Photo- Thet Oo Mon
လွန်ခဲ့တဲ့ ၁၅နှစ်လောက်က ဦးဌေးမြင့်တစ်ယောက် ရွာဘုန်းကြီးကျောင်းက သိမ်ကို ရပ်ရွာက လူတွေနဲ့အတူ ဆေးသုတ်ကြ၊ ဘုန်းကြီးကျောင်းဝင်းအတွင်း သန့်ရှင်းရေးလုပ်ကြရင်း သမိုင်းဝင်ပစ္စည်းတစ်ခုကို တွေ့ရှိခဲ့ရတယ်။ အဲဒီအချိန်မတိုင်ခင်ကတည်းကရွာက ဘုန်းကြီးကျောင်းမှာ အဲဒီပစ္စည်း ရှိနေခဲ့တာပါ။
ဦးဌေးမြင့်က တွံ့တေးမြို့နယ် မငေးရွာမ၊ မငေးအလယ်ရွာ၊ ထိန်ကုန်းနဲ့ ကွန်တာဆိုတဲ့ ရွာလေးရွာကို အုပ်ချုပ်ရတဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက် ဖြစ်ပါတယ်။
အဲဒီပစ္စည်း ဒီမှာ ရှိနေတာကို သူ့ရွာအတွက် ဂုဏ်ယူမိသလို မြင်တိုင်းလည်း စိတ်ထဲမကောင်း ဖြစ်ရတယ်လို့ ဦးဌေးမြင့်ကပြောပြတယ်။ သူက အဲဒီပစ္စည်းကို တွေ့တဲ့အခါ စိတ်ထဲဝမ်းနည်းမိသလို အဲဒီပစ္စည်းနဲ့ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်ကြီးကိုလည်း သတိရမိတယ်လို့ ဆိုပါတယ်။
အဲဒီပုဂ္ဂိုလ်ကြီးက မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းပဲ ဖြစ်ပါတယ်။ သူနဲ့သက်ဆိုင်တဲ့ပစ္စည်းဆိုတာက ဗိုလ်ချုပ် သက်ရှိထင်ရှားရှိတုန်းက သုံးစွဲခဲ့တဲ့ပစ္စည်း မဟုတ်ပါဘူး။ ၁၉၄၇ ဇူလိုင် ၁၉ မှာ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရပြီးနောက် ဂျူဗလီဟောခန်းမမှာ ဗိုလ်ချုပ်ရုပ်ကလာပ်ကို ပြင်ဆင်ခဲ့တဲ့ ခုတင်ပဲဖြစ်ပါတယ်။
ဒီဘုန်းကြီးကျောင်းကို အဲဒီခုတင်ရောက်လာပုံကတော့ဗိုလ်ချုပ်ဈာပနကော်မတီဥက္ကဋ္ဌ၊ အတွင်းဝန် သီရိပျံချီဦးသန်းစိန်က ဈာပနပွဲအပြီးမှာလာရောက်လှူဒါန်းခဲ့တာကြောင့်ပါ။သူ့ဇာတိက ရန်ကုန်ကပါ။ မငေးရွာသူနဲ့ အကြောင်းပါပြီးနောက်မငေးရွာသား ဖြစ်လာခဲ့သူပါ ။
ဒါကြောင့် သူ့အရပ်ကဘုန်းကြီးကျောင်းချို့တဲ့တာကို သိတဲ့အတွက် သုံးလိုရာသုံးလို့ရအောင် ခုတင်ရယ်၊ ဗိုလ်ချုပ်နဲ့အတူကျဆုံးခဲ့ကြတဲ့ အာဇာနည်တွေရဲ့ ရုပ်ကလာပ်တွေကိုထည့်ထားတဲ့မှန်အခေါင်းတွေပါ ဒီကျောင်းကို လှူခဲ့တာဖြစ်တယ်လို့ လက်ရှိကျောင်းထိုင်ဆရာတော် ဘဒ္ဒ န္တသုန္ဒရက မိန့်ပါတယ်။ သူ့ဆရာဖြစ်တဲ့ အရင်ကျောင်းထိုင်ဆရာတော်လက်ထက်က အလှူခံရရှိခဲ့တာပါ။
