စက်သုံးဆီတန်းစီရင်းအချိန်ကုန်တာကြောင့် ဝင်ငွေအရနည်းလာပြီး စားဝတ်နေရေးကျပ်တည်းလာ

ရန်ကုန်-၂၀၂၃ ဒီဇင်ဘာ ၈ (မော်ကွန်း)

ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေမှာ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရတာကြောင့် အလုပ်လုပ်ချိန်နည်းပြီး စားဝတ်နေရေးအခက်တွေ့လာကြရတယ်လို့ အငှားယာဉ်မောင်း၊ ဆိုင်ကယ်ဘေးတွဲသမားတွေနဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်သူတွေကပြောပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြို့တွေက စက်သုံးဆီဆိုင်တွေမှာ အခုလ ၅ ရက်ကစလို့ ဆီပြတ်လပ်မှုတွေကြုံတွေ့ခဲ့ရပြီး လိုသလောက်ဝယ်လို့မရဘဲ အချိန်ကြာမြင့်စွာတန်းစီနေကြရတာပါ။

ရန်ကုန်မြို့တွင်းက ဓာတ်ဆီအသုံးပြုပြေးဆွဲနေတဲ့ တက္ကဆီသမားအများစုကတော့ ဆီဆိုင်တွေမှာ အချိန်ကုန်နေတာကြောင့် ကားဆွဲချိန်နည်းပြီး ဝင်ငွေနည်းလာတယ်လို့ ဆိုကြပါတယ်။

“ အချိန်တွေကုန်၊ ဆီရတော့လည်း လူကမရှိ၊ (ဝင်ငွေ)မကိုက်တာသုံးရက်လောက်ရှိပြီ။ ဆီဖိုးပဲပြန်ရတာပေါ့။ အုံနာခနဲ့ ကိုယ့်အတွက်က ဘာမှမရဘူးဖြစ်နေတာလေ။ အုံနာခကိုနောက်နေ့မှပေးမယ်ဆိုပြီး မနက်စောစောထဆွဲကြည့်၊ ခရီးသည်ကမရ၊ ဆီကုန်သွားလို့ ပြန်ထည့်နဲ့ သံသရာလည်နေတာ။ ဆီဖိုးကိုမနည်းပြန်ရှာနေရတာ” လို့ တာမွေမြို့နယ်မှာနေထိုင်တဲ့ အငှားယာဉ်မောင်းဖြစ်သူ ကိုအောင်က ပြောပါတယ်။

အခုတော့ အုံနာခမပေးနိုင်တာ ဆီပြတ်တဲ့နေ့ကတည်းကဆို သုံးရက်ရှိပြီလို့ သူကဆိုပါတယ်။

တက္ကဆီသမားတွေအပြင် ရန်ကုန်မြို့တွင်း ကားနဲ့သယ်ယူပို့ဆောင်ရေးတွေလုပ်နေတဲ့ လုပ်ငန်းတချို့လည်း ဆီရဖို့ တန်းစီနေရတာကြောင့် အရင်လောက် မပို့နိုင်တော့ဘူးလို့ ဆိုပါတယ်။

“ဆီတန်းနေရတာအချိန်ကုန်နေတာနဲ့ လမ်းကြောင်းကနည်းသွားတာပေါ့ဗျာ။ အစကတစ်ရက်ကို ရန်ကုန်မြို့တွင်းလမ်းကြောင်း ၁၀ ကြောင်းလောက် ပတ်သွားရတယ်။ အခုက ဆီတန်းရတာ သုံးနာရီလောက်ကြာတော့ တစ်ရက်ကို နှစ်ကြောင်းသုံးကြောင်းလောက်ပဲသွားနိုင်တော့တာပေါ့။ အလုပ်မတွင်တော့ဘူးပေါ့ဗျာ” လို့ တောင်ဥက္ကလာပ မြို့နယ်မှာရှိတဲ့ ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းတစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သူတို့ဆီက ပစ္စည်းတွေအချိန်မီပို့နိုင်ဖို့အတွက် ဆီမှောင်ခိုရောင်းတဲ့နေရာတွေ စုံစမ်းပြီး ရှာဝယ်ဖို့ လုပ်နေရတယ်လို့ သူကပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရေသန့်ပို့နေတဲ့ ကိုချစ်ကလည်း စက်သုံးဆီဆိုင်မှာ ဆီရဖို့တန်းစီနေရတာကြောင့် အရင်ကလောက်မပို့နိုင်တော့ဘူးလို့ ပြောပါတယ်။

“ဆီတန်းစီနေလို့ လောလောဆယ် ရေသန့်မပို့နိုင်သေးဘူးဗျ။ ဆီရမှပဲ ပို့နိုင်တော့မယ်ဗျ။ ဘေးတွဲဆိုတော့ ဆီဆိုင်တိုင်းမှာလည်း ထည့်လို့မရဘူး။ ရတဲ့ဆိုင်သွားတန်းစီရတော့ လူကအများကြီးပဲ။ အချိန်တွေကြာတာပေါ့။ ရေသန့်မှာတဲ့သူတွေကို တစ်ရက်လောက်ကြိုမှာထားဖို့ ပြောထားရတယ်” လို့ သူကဆိုပါတယ်။

လက်ရှိရန်ကုန်မြို့တွင်းမှာတော့ တချို့ဆီဆိုင်တွေမှာ လိုသလောက်ရပြီး တချို့ဆီဆိုင်တွေမှာတော့ အကန့်အသတ်နဲ့သာ ဝယ်ယူလို့ရတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

ဒီနေ့မှာတော့ စက်သုံးဆီဈေး အနည်းငယ်ပြန်ကျခဲ့ပြီး အောက်တိန်း 95တစ်လီတာကို ၂,၅၇၅ ကျပ်၊ 92 တစ်လီတာကို ၂,၄၆၅ကျပ်၊ ဒီဇယ်တစ်လီတာကို ၂,၂၁၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၂,၂၇၀ ကျပ်ရှိတယ်လို့ ရန်ကုန်မြို့တွင်းစက်သုံးဆီဆိုင်တချို့ကနေသိရပါတယ်။

စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာတော့ ဆီဆိုင်တချို့မှာရှိတဲ့ ဆီသယ်ယာဉ်မရောက်မီကာလအတွင်း ခေတ္တအရောင်းရပ်ထားပေမယ့် ပြည်တွင်းဆီလက်ကျန်အခြေအနေ၊ ပြည်ပက ဆီသင်္ဘောတွေဆိုက်ကပ်ထားမှုအခြေအနေနဲ့ ဆီဖြန့်ဖြူးပေးနိုင်မှုစွမ်းအားအရ ဆီပြတ်လပ်မှု မရှိနိုင်ဘူးလို့ ဆိုထားပေမယ့် လိုအပ်သည်ထက် ပိုမဝယ်ယူကြဖို့ ပြောထားပါတယ်။

Caption – စက်ဆန်းရှိစက်သုံးဆီဆိုင်များတွင်ဆီဝယ်ယူရန် ဒေါပုံဂျပန်တံတားပေါ်ထိ တန်းစီဆောင့်ဆိုင်းနေကြရသောယာဉ်များ

Video – Mawkun


"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."