ပေါက်တော -၂၀၂၃ နိုဝင်ဘာ ၂၂ (မော်ကွန်း)
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီးဓားစာခံလုပ်ထားတဲ့ ဒေသခံတစ်ရာဝန်းကျင်ကို မနေ့ကနေ့လယ်ပိုင်းက ရခိုင့်တပ်တော် AA က ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရုပ်သံVideoနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပေါက်တောဒေသခံတစ်ရာဝန်းကျင်ကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ သူတို့တပ်စွဲထားတဲ့နေရာတွေမှာ အခုလ ၁၆ ရက်ကနေ မနေ့ကအထိ ဖမ်းဆီးထားခဲ့တာဖြစ်ပြီး AA က ဓားစာခံတွေကို ကယ်ထုတ်ဖို့ကြိုးစားရာမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိသလို ရခိုင့်တပ်တော် AA ဘက်ကလည်း တပ်ဖွဲ့ဝင်တချို့ ကျဆုံးကာ ဒဏ်ရာရခဲ့သူတွေလည်းရှိတယ်လို့ AA က ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ မနေ့က တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုသာမက တိုက်ပွဲမဖြစ်တဲ့ နေရာတွေကိုပါ ရေကြောင်းကော လေကြောင်းကပါ အတွဲလိုက်ဒုံးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ရခိုင့်တပ်တော် AA အနေနဲ့ အခုချိန်မှာ ကျန်ရှိနေသေးတဲ့ ပေါက်တောမြို့ပေါ်က ဓားစာခံတွေ လွတ်မြောက်ဖို့ ဆက်လက်ဆောင်ရွက်နေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဆက်လက်ချေမှုန်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို စစ်ကောင်စီတပ်တွေက ပြန်လည်ထိန်းချုပ်ခဲ့တာရှိပြီး ပေါက်တောမြို့တွင်း လုံခြုံရေးကင်းလှည့်တာကို ပစ်ခတ်ခဲ့တာတွေရှိတယ်လို့ပဲ ဒီနေ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာမှာ ပြောထားပါတယ်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ ရခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မော်ကွန်းအနေနဲ့ ဖုန်းနဲ့ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
ပုံစာ-ပေါက်တောမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ ဓားစာခံလုပ်ထားတဲ့ ဒေသခံတွေကို AAက ကယ်ထုတ်နေတဲ့မြင်ကွင်းများ။
Video-AA Info Desk