Photo – Thet Oo Mon ပင်မကျောင်းဆောင်ကြီး
အဲဒီအချိန်တုန်းက ဒီရွာမှာ ဒီကနေ့လို ကားလမ်း၊ ဆိုင်ကယ်လမ်းမပေါက်ဘူး။ မြစ်ချောင်းနီးတဲ့ဒေသမို့ နွေဆို လှည်း၊မိုးဆို လှေနဲ့ သွားကြလာကြရ တာပါ။သင်္ဘောဆိုတာကလည်း တစ်ရက်မှတစ်ခေါက်သာမြို့ကို အရောက်အပေါက်ရှိခဲ့တာ။
အရင်ဆရာတော်ကြီးက မှန်ခေါင်းက မှန်တွေကို ဖြတ်တောက် ပြီးဘုရားခန်း လုပ်လိုက်တယ်။ ခုတင်ကိုတော့ သူနေထိုင်တဲ့ အခန်းထဲမှာ ထည့်ထားပြီး သူကိုယ်တိုင် ခုတင်ပေါ်မှာ ကျိန်း(အိပ်)တယ်လို့ လက်ရှိ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။
သက်တမ်း ၁၆ဝကျော်
ဒီဘုန်းကြီးကျောင်းကတော့ တွံတေးမြို့နယ်က မငေးအလယ်ရွာမှာရှိတဲ့ သာသနာ့ဝေပုလ္လ ဆိုတဲ့ နှစ်ပေါင်း ၁၆ဝ ကျော်သက်တမ်းရှိတဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းပဲဖြစ်ပါတယ်။ ရန်ကုန်ကနေ နာရီဝက်လောက် သွားရပါတယ်။
ကြည့်မြင်တိုင်ဆိပ်ကမ်း၊ ငါးဈေးအနားစက်လှေဂိတ်ကနေ လှိုင်မြစ်တစ်ဖက်ကမ်းကိုကူးပြီး အဲဒီကနေဆိုင်ကယ်နဲ့ မိနစ်နှစ်ဆယ်ခန့်သွားရတယ်။ လမ်းကတော့ ကြမ်းတယ်။ ကွန်ကရစ်ခင်းထားပေမယ့် မိုးရေကြောင့် ချိုင့်တွေ၊ ရွှံ့တွေဖြစ်နေတယ်။ မြစိမ်းရောင်တောက်နေတဲ့ လယ်ကွင်းတွေကြားမှာ ဘုန်းကြီးကျောင်းကို လှမ်းတွေ့ရတယ်။ မိုးရာသီဖြစ်တဲ့အတွက် မြင်မြင်သမျှက စိမ်းစိုနေတယ်။
ဘုန်းကြီးကျောင်းထဲ ဝင်ဝင်ခြင်းမှာ ဂငယ်အခုံးပုံစံ သစ်သားတံတားကို တွေ့ရတယ်။ ရှေးဟောင်းတံတားဖြစ်ပြီး အရင်ခေတ်က လှေတွေ ဝင်ထွက်လို့ရအောင် တံတားကို ခုံးခုံးလေးဆောက်ထားတာဖြစ်တယ်လို့ လက်ရှိကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။ အခုတော့ ချောင်းက ခပ်ကျဉ်းကျဉ်းသာရှိတော့တယ်။ ဘုန်းကြီးကျောင်းက ခုနစ်ဧက ကျယ်ပါတယ်။ အဆောင်ငါးဆောင်ရှိပြီး သီတင်းသုံးတဲ့ ကိုယ်တော်တွေကကျောင်းထိုင်ဆရာတော်အပါအဝင် ဦးဇင်းတွေနဲ့ဆိုရင် ၁၃ ပါးသာရှိတယ်။
