မိုးကုတ် – ၂၀၂၃ အောက်တိုဘာ ၂၆ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီကနေ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေ နံနက်အစောပိုင်းကတည်းကဖြစ်ပွါးနေပြီး ညနေမှာ လေကြောင်းပစ်ကူတွေပါ အသုံးပြုလာရပါတယ်။
နံနက်ပိုင်းမှာ မိုးကုတ်မြို့အနောက်ပိုင်းက စစ်တပ်ရဲ့စခန်းတချို့ကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNAL) နဲ့အတူ PDF Mandalay နဲ့ မိုးကုတ်အခြေစိုက်တပ်ရင်းများက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ညနေမှာတော့ တိုက်ပွဲတွေဖြစ်ပွါးနေတဲ့ ဖြူရောင်ရွာနဲ့ ညောင်ကုန်းရွာကြားကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
လားရှိုးဘက်ကတက်လာတဲ့ ရဟတ်ယာဥ်နဲ့ ဗုံးကျဲခဲ့တာလို့ရှေ့တန်းရောက်နေတဲ့ PDF ရဲဘော်တစ်ဦးကပြောပါတယ်။
” ကျွန်တော်တို့အရှေ့မှာပဲလာချာတာ၊သုံးခါချတယ်၊
တိုက်ပွဲက အရမ်းမပြင်းထန်ပါဘူး၊ စကစဘက်ကပဲ ရဟတ်ယာဥ်သုံးလာတာ၊ မနက်ကတည်းကလည်းလက်နက်ကြီးကဆက်တိုက်ထုနေတာ၊ ကျွန်တော်တို့ဘက်ထိခိုက်ထားတာတော့မရှိသေးဘူး”လို့သူကပြောပါတယ်။
မိုးကုတ်မြို့ ဗိုလ်ကုန်းရပ် အာဏာသိမ်းစစ်တပ် ဗျူဟာကုန်းကနေ ဖြူရောင်နဲ့ညောင်ကုန်းရွာကြားကို
၁၅၅ ဟောင်ဝစ်ဇာလက်နက်ကြီး၊ ၁၂၀မမ၊ ၆၀မမ၊ ၈၀မမတွေနဲ့ ဒီနေ့မနက် ၁၁:၀၀ နာရီကစတင်ပစ်ခတ်နေတာလို့ပြောပါတယ်။
” ဒီနေ့တော်တော်ကြမ်းတယ်၊ ရင်တထိတ်ထိတ်တုန်နေရတာ၊လက်နက်ကြီးပစ်တာက ကိုယ့်ဘေးနားကိုရောက်လာသလိုလိုခံစားရတာလေ၊ ပြီးတာနဲ့ရဟတ်ယာဥ်ကလာပစ်တော့တာပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့ ဖြူရောင်နဲ့ညောင်ကုန်းကြားမှာ အာဏာသိမ်းစစ်တပ် နဲ့ TNLA ပူးပေါင်းတပ်တွေအောက်တိုဘာ ၁၂ရက်နေ့ကစတင်ပြီး တိုက်ပွဲ တွေဖြစ်ပွားနေတာလို့ TNLA ဘက်ကထုတ်ပြန်ထားပါတယ်။
ဒီကနေ့ နံနက်ပိုင်း မိုးကုတ်အနောက်ပိုင်းက အာဏာသိမ်းစစ်တပ်ရဲ့ စခန်းတချို့တိုက်ခိုက်ခံရတာမှာ ထိခိုက်သေဆုံးမှုအခြေအနေတွေ မသိရသေးပါဘူး။
ရုပ်သံဖိုင် – ဖြူရောင်ရွာနဲ့ ညောင်ကုန်းရွာကြားကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့စဉ်/ ပေးပို့။