ကောလင်း-၂၀၂၃ နိုဝင်ဘာ ၂၃ (မော်ကွန်း)
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို စစ်ကောင်စီတပ်တွေ လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်မှုတွေရှိပေမယ့် မြို့ပေါ်မှာ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေတော့ ယနေ့ထိရှိနေဆဲပါဗျ။ မနေ့ကပစ်ခတ်ခံရမှုမှာ ထိခိုက်မှုမကြားရသေးပါဘူးဗျ။ (ဒေသခံ)၃၅ ရာခိုင်နှုန်းက ညအိပ်ညနေ ရှိပါတယ်ဗျ။ ပုံမှန်ချိန်တွေမှာ ၇၀ ရာခိုင်နှုန်းခန့် လည်ပတ်လျက်ရှိပါတယ်ဗျ” လို့ လက်ရှိမြို့ပေါ်အခြေအနေကို ပြောပြပါတယ်။
ကောလင်းမြို့နယ်အတွင်းကူညီမှုတွေလုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်တဲ့ Kawlin info အဖွဲ့ရဲ့ ဒီနေ့မနက်က ထုတ်ပြန်ထားတဲ့ ရုပ်သံ Video တစ်ခုမှာလည်း မြို့တွင်းမှာ ဈေးတွေ၊ ဆိုင်ခန်းတွေနဲ့ ဒေသခံတွေ ပုံမှန်လည်ပတ်နေတာကို မြင်တွေ့ရပါတယ်။
အခုလ ၁၉ ရက်က စစ်ကောင်စီတပ်တွေဟာ ဝန်းသိုမြို့ကနေ ကောလင်းမြို့ထဲကို လက်နက်ကြီးနဲ့ သုံးကြိမ်ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့သေးတယ်လို့ ပြည်သူမှပြည်သူသို့-ကောလင်း အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ကောလင်းမြို့တွင်းမှာ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေပြီဖြစ်လို့ ဒေသခံတွေအနေနဲ့ မြို့ထဲ ပြန်နေထိုင်နိုင်ပြီလို့ အခုလ ၁၄ ရက်က ကြေညာခဲ့ပါတယ်။
အဲဒီကြေညာချက်ထုတ်ပြီးနောက် ဒေသခံတွေ ပြန်ဝင်ရောက်လာခဲ့ပြီး ဈေးဆိုင်တွေပြန်ဖွင့်တာ၊ ဆန်စက်၊ ဆီစက်၊ ခေါက်ဆွဲစက် စတဲ့ထုတ်ကုန်လုပ်ငန်းတွေလည်း စတင်လည်ပတ်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန MOHAI ထုတ်ပြန်ထားပါတယ်။
“အုပ်ချုပ်ရေးယန္တရားကို အကောင်ထည်ဖော်ဆောင်ရွက်နေလျက်ပါဗျ။ (စစ်ကောင်စီတပ်တွေ)မြေပြင်က ၁၁ရက်နေ့မှာတော့ စစ်ကြောင်းပြန်လည်ထိုးလာတာမျိုးရှိပေမယ့် စကစ ဘက်က အကျဆုံးဖြင့် ဆုတ်ခွာသွားပါတယ်ဗျ။ ဝေဟင်ကတော့ မြို့တွင်းတိုက်ခိုက်မှု မရှိသေးပါဘူး” လို့ ကောလင်း ပအဖကတာဝန်ရှိသူက ဆိုပါတယ်။
အခုလ ၁၁ ရက်က စစ်ကောင်စီတပ်တွေက ကောလင်းမြို့နဲ့ ကပ်လျက်မြို့ဖြစ်တဲ့ ကျွန်းလှမြို့နယ်ကနေ အင်အားနှစ်ရာကျော်နဲ့ စစ်ကြောင်းထိုးခဲ့ပေမယ့် ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား အယောက် ၈၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိတယ်လို့ NUG ကလည်း ထုတ်ပြန်ထားပါတယ်။
မန္တလေး-မြစ်ကြီးနား ရထားလမ်း၊ ကားလမ်းဆုံဖြစ်သလို ခရိုင်မြို့ကြီးလည်းဖြစ်တဲ့ ကောလင်းမြို့ကို အမှတ်(၁) စစ်ဒေသ၊ခရိုင်ကွပ်ကဲမှုအစီစဉ်နဲ့ KIA၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ PDFနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အခုလ ၆ ရက်က သိမ်းပိုက်ခဲ့တာပါ။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေက အောက်တိုဘာ ၂၇ ကစလို့ “၁၀၂၇ စစ်ဆင်ရေး”စတင်ကာ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီအပါအဝင် မြို့နယ်တချို့ကို သိမ်းပိုက်ထားသလို ကရင်နီပြည်နယ်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက “၁၁၁၁စစ်ဆင်ရေး” စတင်ကာ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။
ပုံစာ-Kawlin info အဖွဲ့က ထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်မှာ မြင်တွေ့ရတဲ့ ကောလင်းမြို့မြင်ကွင်းများ
Video – Kawlin info