ကျွန်တော်တို့ရောက်တော့ ဆွမ်းစားချိန်ဖြစ်နေတယ်။ကျောင်းထိုင်ဆရာတော်ကို ဝင်တွေ့တဲ့အခါ ဆရာတော်က အိပ်ရာထက်မှာလဲှလျောင်းနေတယ်။ ဆရာတော်က သက်တော် ၈၇နှစ်ရှိပြီ။ လေဖြတ်ထားတာ ၁ဝ နှစ်ရှိပြီလို့ မိန့်ပါတယ်။ ခြေလက်တွေက လှုပ်ရှားမှုနှေးကွေးနေပါပြီ။ လှဲရာက ထရင်တောင် လူတွဲနဲ့ ထရတယ်။ လာရင်းကိစ္စ လျှောက်တင်ပြီး ဆွမ်းစားချိန်ပြီးမှမေးဖို့ ဆရာတော်က မိန့်တယ်။
Photo- Thet Oo Mon အောက်လင်းဓာတ်မီးများ
ရှေးဟောင်းပစ္စည်းများ
ဆရာတော်ဆွမ်းစားပြီးတော့ သိလိုတဲ့အကြောင်းအရာတွေကို မေးဖြစ်တယ်။ကျောင်းထဲမှာဗိုလ်ချုပ်အောင်ဆန်းဈာပန ပြင်ဆင်တဲ့ ခုတင်အပြင် အခြားရှေးဟောင်းပစ္စည်းတွေလည်း ရှိသေးတယ်။
ကျွန်တော်တို့ရောက်ရှိနေတဲ့ ပင်မကျောင်းဆောင်ကြီးကပျဉ်းကတိုးတိုင်ပေါင်း ၂၄၆ တိုင်နဲ့ အခိုင်အမာတည်ဆောက်ထားတယ်။ ပင်မကျောင်းဆောင်က ပေ ၁ဝဝ ပတ်လည်လောက်ရှိပြီး ပျဉ်ကာသွပ်မိုး တည်ဆောက်ထားတာပါ။ ဖွဲ့စည်းပုံကအရှေ့ဘက်မှာ ဘုရားခန်းဖွဲ့ထားတယ်။ ဘုရားခန်းရှေ့မှာ ကုလားထိုင်တွေ ပလ္လင်တွေ အရင်ကျောင်းထိုင်ဆရာတော်တွေရဲ့ ပန်းချီကားနဲ့ ဓာတ်ပုံတွေ ရှိတယ်။ တိုင်တွေမှာလည်း ရှေးဟောင်းနာရီတော်တော်များများ ချိတ်ဆွဲထားတာကို တွေ့ရတယ်။
နာရီပေါင်းအလုံးနှစ်ဆယ်ကျော်လောက်ရှိ တယ်လို့ကျောင်းထိုင်ဆရာတော်က မိန့်တယ်။ သစ်သားအိမ်တွေနဲ့ ချိန်သီးတွေ ပါတဲ့ တစ်ပေခွဲလောက်ရှိတဲ့ နာရီကြီးတွေပါ။ အခုတော့တော်တော်များများက အလုပ်မလုပ်တော့ဘူး။ ဆရာတော်ကျန်းမာစဉ်ကတော့ နာရီတွေကို ကိုယ်တိုင် ကြေးချွတ်ဆေးကြော သံပတ်ပေးတယ်လို့ ဆိုတယ်။
Photo – Aung Phay Kyi Soe မင်းတုန်းမင်း ဆက်ကပ်ထားတဲ့ ပေလွှာ
မင်းတုန်းမင်းပေလွှာ
ဒါ့အပြင် သမိုင်းအရ တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုလည်း ရှိပါသေးတယ်။ မြန်မာနိုင်ငံရဲ့ ကုန်းဘောင်မင်းဆက်ထဲက မင်းတစ်ပါးဖြစ်တဲ့ မင်းတုန်းမင်းက ဒီကျောင်းက ဆရာတော်ကိုဂိုဏ်းအုပ်အဖြစ် ခန့်အပ်ချီးမြှင့်ထားတဲ့ ပေလွှာသုံးခုပါ။ ဝိုင်းစက်ပြီး ကနုတ်တွေနဲ့ လှလှပပရေးသားထားတဲ့ မြန်မာစာလက်ရေးကို တွေ့ရတယ်။ ဂိုဏ်းက သုဓမ္မာဂိုဏ်းအုပ်ဆိုတဲ့ ဘွဲ့ပဲ ဖြစ်ပါတယ်။
