အာဏာသိမ်းထားလို့ အသုံးမပြုကြတော့တဲ့ လွှတ်တော်အဆောက်အအုံတချို့လည်း ပြိုတယ်လို့ ဒေသခံတွေက လူမှုကွန်ယက်မှာ ရေးကြပါတယ်။
ဒါအပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့က အထင်ကရ အောင်ပန်းဟိုတယ်ပြိုကျသွားတာကိုတွေ့ရပြီ လူထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဒေသခံတချို့က ခန့်မှန်းကြပေမယ့် အသေးစိတ် မသိရသေးပါဘူး။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က ဒေသခံတစ်ဦးကတော့ “ကြမ်းချက်ကတော့ တစ်သက်မှာ တစ်ခါမှ ဒီလောက်ကြမ်းတဲ့ငလျင်မကြုံဖူးဘူး” လို့ ပြောပါတယ်။
ကမ္ဘာငလျင်စောင့်ကြည့်ရေးကွန်ယက်တွေကတော့ မွန်းလွဲ ၁၂း၅၁ မိနစ်မှာ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင်တစ်ခု မန္တလေးမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲငလျင် ဖြစ်တဲ့ အင်အား ၆ ဒသမ ၄ ရှိတဲ့ ငလျင်တစ်ခုလည်း လှုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီငလျင်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းသက်ရောက်မှု ရှိခဲ့သလို ထိုင်းနဲ့ တရုတ်နိုင်ငံတွေကိုလည်း ရိုက်ခတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
တရုတ်ငလျင်ကွန်ယက်ကတော့ ရစ်ချ်တာစကေး ၇ ဒသမ ၉ ရှိတဲ့ ငလျင်တစ်ခု မြန်မာပြည်တွင်းကို ဗဟိုပြုလှုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားသလို ဒီငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကားဝန်းအနီးက တိုက်တစ်လုံးပြိုကျသွားတဲ့ ရုပ်သံတွေလည်း လူမှုကွန်ယက်မှာ ပျံ့လာပါတယ်။
ဒါ့အပြင် ဘန်ကောက်မြို့က ဆောက်လက်စ အဆောက်အအုံတွေပြိုကျတာကိုတွေ့ရပြီး အဲဒီလို အဆောက်အဦတွေမှာ အများဆုံး လုပ်ကြတဲ့ အလုပ်သမားတွေက မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ သေဆုံးမှုအသေးစိတ်ကို မသိရသေးပါဘူး။
အခု ငလျင်လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်း၊ မန္တလေးမြို့တွေဟာ နာမည်ကျော်ငလျင်ကြောကြီးဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောပေါ်မှာ တည်ရှိတဲ့ မြို့တွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ မိုးဇလဌာနက ငလျင်လှုပ်ခတ်မှုအသေးစိတ် သတင်းကို ဒီနေ့လယ် ၂ နာရီအထိ မထုတ်ပြန်သေးတာကြောင့် ဘယ်ပြတ်ရွေ့ကို ဗဟိုပြုလှုပ်ခတ်သလဲဆိုတာကို မသိရသေးပါဘူး။
ပုံစာ – ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတံတားအပါအဝင်၊ မန္တလေး၊ အောင်ပန်းတို့မှာ အဆောက်အဦတွေ ပြိုကျနေတဲ့မြင်ကွင်း
ရုပ်သံ – Khaing Zar Thin