Photo-Than Htike
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပုဂံ ရှိရှေးဟောင်းဘုရားစေတီများ ပြုပြင်ရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အလှူခံဌာနများ ဖွင့်လှစ်ပြီး ကောက်ခံရရှိသည့် အလှူငွေများကို ပုဂံရှိ ရေကန်ပေါင်များမြေဖို့ရန် အသုံးပြု နေသည်ဟု ဒေသခံ အာဏာပိုင်နှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူများက အတည်ပြုသည်။
ဘုရားများ ပြင်ဆင်သည့်လုပ်ငန်း မပြီးဆုံးသေးခင် မ္တနလေး တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ဦးဆောင် သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲမှုကော်မတီကဘုရားပြင်ရန် လှူဒါန်းထားသည့်ငွေကိုသုံး၍ ပုဂံရှုခင်းကြည့်ရန် ရေကန်ပေါင်များကို မြေဖို့ကာ တောင်ကုန်းငယ်များသဖွယ်ဆောက်လုပ်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံသတင်းမီဒီယာရှေ့နေကွန်ရက်ဥက္ကဋ္ဌ တရား လွှတ်တော်ရှေ့နေ ဦးအောင်စိုးကတော့ ယင်းသို့ အသုံးပြု၍မရဟု ပြောသည်။
”မော်တော်ကားစီးဖို့ပေးလိုက်တဲ့ပိုက်ဆံကို ဆာတာနဲ့ စားပစ်လိုက်တယ်လို့ ပြောလို့မရဘူး။ အဲဒီလိုပဲ ဒီဘုရားအတွက် ဟာကို ကန်ပေါင်အတွက် သွားလုပ်ပါတယ်၊ ဘုရားပြိုမှာစိုးလို့ ဆို တာက မရဘူးလေ”
ကန်ပေါင်တွေ ဘာကြောင့်လုပ်တာလဲ
နေဝင်၊ နေထွက်ကို စေတီပုထိုးများပေါ်တက်၍ ကြည့်ရှု ခြင်းသည် စေတီပုထိုးများကို ပျက်စီးစေသဖြင့် ရေရှည်တွင်ခွင့်ပြု ၍ ရတော့မည်မဟုတ်ကြောင်း ယခုနှစ် ဇန်နဝါရီ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုဂံဒေသသို့ ရောက် ရှိလာခဲ့စဉ် ပြောကြားခဲ့သည်။
”(နေဝင်နေထွက်ကြည့်ရန်) ကန်တွေဘေးမှာ ကန်ပေါင် တွေ လုပ်ပေးမယ်ဆိုလို့ရှိရင်တော့ ဒါဟာ သင့်တော်မယ်လို့ ကျွန်မကတော့ ယူဆပါတယ်”ဟု သူက ပြောခဲ့သည်။
ယင်းသို့ပြောကြားပြီး တစ်လမပြည့်မီ အနောက်ဖွားစော ရွာအနီးရှိ ကိုမောက်ကန်တွင် ကျောက်စရစ်များရောပြွမ်းလျက် ရှိသည့် မြေနီကုန်းနှစ်ကုန်းကိုဆောက်လုပ်ခဲ့ပြီး ရှုခင်းကြည့် တောင်ကုန်းငယ်အဖြစ် ဖွင့်လှစ်လိုက်ကြသည်။
ပုဂံတွင် မေလ ဒုတိယပတ် အရုဏ်မတက်မီက မိုးရွာသွန်း ခဲ့သည်။ အမြင့် ၁၇ ပေရှိပြီး အကျယ်ပေ ၈ဝ နှင့် ပေ ၁၂ဝ တို့ ရှည်လျားသည့် ကန်ပေါင်ဘေးရှိ အထက်ပါကုန်းနှစ်ကုန်းသည် မိုးရွာပြီးနောက် ပပ်ကြားအက်များဖြစ်ပြီး မြေသားတို့ နိမ့်ဆင်းလာသည်။
၄၅ ဒီဂရီ စောင်းနေသည့်ယင်းကုန်းများအပေါ် တက် ကြည့်သည့်အခါ မြေသားတို့သည်ခြေရာထင်လောက်အောင် ကျွံဝင်သွားသည်။ တောင်ကုန်းတွင် လက်ကိုင်စရာ တန်းမရှိ၊ တောင်ကုန်းမှာ အနည်းငယ်မတ်စောက်ပြီး နင်းတက်စရာ အထစ်လည်း မရှိသောကြောင့် ပန်းခြံအတွင်းက စီးဆောကို ပြောင်းပြန်တက်နေရသလို ဖြစ်နေသည်။