အရင်က ပေလွှာက ခြောက်ခုလောက် ရှိတယ်။ သွပ်ပြားနဲ့ ပတ်ပြီး ကျည်တောက်ပုံစံခါးလောက်ရှိတဲ့ အဝါရောင် စာဘူးတောင်းထဲမှာ ထည့်ထားတာပါ။ ဒါပေမဲ့ ကလေးတွေ ယူဆော့တာကြောင့် သုံးခုက ကျိုးပျက်ကုန်တယ်လို့ အုပ်ချုပ်ရေးမှူးဦးဌေးမြင့်က ပြောပြပါတယ်။
အဲဒီလို ပျက်စီးသွားတဲ့ ပစ္စည်းအပြင် လွန်ခဲ့တဲ့ ငါးနှစ်လောက်က စကျင်ကျောက်နဲ့ လုပ်ထားတဲ့ လျောင်းတော်မူဘုရားဆင်းတုတော်တစ်ဆူ အခိုးခံရပါသေးတယ်။ ကျောင်းမှာတရားစခန်းဖွင့်တဲ့အချိန် လူတွေ ရှုပ်နေတုန်း ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ ဦးဌေးမြင့်က ပြောပြပါတယ်။
ဆရာတောက်ကို သိလိုသမျှ မေးမြန်းပြီးတော့ ဗိုလ်ချုပ်တို့ကို ထည့်သွင်းခဲ့တဲ့ အခေါင်းက မှန်တွေနဲ့ ကာထားတဲ့ဘုရားခန်းထဲ ဝင်ကြည့်တယ်။ ဘုရားခန်းကသော့ပိတ်ထားပါတယ်။ ဦးဇင်းဦးခေမိန္ဒက သော့ဖွင့်ပြီး လိုက်ပြပေးတယ်။ ဘုရားခန်းထဲမှာတော့ ရှေးဟောင်းဆင်းတုတော်တွေ ရှေးဟောင်းပစ္စည်းတွေက အပြည့်ပါ။
ဆင်းတုတော်တစ်ဆူဆိုရင် ဉာဏ်တော်က နှစ်ပေသာသာလောက်သာ ရှိတာပါ။ ဒါပေမဲ့ လူသုံးယောက်လောက် ဝိုင်းမလို့မရအောင် အလေးချိန်စီးတယ်လို့ ဆရာတော်ရဲ့ဝေယျာဝစ္စပြုလုပ်ပေးနေတဲ့ ဦးဇင်း ဦးခေမိန္ဒက ဆိုပါတယ်။ အဲဒီဆင်းတုတော်က ရွှေနဲ့ကြေးရောစပ်ပြီး သွန်းလောင်းခဲ့တာလို့ ရှင်းပြပါတယ်။
ရှေးခေတ်ကသုံးကြတဲ့ အောက်လင်းဓာတ်မီးတွေကိုလည်း မျက်နှာကြက်နဲ့ နံရံတွေမှာ ချိတ်ဆွဲထားတယ်။ တချို့ဆို သံချေးတွေ တက်ပြီး ပျက်စီးလုနီးပါးပဲ။ ဘုရားခန်းအလယ်တည့်တည့်မှာတော့ ဘုန်းကြီးတွေ ပျံလွန်တော်မူရင် ကျန်ရစ်တဲ့ ရုပ်ကလာပ်ကိုတင်ဖို့ ဆယ်ပေကျော်လောက်ရှိတဲ့ ကရဝိက်အရုပ်ကြီးနဲ့ ကနုတ်ပန်းတွေနဲ့ အလှဆင်ကာ မှန်စီရွှေချထားတဲ့ ကြာကလပ်(အခေါင်းတင်စင်)ကိုနေရာချထားတယ်။
ပြီးတော့ တစ်ပေကျော်လောက်ရှိတဲ့ မှန်စီရွှေချ သေတ္တာအသေးလေးတွေ။ အဲဒီထဲမှာ ပါဠိဘာသာနဲ့ ရေးထားတဲ့ ကမ္မဝါစာ (ရဟန်းများ ပြုလုပ်သော ကိစ္စအမျိုးမျုးိတွင် ရွတ်ဆိုရသောစာ)တွေကို ထွင်းထားတဲ့ကြေးပြားတွေ ထည့်ထားတယ်။ အဲဒီလိုသေတ္တာမျိုး နှစ်လုံး၊ သုံးလုံးလောက် ရှိတယ်။
