ရန်ကုန်-၂၀၂၃ ဧပြီ ၁၈ (မော်ကွန်း)
မနေ့က အာဏာသိမ်းစစ်ကောင်စီပြန်လွှတ်ပေးတဲ့ အကျဉ်းသားသုံးထောင်ကျော်မှာ နိုင်ငံရေးအကျဉ်းသား တစ်ဦးသာပါတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က မော်ကွန်းကိုပြောပါတယ်။
“ဦးကျော်ဝင်းတစ်ယောက်ပဲအတည်ပြုပေးလို့ရတယ်။ ကျန်နိုင်ကျဉ်းတစ်ဦးမှမပါဘူး။ ဦးကျော်ဝင်းက အသက်၇၅နှစ်အထက်ဖြစ်တယ်။ စေတနာရှိလို့မဟုတ်ဘူး၊ ဆန္ဒရှိလို့လွှတ်တာမဟုတ်ဘူး” လို့ သူကပြောပါတယ်။
ဦးကျော်ဝင်းဟာ NLD အစိုးရလက်ထက်က စီမံကိန်းနဲ့ စီဘဏ္ဍာရေးဝန်ကြီးဟောင်း တစ်ဦးဖြစ်ပါတယ်။
စစ်ကောင်စီဟာ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသားတွေကို အာဃာတကြီးကြီးထားပြီး ဖိနှိပ်တာဖြစ်တယ်လို့ဦးထွန်းကြည်က ဆက်ပြောပါတယ်။
“နိုင်ကျဉ်းတွေကို ဖိနှိပ်ရုံတင်မဟုတ်ဘူး၊ ထောင်ထဲမှာအဖွဲ့ဖွဲ့ပြီးတော့ လူ့အခွင့်ရေးကိုအဆိုးရွားဆုံး ဖိနှိပ်နေတယ်၊ ချိုးဖောက်နေတယ်။ သူတို့က ရန်ငါစည်းပြတ်တယ်။ နိုင်ကျဉ်းတွေက သူတို့အတွက်ရန်သူပဲ” လို့လည်းသူကဆိုပါတယ်။
အင်းစိန်ထောင်ကနေ မူးယစ်အမှုနဲ့ ပြန်လွတ်လာသူတစ်ဦးက ပြန်လွှတ်ပေးတဲ့အထဲ နိုင်ကျဉ်းတစ်ဦးမှ မပါဘူးလို့ပြောပါတယ်။
“မူးယစ်မှုတွေနဲ့ တပ်ပြေး၊ရဲပြေးတွေပဲလွှတ်တာ၊ ၅၀၅ တွေမပါဘူး။ နှစ်ရာကျော်ပဲ ပြန်လွှတ်တာ” လို့ သူကပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ခိုးဆိုးလုယက်တွေနဲ့ မူးယစ်အမှုတွေကိုပဲ လွတ်ငြိမ်းမှာပြန်လွှတ်ပေးတာဟာ ပြည်သူတွေအတွက် လုံခြုံမှုမရှိဘူးလို့ ဦးထွန်းကြည်က ဆိုပါတယ်။
“ဥပဒေစိုးမိုးမှုမရှိချိန်မှာ ဒီလိုမျိုးကောင်တွေကိုလွှတ်ပေးလိုက်တော့ ပြည်သူတွေက အိမ်ထဲမှာထိုင်နေရင်တောင် မလုံခြုံတော့တဲ့အနေအထားဖြစ်လာတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံး လုတာယက်တာတွေ၊ သတ်တာတွေများလာတယ်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွေမှာ ဒီလိုမျိုးကောင်တွေကို သူတို့ကလွှတ်ပေးပြီးတော့ တိုင်းပြည်ကို မပျက်ပျက်အောင်ဖန်တီးနေတာ သတိထားမိတယ်”လို့ သူကသုံးသပ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ မနေ့ကနှစ်ဆန်းတစ်ရက်မှာ အကျဉ်းထောင်အသီးသီးက အကျဉ်းသူ၊အကျဉ်းသား သုံးထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့တာပါ။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ မတရားဖမ်းဆီးခံထားရသူ ၂၁,၀၀၀ ကျော်ရှိပြီး ၁၇,၀၀၀ ကျော်ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဧပြီ ၁၂ရက်က ထုတ်ပြန်ချက်အရ သိရပါတယ်။
#Dailynews