ကန်ပေါင်အထက်ပတ်ပတ်လည်တွင် လက်ရန်းအဖြစ် ၃ လက်မ၊ ၂ လက်မ သစ်သားတိုင်များစိုက်ထူထားသည်။ ယင်းတိုင် များအခြေတစ်လျှောက် ပပ်ကြားကြောင်းပြေးနေသဖြင့် အားပြု ၍ ကိုင်လိုက်လျှင် တိုင်များက ယိုင်နဲ့နဲ့။
ပုဂံဒေသမှ ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုကတော့ ယင်းကန် ပေါင်ဖွင့်လှစ်သည်မှာ သုံးလကျော်ကြာမြင့်ပြီဖြစ်သော်လည်း ဆင်းရတက်ရခက်ခြင်းနှင့် မြင်ကွင်းမကောင်းခြင်းတို့ကြောင့် တစ်ကြိမ်တစ်ခါမျှ ဧည့်သည်များကို သွားမပို့ဖူးကြောင်း ပြောသည်။
”ဧည့်သည်တွေ သိပ်မကြိုက်ကြဘူး။ ငါတို့လည်း မကြိုက် ဘူး။ ဧည့်လမ်းညွှန်တွေလည်း သိပ်မကြိုက်ဘူး။ မကြိုက်တော့ မပို့ဖြစ်ဘူး”ဟု ပုဂံဒေသဧည့်လမ်းညွှန်များအသင်း နာယက လည်းဖြစ်သည့် ဦးဇော်ဝင်းချိုက ပြောသည်။
ပုဂံဒေသတွင်ခရီးသွားလုပ်ငန်းနှင့် ဓာတ်ပုံဆရာအဖြစ် လုပ်ကိုင်နေသည့် (ဦး) အညတရကုဋေကတော့ ပုဂံဒေသတွင် မိုးအနည်းငယ်ရွာရုံဖြင့် ရွှံ့ ဗွက်များ ဖြစ်လေ့ရှိကြောင်းပြောသည်။ ထို့ကြောင့် ယင်းသို့မြေသားကုန်းပြုလုပ်ခြင်းသည် ခိုင်မည် မဟုတ်ဘဲ ငွေကုန်ပြီး အကျိုးမရှိကြောင်း ပြောသည်။
ယူနက်စကိုအဖွဲ့ (ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေး မှုအဖွဲ့) ယဉ်ကျေးမှုဌာန အစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုး ကတော့ ယင်းစီမံကိန်းတွင် ငွေအသုံးပြုမှုကို ဤသို့မှတ်ချက် ပြုသည်။
”ဒါက တကယ့်ကို ပလုံသွားတာပဲ”
ငွေကုန်ပြီး အကျိုးမရှိဟု ဝေဖန်ခံနေရသည့် ယင်းကန် ပေါင်ဖို့သည့် စီမံကိန်းသည် ကန်ပတ်လည်ကို ဖို့ခြင်းမဟုတ်ဘဲ ဆည်းဆာကြည့်ရန် လိုအပ်သည့် နေရာကိုသာ ဖို့ခြင်း ဖြစ်သဖြင့် ကန်ရေသိုလှောင်နိုင်မှုအနေဖြင့် ထူးခြားသွားခြင်း မရှိပေ။
ပုဂံဒေသဖွံ့ဖြိုးရေးအသင်း၏ အတွင်းရေးမှူး ဦးဝင်းမောင် ကတော့ ဒေသခံများအနေဖြင့် ယင်းမြေသားကုန်းများသည် ငွေကုန်သည့်အလုပ်အဖြစ်သာမြင်၍ သဘောမကျဟုပြောသည်။
”အိုးကွဲရေလှောင် ဘာလုပ်မှာလဲ”
ယင်းစီမံကိန်းသည် အကျိုးမရှိကြောင်း ပြောနေသူများ အကြားတွင် ညောင်ဦးဒေသခံ ဧည့်လမ်းညွှန် ဖြစ်သည့် အသက် ၄၅ နှစ်အရွယ် ဦးကြည်စိုးကတော့ နဖူးတွေ့ ဒူးတွေ့ဖြစ်သည်။
ကန်ပေါင်ကို ရှုခင်းကြည့်တောင်ကုန်းငယ်အဖြစ် ဖွင့်လှစ် ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ဧည့်သည်တစ်ဦးအားယင်းနေရာသို့ ဆည်းဆာကြည့်ရန် ခေါ်ဆောင်သွားခဲ့သည်။
ဧည့်သည်အနေဖြင့် ကန်ပေါင်ပေါ်သို့ ကြိုးစားတက်ခဲ့ရ သလို ရှုခင်းကလည်းမကောင်းသည့်အတွက် အခြားနေရာသို့ လိုက်ပို့ရန်သာ ပြောကြားခဲ့သောကြောင့် ရှုခင်းကြည့်ရန် နေရာ ပြောင်းခဲ့ရကြောင်း ဦးကြည်စိုးက ပြောပြသည်။