Photo- Thet Oo Mon အသက်ဝင်တဲ့ ကျားရုပ်
အသက်ဝင်တဲ့ ကျားရုပ်
ရှေးဟောင်းပစ္စည်းတွေအပြင် ထူးဆန်းတာတစ်ခုလည်း ရှိသေးတယ်။ အဲဒါက ကျားရုပ်ပါ။ ဦးဇင်းခေမိန္ဒ အပြောအရ ဒီကျားရုပ်က အသက်သွင်းထားတဲ့ ကျားရုပ်လို့ဆိုပါတယ်။ အရင်ကျောင်းထိုင်ဆရာတော်ကြီးက လောကီအစီအမံတွေ တတ်ကျွမ်းတဲ့အတွက် ဓာတ်လုံးတစ်လုံးကို ကျားရုပ်ခေါင်းထဲမှာ ထည့်မြှုပ်ပြီး အသက်သွင်းထားတယ်လို့ ဆိုပါတယ်။
အရင်တုန်းက ခေတ်ကာလအခြေအနေကလည်း မကောင်းတော့ ဘုန်းကြီးကျောင်းလုံခြုံရေးအတွက်ဆိုပြီး ကျားရုပ်ကိုအသက်သွင်းထားတာလို့ ဆိုပါတယ်။ ညဘက်ဆို ကျားရုပ်ကိုကျောင်းအောက်ချထားလိုက်ရင် ကျားရုပ်က အသက်ဝင်လာကာ လျှောက်သွားနေတတ်ပြီး ကျောင်းကို စောင့်ရှော က်တယ်လို့ရှေ့က လူတွေပြောပြခဲ့ဖူးတာကို ဦးဇင်းက ပြန်ပြောပြတယ်။
ဒါပေမဲ့ အဲဒီဆရာတော်ကြီး ပျံလွန်တော်မူသွားတဲ့အခါမှာတော့ ကျားကို ထိန်းနိုင်တဲ့သူ မရှိတော့တာကြောင့် ကျားရုပ်ခေါင်းထဲက ဓာတ်လုံးကိုဖောက်ထုတ်ပြီး ရွှေတိဂုံဘုရားမှာ သွားလှူဒါန်းလိုက်တယ်လို့ ဦးဇင်းဦးခေမိန္ဒက ဆိုပါတယ်။
ဘုရားကျောင်းဆောင်ကို လှည့်ပတ်ကြည့်ရှုပြီးတော့ ကျောင်းအောက်မှာရှိတဲ့ရှေးဟောင်းလောင်းလှေကြီးတွေကို ကြည့်ဖို့ ဆင်းလာခဲ့တယ်။ အတောင်နှစ်ဆယ်ကျော်ရှည်တဲ့ လောင်းလှေကြီးကိုးစီးရှိပါတယ်။ ယခင်က ရေလမ်းကို အဓိက အသုံးပြုတဲ့အတွက် အရင်ကျောင်းထိုင်ဆရာတော်တွေ စီးနင်းခဲ့ကြတာပါ။
ဒါ့အပြင် ဒီလောင်းလှေတွေကို လှေပြိုင်ပွဲတွေ ပြုလုပ်ရင် လာရောက်ငှားရမ်းကြတယ်လို့ ဦးဇင်းဦးခေမိန္ဒက ရှင်းပြတယ်။ လှေတွေကို ကျောင်းအောက်မှာ သစ်သားစင်တွေနဲ့တင်ထားတာကို တွေ့ရပါတယ်။ စိန်ကလေး၊ မြကလေးစသဖြင့် လှေနာမည်တွေလည်း စုတ်တံနဲ့ရေးဆွဲထားတယ်။ လှေပုံစံက ငှက်မွေးပုံစံကော့ညွတ်နေပြီး အနံက တံတောင်သာသာ ရှိပါတယ်။
Photo- Thet Oo Mon ဗိုလ်ချုပ်ရုပ်ကလာပ်တင်ခဲ့တဲ့ ခုတင်
ဗိုလ်ချုပ်ခုတင်ရှိရာ
