စစ်ကိုင်း-၂၀၂၄ ဇန်နဝါရီ ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်းအတွင်းက တန့်ဆည်၊ ခမ်းပတ်နဲ့ ဝက်လက်မြို့နယ်တွေမှာ အခုလ ပထမတစ်ပတ်အတွင်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၂၀ ကျော်အထိ သေဆုံးခဲ့ပါတယ်။
မော်ကွန်းက ပြုစုထားတဲ့စာရင်းတွေအရ စစ်ကောင်စီလေတပ်ဟာ အခုလ ၄ ရက်က တန့်ဆည်မြို့နယ် စိန်နန်းရွာကို တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုလ ၇ ရက်မှာတော့ ခမ်းပတ်မြို့နယ်၊ ကနန်ရွာကို ဗုံးလေးလုံးကြဲခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စိန်နန်းရွာက ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးလေးဦးနဲ့ စုစုပေါင်း ငါးဦးသေဆုံးခဲ့ပြီး မနေ့က ကနန်ရွာကို တိုက်ခိုက်မှုမှာတော့ ကလေးငယ်တွေအပါအဝင် ဒေသခံ ၁၅ ဦးဝန်းကျင် သေဆုံးခဲ့တယ်လို့ အဲဒီရွာခံတွေကပြောပါတယ်။
“ထိခိုက်သေဆုံးပေါင်းရင် ၁၀ ယောက်ကျော်တယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဆေးကုသပေးထားတယ်။ ကြဲတာက စာသင်ကျောင်းထဲကြဲတာ၊ ကျတော့ ကျောင်းဘေးက အိမ်ကိုကျတာ။ ဘာတိုက်ပွဲမှမရှိဘူး” လို့ စိန်နန်းရွာခံတစ်ဦးက ဗုံးကြဲခံရတဲ့နေ့က အခြေအနေကို ပြောပါတယ်။
စစ်ကောင်စီလေတပ်ဟာ မနေ့က မနက်ပိုင်းမှာတော့ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့အနီးက ကနန်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းတက်နေတဲ့ ဒေသခံ ၁၅ ဦး သေဆုံးခဲ့တယ်လို့ ခမ်းပတ်ဒေသခံတွေက ပြောပါတယ်။
သေဆုံးမှုအရေအတွက်နဲ့ပက်သက်ပြီး မော်ကွန်းအနေနဲ့တော့ အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ မြေပြင်ကနေထိုးစစ်မဆင်နိုင်တော့တာကြောင့် လေကြောင်းကနေ ရမ်းသမ်းတိုက်ခိုက်မှုတွေလုပ်ဆောင်လာတာဖြစ်တယ်လို့ တန့်ဆည် ပကဖ တာဝန်ရှိသူတစ်ဦးကလည်းပြောပါတယ်။
စိန်နန်းရွာနဲ့ ကနန်ကျေးရွာတို့ကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း စိန်နန်းရွာက နေအိမ်ငါးလုံးနဲ့ ကနန်ကျေးရွာက နေအိမ် ၁၅ လုံး စုစုပေါင်း နေအိမ်အလုံး ၂၀ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ စိန်နန်းရွာနဲ့ ကနန်ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားတာမတွေ့ရသေးပေမယ့် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာတော့ ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာမရှိဘူးလို့ ငြင်းဆိုပြီး PDF တွေဝင်တိုက်လို့ ဒေသခံတွေသေဆုံးတယ်လို့ ဆိုကြပါတယ်။
ပုံစာ-စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားတဲ့ ကနန်ကျေးရွာဒေသခံများ။
Video-MDY image telegram