”တက်လို့ရှိရင် ယက်ကန်ယက်ကန်နဲ့ အဆင်မပြေဘူး။တော်တော့်ကို အဆင်မပြေဘူး”
ငှက်ကြည့်ဝါသနာပါသည့် ဦးကြည်စိုးသည် မေလကုန်တွင် တော့ ငှက်များကြည့်ရန် ကိုမောက်ကန်ဘက်သို့ တစ်ခေါက် ရောက်ခဲ့ပြန်သည်။
မိုးရွာပြီးထားသည့် ဒီတစ်ကြိမ်တွင်တော့ ကန်ပေါင်တစ် ပြင်လုံးတွင် ဒေါင်လိုက်အက်ကြောင်းများ လိုက်နေသည်ဟု ဆိုသည်။
”အပေါ်လျှောက်လမ်း တက်ကြည့်လိုက်တော့ ကိုယ့်ဟာ ကိုယ်တောင်မရဲဘူးပေါ့။ ငါတက်တုန်းများ ပြိုကျရင်တော့ ခက်ရော ဆိုပြီး”
ထို့နောက် ကန်ပေါင်ပေါ်မှ ချက်ချင်းပြန်ဆင်းခဲ့သည်ဟု ပြောပြီး ကန်၏ အခြေအနေကို ယခုလို သုံးသပ်သည်။
”ဒီတိုင်းသာ (မိုး)ဆက်ရွာရင်တော့သေချာတယ် ပြိုကျ မှာပဲ”
ပုဂံဘုရားအလှူငွေတွေ
ပုဂံဒေသတွင် ပြီးခဲ့သည့်နှစ် သြဂုတ် ၂၄ ရက်က ရစ်ချက် တာစကေး ၆ ဒသမ ၈ အင်အားဖြင့် ငလျင်လှုပ်ခတ်ခဲ့သဖြင့် ဘုရားစေတီအပါအဝင် ရှေးဟောင်းအဆောက်အအုံပေါင်း ၃၈၉ လုံး ထိခိုက်ပျက်စီးခဲ့ရသည်။
၄၂ စတုရန်းမိုင်ကျယ်ဝန်းသည့် ပုဂံဒေသတွင် ရှေးဟောင်း အဆောက်အအုံ ၂,၂၃၁ ခုနှင့် အုတ်ကုန်းပေါင်း ၈၉၂ ခု ရှိနေသဖြင့် ယင်းငလျင်ကြောင့် ရှေးဟောင်းအဆောက်အအုံ ခြောက် လုံးလျှင် တစ်လုံးနှုန်းခန့် ထိခိုက်ပျက်စီးခဲ့သည်။
ငလျင်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဘုရားများပြုပြင်ရန် အလှူခံရရှိသည့် စုစုပေါင်းအလှူငွေမှာ မေလကုန်အထိ ကျပ် သန်း ၇,ဝဝဝ နီးပါး ရရှိထားပြီးဖြစ်သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ဆန်းဦးက ပြောသည်။
ကန်ပေါင်အတွက် ငွေကြေးသုံးစွဲမှုနှင့်ပတ်သက်၍ သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ဆန်းဦးက ရရှိထားသည့် အလှူငွေ အသေးစိတ်စာရင်းကို ပြောကြားပြီး ယခုလိုဖြေကြား ခဲ့သည်။
မိုးတစ်ကြိမ်ရွာအပြီး တွေ့ရသည့် ကိုမောက်ရှုခင်းကြည့် တောင်ကုန်းငယ်၏ လက်ရန်များ Photo-Than Htike
”ကျွန်တော်ရှင်းပြတဲ့ခေါင်းစဉ်က ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ပုဂံဘုရားတွေ ပြုပြင်ဖို့အတွက် ခေါင်းစဉ်ကို ပြောပြတာနော်။ အဲဒီအတွက်ပဲ ကျွန်တော်တို့က ဒီငွေက အဲဒီ ခေါင်းစဉ်အတွက်ပဲ သုံးလို့ရမှာပေါ့။ အဲဒီလိုပဲ ကျွန်တော် ဆိုလို တာပါ။ ဒီငွေနဲ့ သူတို့(ကန်ပေါင်ဖို့တာ)လုပ်နေတာတော့ မဟုတ် ဘူးဗျ”
ထို့ပြင် ကန်ပေါင်မြေဖို့ခြင်းလုပ်ငန်းတွင် ဘုရားအတွက် ငွေကို သုံးနေခြင်းသည် ဝန်ကြီးဌာနက ခွင့်ပြုခြင်းဟုတ်၊ မဟုတ် မေးမြန်းရာ ”မဟုတ်ဘူး”ဟု ထပ်မံဖြေခဲ့သည်။