လှေတွေထားတဲ့ ကျောင်းအောက်ကနေ ထွက်လိုက်ရင် ဗိုလ်ချုပ်ခုတင်ထားတဲ့အခန်းကို ရောက်ပါတယ်။ ပင်မကျောင်းဆောင်အရှေ့ဘက်မှာ ရှိပါတယ်။
ကျောက်ပြားတွေ ခင်း၊ အမိုးမိုးထားတဲ့ ပင်မကျောင်းဆောင်ကြီးနဲ့ ဆက်ထားတဲ့ လမ်းကလေးကနေ သွားလိုက်တဲ့အခါ အနံ၁ဝပေ၊ အလျား ၁၅ ပေသာသာ ဆေးအနီသုတ်ထားတဲ့ အုတ်တစ်ဝက်၊ သံဆန်ခါတစ်ဝက်နဲ့ သွပ်မိုးထားတဲ့ အဆောင်ကို ရောက်ပါတယ်။ အဆောင်က သော့ခတ်ထားတဲ့အတွက် အပြင်သံဆန်ခါပေါက်ထဲက လှမ်းကြည့်ရပါတယ်။
အခန်းထဲမှာတော့ သွပ်ပြားအဟောင်းတွေ ပရိဘောဂပစ္စည်းအဟောင်းတွေ ထည့်ထားတာ တွေ့ရပါတယ်။ ခုတင်နှစ်လုံးလည်း ချထားတယ်။ နံရံဘက်က ခုတင်တစ်လုံးပေါ်မှာ ဘုန်းကြီးတွေ ပျံလွန်တော်မူရင် ထည့်သွင်းတဲ့ မှန်ခေါင်းကို တင်ထားတယ်။ အဲဒီဘေးကတော့ ဗိုလ်ချုပ်ရုပ်ကလာပ်ကို ပြင်ဆင်တင်ခဲ့တဲ့ ခုတင်ပါ။ ခုတင်ပေါ်မှာတော့ ဘာပစ္စည်းမှ မတင်ထားဘူး။
ခုတင်က တောင့်တောင့်တင်းတင်း ရှိနေသေးတာကို တွေ့ရတယ်။ ဒါပေမဲ့ အသုံးမပြုဘဲ ဒီအတိုင်းထားတာကြာလို့ ဖုန်အလိမ်းလိမ်း ကပ်နေပါတယ်။ ခုတင်ထောင့်တွေမှာလည်း ပင့်ကူမျှင်တွေ တွယ်ကပ်နေတာကို တွေ့ရပါတယ်။
နှစ်စဉ်မဟုတ်ပေမယ့် အာဇာနည်နေ့ရောက်တိုင်း တစ်ဆင့်စကား တစ်ဆင့်နားကြားပြီး ဗိုလ်ချုပ်ခုတင်ကို လာရောက်ကြည့်ရှုသူတွေ ရှိတယ်လို့ ဦးဇင်း ဦးခေမိန္ဒက ပြောပြတယ်။NLD ပါတီနဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေလည်း လာကြတယ်။
Photo- Thet Oo Mon ဗိုလ်ချုပ်တို့ကို ထည့်သွင်းခဲ့တဲ့ မှန်ခေါင်းများကို ဖြတ်တောက်ကာရံထားတဲ့ ဘုရားခန်း
သူတို့က ဗိုလ်ချုပ်ခုတင်ကို ဗိုလ်ချုပ်အောင်ဆန်းပြတိုက် မှာထားဖို့ အလှူခံသေးတယ်။ ဒါပေမဲ့ လက်ရှိကျောင်းထိုင်ဆရာတော်က သူ့ဆရာပစ္စည်းတွေ ထိန်းသိမ်းထားချင်တဲ့အတွက် မစွန့်လိုက်ဘူးလို့ အုပ်ချုပ်ရေးမှူးဦးဌေးမြင့်က ဆိုပါတယ်။
လှူဖို့မပြောနဲ့၊ ဒီခုတင်ကိုနေရာတောင် အရွှေ့မခံပါဘူး။တစ်ခါက ဦးဌေးမြင့်က ကျောင်းအောက်မှာထားရင် ရာသီဥတုဒဏ်ကြောင့် ပျက်စီးမှာစိုးပြီး ကျောင်းပေါ်တင်ဖို့ ဆရာတော်ကိုလျှောက်တင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဆရာတော်က အရင်ကျောင်းထိုင်ဖြစ်တဲ့ သူ့ဆရာ ထားခဲ့တဲ့နေရာမှာပဲ ထားဖို့ မိန့်တယ်လို့ ဆိုပါတယ်။
