အသက် သုံးနှစ်အရွယ် ဗစ်တိုးရီးယားရဲ့ အမှုဖြစ်စဉ်မှာ မိသားစုရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ရဲအရာကြီးတွေက လူသိရှင်ကြားထုတ်ပြန်လိုက်တဲ့ကိစ္စဟာ တရားဥပဒေချိုးဖောက်မှုဖြစ်ပြီး အစိုးရကိုယ်တိုင် အရေးယူရမယ့် ကိစ္စတစ်ခုဖြစ်တယ်လို့ ဥပဒေလောကသား ဆိုကြပါတယ်။
ရဲတပ်ဖွဲ့က မူလစွပ်စွဲထားတဲ့ သံသယရှိသူ အောင်ကြီးကို တရားရုံးက တရားရှင်လွှတ်ပေးလိုက်တဲ့နောက် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ရဲတပ်ဖွဲ့က ရဲမှူးချုပ်အဆင့်နဲ့ ရဲမှူးကြီးအဆင့်ရှိသူတွေက နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။
ဒီလုပ်ရပ်ဟာ ၂၀၁၉ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ချိုးဖောက်နေပါတယ်။
ဥပဒေရဲ့ အခန်း ၂၅ အပိုဒ် (ဃ)မှာ မှုခင်းမှာပါဝင်တဲ့ ကလေးသူငယ်တွေရဲ့ မည်သူမည်ဝါဖြစ်ကြောင်း မှုခင်းသတင်းအချက်အလက်တွေကို ဘယ်နည်းလမ်းနဲ့မှ ထုတ်ဖော်ခွင့်ပေးမထားတဲ့ အချက်ပါရှိပါတယ်။
ဝါရင့်တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ကတော့ ဗစ်တိုးရီးယားရဲ့ အချက်အလက်တွေကို လူသိရှင်ကြားထုတ်ပြန်ခဲ့တဲ့သူတွေကို အရေးယူနိုင်ဖို့ဆိုတာ မလွယ်ကူဘူးလို့ ဆိုပါတယ်။
ဒီလိုထုတ်ပြန်ပြီး ၁၁ ရက်အကြာမှာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
ဒီကြေညာချက်မှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေထဲက အပိုဒ်တချို့ကို ပြန်လည်ဖော်ပြထားပြီး တာဝန်ရှိသူများနှင့်မီဒီယာများတွင်ဖော်ပြခြင်းသည် ကလေးသူငယ်အခွင့်အရေးကို ထိပါးစေသည်လို့ ဖော်ပြထားပါတယ်။
ထူးခြားချက်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့လို့ တိုက်ရိုက်မဖော်ပြတာဖြစ်ပါတယ်။
သတင်းမီဒီယာတွေကတော့ ရဲတပ်ဖွဲ့ဟာ သတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားရဲ့ အချက်အလက်တွေကို ထုတ်ပြန်ခဲ့တာကြောင့် သူတို့ရဲ့ ထုတ်လွှင့်မှုတွေကို ဖြုတ်ချခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စာမျက်နှာဖြစ်တဲ့ ရဲဇာနည် Facebook စာမျက်နှာမှာတော့ ဖြုတ်ချခြင်းမရှိဘဲ နောက်တစ်ရက်မှာ အမှုပါအချက်အလက်တွေကို ဓါတ်ပုံအဖြစ် ထပ်မံဖော်ပြခဲ့ပါတယ်။
သဇင်လတ်၊ ဂေထော
#dailynews #video