အလှူငွေ ဦးဆောင်ကောက်ခံနေသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အထက်ပါအတိုင်းဖြေကြားသော် လည်း မ္တနလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲမှုကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ဦးစိုးတင့်ကတော့ ယခုလိုပြောသည်။
”(မ္တနလေး)တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဘုရား ပြင်ဖို့ စုပေါင်းအလှူငွေထဲကပဲ ဒီဟာ(ကန်ပေါင်ဖို့တာ)ကို သုံး လိုက်တာပေါ့”
ဦးစိုးတင့်သည် ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးလည်း ဖြစ်သည်။
ဒုတိယအမြဲတမ်းအတွင်းဝန်က ယင်းငွေသုံးစွဲမှုကို မသိရှိ သည့်အပြင် ဒေသခံပြည်သူများလည်း မသိရှိခဲ့ပေ။
ပုဂံတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်နေသည့် ပုဂံ သား ဦးဝင်းမောင်ကို ယင်းသို့ငွေကြေးသုံးစွဲခြင်းအပေါ် မည်သို့ သဘောထားရှိသနည်းဟု မေးကြည့်ရာ ချက်ချင်းပင် ”ဟုတ်ရဲ့ လား”ဟု ပြန်မေးပြီး ဤသို့ပြောသည်။
”ဒါကတော့ အရမ်းမှားတယ်ဗျ။ ဒီငွေကြေးတွေကို တစ် ဖက်လှည့်နဲ့ ဒီလိုသုံးစွဲတာက ဒါ မလုပ်သင့်တဲ့ အလုပ်ပဲ”
မ္တနလေးတိုင်းဒေသကြီးအစိုးရသည် ယခုပျက်စီးနေသည့် ကိုမောက်ကန်ပေါင်အတွက် သိန်း ၅ဝဝ ကျော် (ကျပ် ၅၃၄ သိန်း ) သုံးရန် ခွင့်ပြုခဲ့သည်။
ပုဂံငလျင်ကြောင့် ပျက်စီးခဲ့ရသည့် ဘုရားများအတွက် အလှူငွေကို ရန်ကုန်၊ နေပြည်တော်၊ညောင်ဦးနှင့် မ္တနလေး တို့တွင် အလှူခံဌာန ဖွင့်လှစ်ကောက်ခံခဲ့ရာ မ္တနလေးမှ အလှူငွေ ၉၃ သိန်းကျော် ရရှိခဲ့သည်။ ထို့ကြောင့် ကိုမောက်ကန်ပေါင် အတွက် အသုံးပြုသည့်ငွေမှာ မ္တနလေးတွင် ကောက်ခံရရှိထား သည့် ပုဂံဘုရားများ ပြုပြင်ရန် အလှူငွေထက် ငါးဆကျော် ပို များသည်။
ဘုရားများပြုပြင်မည့်အလှူငွေထဲမှ အခြားသော ကန် ပေါင်များကိုလည်း ဆက်လက် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။
စူဠာမဏိကန်နှင့် ညောင်လက်ဖက်ကန်ကိုတော့ သိန်း ၁,ဝ၈၂ နှင့် ၂၉ဝ သိန်း တို့ အကုန်အကျခံ ဆောင်ရွက်နေကြောင်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။
အခြားသော ကန်တစ်ကန်ဖြစ်သည့် သူဌေးကန်ကိုလည်း ယင်းကန်များ ပြီးစီးလျှင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယခုဖွင့်လှစ်ပြီးစီးသည့် ကိုမောက်ကန်သည် လွန်ခဲ့သည့် နှစ် ၁ဝဝ ကျော်က ကန်ဖြစ်ပြီး ကျန်ကန်များကတော့ ပုဂံခေတ်က တည်းက ရှိခဲ့ကြသည့် ရှေးဟောင်းရေကန်များ ဖြစ်သည်။
မေလကုန်တွင် တွေ့ရသည့် ကိုမောက်ကန်ရှုခင်းကြည့် တောင်ကုန်းငယ် Photo- Kyi Soe(Nyaung Oo)
JICA နောက်ဆုတ်သွားတဲ့ စီမံကိန်း
ဒေါ်အောင်ဆန်းစုကြည် မပြောမီ ကန်ပေါင်များကိုမြေဖို့၍ ရှုခင်းကြည့်သည့် စီမံကိန်းကို စတင်အကောင်အထည်ဖော်ရန် ကြိုးပမ်းသူက ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (JICA) ဖြစ်သည်။