ခုတင်တစ်ခုတည်းတင် မဟုတ်ဘူး။ ကျန်တဲ့ပစ္စည်းတွေကိုလည်း သူ့ဆရာနေရာချထားတဲ့အတိုင်းပဲ ထားပါတယ်။ ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်၊ ဖုန်သုတ်ပြီးရင်လည်း အဲဒီနေရာမှာပဲ နေရာတကျ ပြန်ထားတယ်လို့ ဦးဌေးမြင့်က ဆိုပါတယ်။
ဘယ်လောက်ပေးပေး မရောင်းနိုင်
ဒီလိုရှေးဟောင်းပစ္စည်းတွေရှိတဲ့အတွက် ရှေးဟောင်းပစ္စည်းရောင်းဝယ်သူတွေလည်း ရောက်လာဖူးတယ်။ ကျောင်းပေါ်က ပစ္စည်းတွေကို ငွေသိန်းချီပေးပြီး လာရောက်ဝယ်ယူဖို့ကမ်းလှမ်းဖူးတယ်လို့ ဆရာတော်ကြီးက မိန့်ပါတယ်။ ဒါပေမဲ့ သူက မရောင်းခဲ့ပါဘူး။
Photo- Thet Oo Mon မှန်စီရွှေချထားတဲ့ ကြာကလပ်(အခေါင်းတင်စင်)
ဒါ့အပြင်ရှေးဟောင်းဌာနကလည်း အလှူခံဖူးပါတယ်။
လက်ရှိ ကျောင်းထိုင်ဆရာတော်ကတော့ ဒီပစ္စည်းတွေကို ဘယ်သူကိုမှ စွန့်ဖို့ စိတ်ကူးမရှိသလို ရောင်းဖို့လည်း စိတ်ကူးမရှိပါဘူး။သူ့ဆရာ လက်ဆင့်ကမ်းခဲ့တဲ့ ပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့သာ စိတ်ကူးထားတယ်လို့ ဆရာတော်က မိန့်ပါတယ်။
သူ့အသက် ၁၃ နှစ်အရွယ် ကိုရင်ဘဝကနေ လက်ရှိကျောင်းထိုင်ဆရာတော်ဖြစ်သည်အထိ ဒီကျောင်းမှာပဲ သီတင်းသုံးလာခဲ့တဲ့ ငယ်ဖြူဆရာတော်ပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းတွေကို သူက သံယောဇဉ်ရှိပြီးရှေးဟောင်းပစ္စည်းထိန်းသိမ်းချင်တဲ့ ဝါသနာလည်းပါတာကြောင့်စောင့်ရှောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် သူ့ဆီကို ရှေးဟောင်းပစ္စည်းတွေ လာရောက်ဝယ်ယူတဲ့သူတွေကို ဆရာတော်က အခုလို ပြန်မိန့်ပါတယ်။
”လာလာဝယ်ကြတယ် ဦးဇင်းက မရောင်းဘူးဗျ။ ငါကဆရာသမားပစ္စည်းတွေ ထိန်းသိမ်းထားတာ ရောင်းဖို့ မဟုတ်ဘူး။ငါက ရှေးဟောင်းပစ္စည်းတွေကို ထိန်းသိမ်းထားတာ” ။ ။
၂၀၁၇-ဇူလိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၈) မှ အမေ့ခံ ဖြစ်ပါသည်။
သက်ဦးမွန် ရေးသည်။