ညောင်လက်ဖက်ကန်ကိုဆယ်၍ ကန်ပေါင်များ မြှင့်ခြင်း အားဖြင့် ရေသိုလှောင်မှု ပိုကောင်းလာရန်နှင့် ရှုခင်းကြည့်ကုန်း အဖြစ် အကောင်အထည်ဖော်ရန် JICA က ကြိုးစားခဲ့သည်။
သို့သော်ရှေးဟောင်းသုတေသနဦးစီးဌာနက ယင်းကန် သည် သမိုင်းဝင်ကန်ဖြစ်သည့်အတွက် ယင်းကန်အစား နှစ် ၁ဝဝ ခန့်သက်တမ်းရှိသည့် ကိုမောက်ကန်ကိုသာ အကောင်အထည် ဖော်ရန် အကြံပြုခဲ့သည်။
ရှေးဟောင်းယဉ်ကျေးမှုဒေသတွင် စီမံကိန်းတစ်ခု အကောင်အထည်ဖော်လျှင် အမွေအနှစ်များ ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက် (HIA ) ပြုလုပ်ရသည်။
သယံဇာတရှိသောဒေသတွင် EIA/SIA လုပ်ရသလို ယဉ် ကျေးမှုအမွေအနှစ်ရှိသော ဒေသများတွင်လည်း နိုင်ငံတကာ စံနှုန်းများအရ HIA လုပ်ရသည်။
[EIA(Environmental Impact Assessment )-ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုကို ဆန်းစစ်ခြင်း၊ SIA (Social Impact Assessment )-လူမှုထိခိုက်မှုဆန်းစစ်ခြင်း၊HIA (Heritage Impact Assessment )-အမွေအနှစ်များ ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက်) ]
နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် JICA အနေဖြင့် HIA ပြုလုပ်ချိန်တွင် ယင်းစီမံကိန်းသည်ရှေဟောင်းအမွေအနှစ် များကို ထိခိုက်နိုင်သည့်အတွက် ရပ်ဆိုင်းခဲ့ကြောင်း JICA က အတည်ပြုပြောကြားခဲ့သည်။
သို့သော် ယင်းစီမံကိန်းကို မ္တနလေးတိုင်းဒေသကြီး ဝန် ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲမှုကော်မတီက ဆက် လက်အကောင်အထည်ဖော်ခဲ့သည်။
HIA အရခွင့်မပြုသည့်အပြင် ယင်းသို့မြေသားပေါင်များ ပြုလုပ်ခြင်းသည်လည်း ရှေရှည်အတွက် ကြံ့ခိုင်မှုရှိမည် မဟုတ် ကြောင်း ဒေါ်ဥမ္မာမျိုးက ထောက်ပြသည်။
ရေရှည်ကြံ့ခိုင်စေရန်မှာ အုတ်၊ ကျောက်တို့ဖြင့်မြေထိန်းနံ ရံတည်ဆောက်ရမည်ဖြစ်ပြီး ယင်းသို့ အခိုင်အမာ ကုန်းအတု တည်ဆောက်ခြင်းသည်လည်း ယဉ်ကျေးမှုအမွေအနှစ်မြင်ကွင်း ကို ပျက်စီးစေကြောင်း ဒေါ်ဥမ္မာမျိုးက ပြောသည်။
ကိုမောက်ကန် ရှုခင်းကြည့်တောင်ကုန်းငယ်ကို ဖွင့်လှစ်ပြီး သော်လည်း မြေသားများအိဆင်းလာမှုကြောင့် သုံးပေအမြင့် မြေထိန်းနံရံတည်ဆောက်ရန် စီစဉ်နေကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်ကပြောသည်။ ယင်းကန်အနီးတွင် လည်း ကျောက်တုံးများ ချထားသည်ကို တွေ့ ခဲ့ရသည်။
ယင်းသို့ဆည်းဆာကြည့်ရန် ပြုလုပ်ရာတွင် လာရောက် ကြည့်ရှုသည့် ဧည့်သည်များအတွက် အိမ်သာများ ဆောက်လုပ် ပေးခြင်း၊ ကားရပ်နားရန် ကွင်းများ ဆောက်လုပ်ပေးခြင်း၊ ဒေသ ခံများ၏ လှည်းများ၊ နွားများ သွားလာရန် စသည်တို့ကိုပါ ထည့်သွင်းစဉ်းစားပေးခြင်းများလည်း ပြုလုပ်ရမည်ဖြစ်သည်။
ယင်းသို့ အဘက်ဘက်က ထည့်သွင်းစဉ်းစားပြီး HIA စစ်ဆေးသည့်အဖွဲ့က မသင့်တော်သဖြင့် ကန့်ကွက်ခဲ့ခြင်းဖြစ် ကြောင်း ဒေါ်ဥမ္မာမျိုးက ရှင်းပြသည်။
ထို့ပြင်ယင်းကန်များကို အသေးစိတ်သုတေသန မလုပ် နိုင်သေးချိန်တွင် ယခုလိုကန်ပေါင်များအား မြေဖို့လိုက်ခြင်းသည် ယင်းကန်တို့အား ပျက်စီးစေကြောင်း ထောက်ပြသည်။
ယင်းဒေသရှိ ဓာတ်ပုံဆရာတစ်ဦးဖြစ်သည့် (ဦး)အညတရ ကုဋေကလည်း ယင်းသို့မြေဖို့လိုက်ခြင်းသည် ပုဂံခေတ်က အလှူ ရှင်များ ဆောက်လုပ်လှူဒါန်းထားသည့် ကန်ပေါင်များကိုပျက်စီး စေကြောင်းပြောသည်။
ပုဂံခေတ်အလှူရှင်များသည် ၎င်းတို့လှူဒါန်းထားသည့် အလှူကို အခြားသူများ ထပ်တူရစေရန် အမျှဝေလေ့ရှိသကဲ့သို့ ၎င်းတို့အလှူကို မဖျက်ဆီးစေရန်လည်း ‘မြေပုံလုံးမျှ ဘုရားတို့ ချွတ်ပါကလည်း မကျွတ်နိုင်သော ခြောက်ပြိတ္တာကြီး ဖြစ်စေ သတည်း၊ အမွေးမဲ့ အရေးမဲ့ဖြစ်ပါစေသတည်း’စသဖြင့် ကျိန်စာ များကို ကျောက်စာရေးထိုးခဲ့သည်။
ထို့ကြောင့် အညတရကုဋေက သူယုံကြည်သည့် အချက် တစ်ခုကို ယခုလို ပြောသည်။
”ပုဂံမှာ ရှိတဲ့ ကျိန်စာတွေ မကြောက်ဘူးလား၊ အဲဒီအမိန့် ထုတ်တဲ့လူတွေကို ကျွန်တော်တို့က ပြန်မေးရမှာလေ”
ယူနက်စကိုမှ ဒေါ်ဥမ္မာမျိုးကတော့ ၁၁ ရာစုတွင် ယင်းသို့ ဆည်မြောင်းများ တည်ဆောက်သည့် အတတ်ပညာသည် ထိုင်း နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင်ပင် မရှိသေးဘဲ အရှေ့တောင် အာရှတွင် ပုဂံတစ်ခုသာ ရှိနေခဲ့ကြောင်း ယခုလိုမှတ်ချက်ပြုသည်။
”အခုခေတ်မှာသာ ကျွန်မတို့က စုတ်ပြတ်သတ်ပြီး အောက်တန်းနောက်တန်းတွေ ကျနေတာ တစ်ချိန်တုန်းက ဘယ် လောက်အထိ ဒီလိုလုပ်နိုင်ခဲ့တယ်ဆိုတာကို ပြဖို့ အခွင့်အရေး တွေ ဆုံးရှုံးတော့မယ်”
အိုးထိန်းကုန်း
ယင်းကန်များအပြင် အရှေ့အိုးထိန်းကုန်းနဲ့ အနောက်အိုး ထိန်းကုန်းဟူသည့် ကုန်းနှစ်ကုန်းကိုလည်း ဆည်းဆာကြည့်ရန် ခွင့်ပြုထားသည်။
အရှေ့အိုးထိန်းကုန်းသည် ပေ ၂ဝ ခန့်မြင့်ပြီး တောင်ပူစာ တစ်ခုဖြစ်သည်။ ယခင်အချိန်ကတောင်မဟုတ်ဘဲ ယင်းနေရာ တွင် ခေတ်အဆက်ဆက်အိုးများဖုတ်ခဲ့ခြင်းကြောင့် တောင်ငယ် တစ်လုံးသဖွယ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ယင်းကုန်းပေါ်တွင်လက်တစ်ဆစ်၊ နှစ်ဆစ်ခန့်ရှိသည့် အိုး ခြမ်းကွဲများဖြင့် ပြည့်နှက်နေသည်။
အိုးထိန်းကုန်း၏သမိုင်းကိုတော့ ရှေးဟောင်းသုတေသန ပညာရှင် ဦးအောင်ကြိုင်က အခုလို ပြောပြသည်။
”၇ ရာစု အေဒီ ပျူခေတ်ကတည်းက အိုးထိန်းတောင်(ကုန်း)နေရာ”
ယင်းကုန်းနေရာမှ အိုးခြမ်းပဲ့ မြေကြီးနှင့် မီးသွေးတို့ကို သြစတြေးလျနိုင်ငံသို့ ပေးပို့စမ်းသပ်ခဲ့ပြီး ထိုသို့အဖြေပြန်ရခဲ့ ကြောင်း ဦးအောင်ကြိုင်က ရှင်းပြသည်။ ပုဂံမြို့ရိုးအနီးမှ နမူနာ မီးသွေးများကို စမ်းသပ်ခဲ့ရာတွင် ၁၂ ရာစုကဖြစ်ကြောင်း အဖြေ ထွက်ခဲ့သည်။
ပုဂံသည် ၁၁ ရာစုတွင် ကြီးကျယ်ထင်ရှားခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီ ရာစုနှစ်ပေါင်းများစွာကတည်းက လူများနေထိုင်ခဲ့ သည့် ကွင်းဆက်များကို ယင်းအိုးခြမ်းကွဲများကို လေ့လာခြင်းဖြင့် သိနိုင်မည်ဖြစ်ကြောင်း ဒေါ်ဥမ္မာမျိုးက ပြောသည်။
”သရေခေတ္တရာနဲ့ အပြိုင်ကလည်း ဒီမှာ ပျူရွာတွေရှိတယ် ဆိုတာ ကျွန်မတို့ Chronology (ခေတ်၊ ကာလသတ်မှတ်သည့် ပညာ)အရ ပြောကြတာတွေရှိတယ်။ သို့သော် ဒါတွေကို အထောက်အထားပြဖို့က ဒီလိုအိုးခြမ်းကွဲတွေက အရေးကြီးတယ်”
ယခုကဲ့သို့ ရှုခင်းကြည့်တောင်ကုန်းငယ်များ ပြုလုပ်လိုက် သဖြင့် ဧည့်သည်များ ရာထောင်နှင့်ချီပြီး တက်နင်းကြသည့် အချိန်တွင် ယင်းအိုးခြမ်းကွဲတို့ ပျက်စီးကြတော့မည်ဖြစ်ကြောင်း ၎င်းကထောက်ပြသည်။ ယင်းကုန်းများတွင် စက်ဘီးများဖြင့် လည်း တက်ကြကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် ဧည့်သည်များကလည်း အိုးခြမ်းကွဲတို့အား ရှေး ဟောင်းပစ္စည်းအနေဖြင့် ကောက်ယူနိုင်သဖြင့် ယင်းတို့အားလုံး ဆုံးရှုံးသွားတော့မည်ဖြစ်သဖြင့် ရှုခင်းကြည့်တောင်ကုန်းငယ်များ လုပ်ခြင်းသည် ”လုံးဝမလုပ်သင့် မလုပ်ထိုက်တဲ့ကိစ္စတွေ”ဟု ဒေါ်ဥမ္မာမျိုးက ပြောသည်။
အဖြေရှာခြင်း
မော်ကွန်းကတွေ့ဆုံခဲ့သည့် ဒေသခံများနှင့် ရှေးဟောင်း သုတေသနပညာရှင်များက ပုဂံဒေသတွင် ရှေးဟောင်းအမွေ အနှစ်များကို ထိခိုင်မှုနည်းစေပြီး နေထွက်ချိန်နှင့် နေဝင်ချိန်တို့ကို ကြည့်ရှုနိုင်မည့် နည်းလမ်းအမျိုးမျိုး ပြောပြကြသည်။
ပုဂံဒေသတွင် ဘုရားချည်းမဟုတ်ဘဲ ပြာသာဒ်များ၊ ကျောင်းများ၊ ဥမင်များ၊ ပိဋကတ်တိုက်များ၊ သိမ်များ၊ ကျောက် စာဂူများနှင့် ဂူသချုႋင်းများစသဖြင့် အဆောက်အအုံ အမျိုး အစားပေါင်း ၂၃ မျိုးရှိသည်။ ယင်းတို့ကိုလည်း စနစ်တကျ ဖွင့် လှစ်ပေးပြီး ဘုရားပေါ်တက်သည့် အဂါရဝ ဖြစ်စေမည့်အမှုကို ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။
ထို့ပြင် အချို့သော ဘုရားပုထိုးများသည်လည်း အသစ်ပြန် လည်တည်ဆောက်ထားခြင်းတို့ကြောင့် ရှေးဟောင်းတန်ဖိုး လျော့ပါးသွားပြီဖြစ်ရာ ၎င်းတို့ကိုဖွင့်လှစ်ပေးခြင်းဖြင့် ရှေးဟောင်း အမွေအနှစ်များ ထိခိုက်မှုလျော့နည်းသွားမည်ဟု ဆိုကြသည်။
ရှုခင်းကြည့်တောင်ကုန်းပေါ်မှ တွေ့ရသည့် ရှေ့ဟောင်းကိုမောက်ကန် Photo- Than Htike
နေထွက်ချိန်၊ နေဝင်ချိန်တို့ကို ကြည့်နိုင်ရန် ဘုရားတစ်ဆူ တည်း ဖွင့်လှစ်ခြင်းမဟုတ်ဘဲ ကြံ့ခိုင်သောဘုရားများကို အလှည့် ကျဖွင့်စေ၍ တက်ခွင့်လက်မှတ်ပါ ထပ်မံရောင်းချကာ စည်းကမ်း ချက်များဖြင့် လူဦးရေကိုထိန်းချုပ်လိုက်ခြင်းကလည်း အဆင်ပြေ စေမည်ဖြစ်ကြောင်း ပြောကြသည်။
”ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီ (ဘုရားပေါ်မတက်စေ ချင်တဲ့)ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် သူတို့က အဲဒီလို (ကန်ပေါင် ကို မြေဖို့တာ)လုပ်တယ်။ ဒါပေမဲ့ ဒီဟာသည် မှန်ကန်တဲ့နည်းလမ်း မဟုတ်ဘူး”ဟု ယူနက်စကိုမှ ဒေါ်ဥမ္မာမျိုးက ပြောသည်။
ယင်းသို့ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒအပေါ် အကောင် အထည်ဖော်ရာတွင် နည်းလမ်းမကျသည့်အပြင် ငွေကြေးသုံးစွဲမှု အရလည်း သင့်လျော်မှုမရှိကြောင်း ထောက်ပြကြသည်။
မြန်မာနိုင်ငံသတင်းမီဒီယာရှေ့နေကွန်ရက် ဥက္ကဋ္ဌ တရား လွှတ်တော်ရှေ့နေ ဦးအောင်စိုးကတော့ရန်ပုံငွေတစ်ခု ခေါင်းစဉ် တပ်ထားပြီး အခြားနေရာတွင် သုံးစွဲပါကအပြစ်ရှိကြောင်း ပြောသည်။
”ပုဂံဘုရားဆိုသည်မှာ ဘုရားပြုပြင်ရုံတင်မဟုတ်သေး ဘူး၊ မြေအနေအထားတွေပါပြုပြင်မှ ဖြစ်မှာမို့လို့ သုံးပါတယ်လို့ သူ(သုံးစွဲလိုက်သူ)ကတော့ အဲဒီလို လွှဲမှာ။တကယ်ကတော့ အဲဒါ မဆိုင်ဘူး”
စစ်ကိုင်းကျောက်မျက်အသင်းရုံး ဆောက်ရန် ထုတ်ပေး ထားသည့် ငွေကျပ် သိန်း ၃,ဝဝဝ ကို ဝန်ထမ်းများအား ချေးငွေ အဖြစ် ချေးပေးလိုက်ခြင်းကြောင့် မြန်မာနိုင်ငံကျောက်မျက် အသင်းက တရားစွဲနေပြီ ဖြစ်ကြောင်း ဥပမာပေးသည်။
”ပြဿနာတက်တော့ အဲဒီပိုက်ဆံကို ပြန်ပေးတယ်။ ဒါပေ မဲ့ ဥပဒေအရ အလွဲသုံးစားလုပ်တာပဲ။ သူ့ကိုပေးထားတာက ရုံး ဆောက်ဖို့လေ။ ဘာမှ သူက ဒီပြင် ကိစ္စလုပ်လို့မရဘူး”ဟု ဦးအောင် စိုးက ပြောသည်။
သို့သော် ခေါင်းစဉ်တစ်ခုဖြင့် ကောက်ခံထားသည့် ငွေ များကို ယင်းကိစ္စပြီးစီးသည်ဆိုပါက စီမံခန့်ခွဲခွင့်ရှိသူများက ဆုံး ဖြတ်၍ သုံးပါက အသုံးပြု၍ ရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးက ပြောသည်။
ယင်းသို့ဘုရားများပြုပြင်ရန် လှူဒါန်းထားသည့်ငွေကို လုပ်ငန်းမပြီးစီးသေးဘဲ ကန်ပေါင်များဖို့ခြင်းအတွက် အသုံးချ သည့်အပေါ် ယူနက်စကိုမှ ဒေါ်ဥမ္မာမျိုးက အောက်ပါအတိုင်း မှတ်ချက်ပြုသည်။
”အလွဲသုံးစားတယ်လို့တော့ မပြောချင်ဘူး။ အလွဲသုံး တယ်လို့ပြောချင်တယ်။ စားတော့ မစားဘူးပေါ့။ ဒါပေမဲ့ အလွဲသုံး လိုက်တာ” ။ ။
၂၀၁၇-ဇွန်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၇)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
သန်းထိုက် ရေးသည်။